ဝိတ်ကျဖို့အတွက် စားသုံးသင့်သော ပရိုတင်းကြွယ်ဝသည့် ဟင်းသီးဟင်းရွက်များ

ကိုယ်စိတ်နှစ်ဖြာ ကျန်းမာနိုင်ဖို့ ကျန်းမာရေးနဲ့ ညီညွတ်မှုရှိတဲ့ အစားအစာတွေကို ရွေးချယ် စားသုံးရပါမယ်။ ဒါ့အပြင် ကျန်းမာရေးနဲ့ ညီညွတ်မှုရှိတဲ့နည်းလမ်းနဲ့ ဝိတ်ကျနိုင်ဖို့ အာဟာရပြည့်ဝတဲ့အစားအစာကို စားသုံးနိုင်ဖို့ကလည်းအလွန်မှပင် အရေးကြီးတယ်လို့ ဆိုပေမဲ့ သတ်သတ်လွတ်စားသုံးသူတွေကတော့ မိမိစားတဲ့ အစားအစာမှ ပရိုတင်း ပြည့်ဝစွာ မရရှိတတ်ကြပါဘူး။
ပရိုတင်းက မရှိမဖြစ်လိုအပ်တဲ့ အာဟရတစ်မျိုးဖြစ်ပြီး သူက စွမ်းအင်ရရှိအောင်ကူညီနိုင်ကာ ခန္ဓာကိုယ်ထဲက ပျက်စီးနေတဲ့ ဆဲလ်တွေကို ပြုပြင်ပေးပြီး ဆဲလ်အသစ်ကိုလည်း ထုတ်လုပ်ပေးနိုင်ပါတယ်။ အစာအတွက်ကျေနပ်နှစ်သိမ့်မှုလည်း ရရှိနိုင်ပြီး အချိန်အကြာကြီး ဗိုက်ပြည့်တင်းမှု ရရှိနိုင်ပါတယ်။ အသားစားသူတွေက ကြက်သားနဲ့ ငါးလိုမျိုး အသားအမျိုးမျိုးမှ ပရိုတင်းကို အပြည့်အဝ ရရှိနိုင်ပေမဲ့ သတ်သတ်လွတ်စားသုံးသူတွေက ပရိုတင်းလုံလောက်အောင်ရရှိဖို့ ခက်ခဲနိုင်တာကြောင့် ပရိုတင်းကြွယ်ဝစွာပါဝင်တဲ့ ဟင်းသီးဟင်းရွက်တွေကို ဖော်ပြပေးလိုက်ပါတယ်။
#ဟင်းနုနယ်နှင့်ဘရိုကိုလီ။
ဟင်းနုနယ်နဲ့ ဘရိုကိုလီလိုမျိုး အစိမ်းရောင် ဟင်းသီးဟင်းရွက်တွေမှာ ပရိုတင်းပေါကြွယ်ဝစွာ ပါဝင်ပါတယ်။ချက်ပြီးသား ဟင်းနုနယ်တစ်ခွက်စာမှာ ပရိုတင်း ၆ ဂရမ် ပါဝင်တဲ့အပြင် ဗီတာမင် အေ၊ စီ၊ ကေ၊ သံဓာတ်၊ ဖောလိတ်နဲ့ ပိုတက်ဆီယမ်တွေ ပေါကြွယ်ဝစွာ ပါဝင်ပါတယ်။ အမျှင်လည်းများစွာပါဝင်တာကြောင့် အစာခြေစနစ်ကျန်းမာရေးကောင်းမွန်နိုင်တဲ့အပြင် ဝိတ်ကျဖို့ပါ ကူညီနိုင်ပါတယ်။
ချက်ပြီးသား ဘရိုကိုလီတစ်ခွက်စာမှာလည်း ပရိုတင်း ၅ ဂရမ်ပါဝင်တဲ့အပြင် အမျှင်၊ ကယ်ဆီယမ်၊ သံဓာတ်၊ ဆီလီနီယမ်၊ ဗီတာမင် စီနဲ့ ဗီတာမင် ကေ တွေ ပေါကြွယ်ဝစွာ ပါဝင်ပါတယ်။
#ဗံဒါစေ့။
ဗံဒါစေ့က ဝိတ်ကျဖို့အတွက် သင့်တော်တဲ့ အဆာပြေအစာ ဖြစ်ပါတယ်။ခွက် လေးပုံတစ်ပုံစာ ဗံဒါစေ့မှာ ပရိုတင်း ခုနစ် ဂရမ် ပါဝင်ပါတယ်။သူ့မှာ ပရိုတင်းအပြင် ဓာတ်တိုးဆန့်ကျင်ပစ္စည်း ပေါကြွယ်ဝစွာ ပါဝင်ပါတယ်။
#ပဲနီလေး။
ချက်ပြီးသား ပဲနီလေး ခွက်တစ်ဝက်စာမှာ ပရိုတင်း ၈.၈၄ ဂရမ် ပါဝင်တာမို့ ဝိတ်ကျလိုတဲ့ သတ်သတ်လွတ် စားသုံးသူတွေ မဖြစ်မနေ စားသင့်တဲ့ အစားအစာ ဖြစ်ပါတယ်။
#ဆင်ခေါင်းပဲ။
သူက ပရိုတင်းပါဝင်မှု များပြားရုံသာမက ကာဗိုဟိုက်ဒရိတ်၊ အမျှင်၊ ဖောလိတ်၊ သံဓာတ်၊ ပိုတက်ဆီယမ်၊ မဂ္ဂနီး နဲ့ ဖော့စဖရပ် တွေပါ ပေါကြွယ်ဝစွာ ပါဝင်တာကြောင့် ဝိတ်ချလိုသူတွေ ရွေးချယ်သင့်တဲ့ အစားအစာ ဖြစ်ပါတယ်။
#ကွီနိုဝါ။ Quinoa
သူက ဂလူတင် မပါဝင်တဲ့ ကောက်နှံဖြစ်ပြီး ပရိုတင်း ပါဝင်မှု အလွန်များပြားပါတယ်။ ချက်ပြီးသား ခွက်တစ်ခွက်စာမှာ ပရိုတင်း ၈ ဂရမ် ပါဝင်ပါတယ်။ ဒါ့အပြင် သံဓာတ်၊အမျှင်၊ မဂ္ဂနီဆီယမ်နဲ့ မဂ္ဂနီး လည်း ပေါကြွယ်ဝစွာ ပါဝင်ပါတယ်။

ဒေါက်တာခင်မိုးမိုး

Post Author: Good Health Journal