သက်ရှည်ကျန်းမာ စိတ်ချမ်းသာဖို့ ဒီ(၆) ချက်ကို လိုက်နာပါ

လူတိုင်းကျန်းမာပြီး အသက်ရှည် ချင်ကြပါတယ်။ ဒါကလည်း ခက်လား ဆိုရင် မခက်ပါဘူး၊ နေ့စဉ်လူနေမှုဘ၀ မှာ ဒီ (၆)ချက်ကို လိုက်နာနိုင်ရင် ကျန်းမာသက်ရှည်နိုင်မှာပါ။

(၁) သန့်ရှင်းပြီး အာဟာရပြည့်ဝတဲ့ အစားအစာကို ချင့်ချိန်စားသုံးပါ
စားစရာတွေမှာ သန့်ရှင်းဖို့က အဓိကပါ။ အာဟာရတန်ဖိုး ပြည့်ဝဖို့က လည်း အရေးကြီးပါတယ်။
အသင့်ထုပ်ပိုးထားတဲ့ အစားအ စာတွေက ယနေ့ခေတ်မှာ ပိုပြီးနေရာ ယူလာကြပါတယ်။ ဆား၊ သကြား၊ အဆီတွေများတဲ့ စားစရာတွေက ခန္ဓာ ကိုယ်တွင်း ဖြစ်စဉ်တွေကို ထိခိုက်စေ ပြီး နှလုံး၊ သွေးတိုး စတဲ့ ရောဂါတွေဖြစ် စေပါတယ်။ သင့် ခန္ဓာကိုယ်ကျန်းမာဖို့ အချိုရည်တွေ၊ ကစီဓာတ်များတဲ့ စားစရာ တွေကို ရှောင်နိုင်သလောက်ရှောင်ပြီး ဟင်းသီးဟင်းရွက်၊ အသီးအနှံ၊ lean ပရိုတင်းနဲ့ အမျှင်ဓာတ် ပါတဲ့ စားစရာတွေ များများစားပါ။

(၂) ကိုယ်လက်လှုပ်ရှားလုပ်ပါ
ငယ်စဉ်ကတည်းက အားကစား လိုက်စားသူဖြစ်ရင် ပိုပြီး အကျိုးများပါ တယ်။ ဒါပေမဲ့ အားကစားလုပ်ဖို့ နောက်ကျတယ်ဆိုတာလည်း မရှိပါဘူး။ သတ်မှတ်စံနှုန်းဖြစ်တဲ့ တစ်နေ့ကို မိနစ် သုံးဆယ်နဲ့ တစ်ပတ်ကို ငါးရက် လေ့ကျင့် ခန်းမလုပ်နိုင်ဘူးဆိုရင်တောင် တစ်နေ့ ကို ဆယ့်ငါးမိနစ်လောက် လှုပ်လှုပ်ရှား ရှားလုပ်ပေးတာက သက်တမ်းကိုဆွဲဆန့် နိုင်တယ်လို့ သုတေသီတွေက ဆိုထား ပါတယ်။ အားကစားလုပ်တာက သက် တမ်းရှည်စေတဲ့အပြင် အိုမင်းရင့်ရော် စေတဲ့ ဓာတ်တိုးပစ္စည်းတွေကိုလည်း တိုက်ဖျက်ပေးနိုင်ပါတယ်။ အိမ်မွေးခွေး လေးတွေနဲ့ လမ်းထွက်လျှောက်တာ၊ စက်ဘီးစီးတာ၊ ရေကူးတာ၊ တင်းနစ် ကစားတာ ဘယ်လိုအားကစားပဲဖြစ်ဖြစ် လုပ်ဆောင်ပါ။

(၃) မိတ်ဆွေအပေါင်းအသင်းထားပါ
လူမှုဆက်ဆံရေးကလည်း သက် ရှည်ကျန်းမာဖို့အထိုက်အလျောက် သက် ရောက်နေပါတယ်။ မိတ်ဆွေအပေါင်း အသင်းတွေနဲ့ကောင်းမွန်တဲ့ Relation­ships ဆောက်တည်ပါ။ သင့်ကိုချစ်ခင်တဲ့၊ သင်ချစ်ရတဲ့သူတွေနဲ့အချိန်ဖြုန်းပါ။ သင့် အနားမှာ သင့်ကို ရယ်မောပျော်ရွှင်စေတဲ့ လူတွေနဲ့ အချိန်ဖြုန်းပေးတာက စိတ်ဖိစီး မှုတွေကျစေပြီး အသက်ရှည်စေပါတယ်။

(၄) အိပ်ရေး၀၀အိပ်ပါ
အသက်အရွယ်မရွေး၊ လူတိုင်းအ တွက် အိပ်ချိန်အပြည့်အဝရဖို့ လိုအပ်ပါ တယ်။ ညစဉ်ညတိုင်း ကောင်းစွာအိပ်စက် အနားယူတာဟာ နှလုံးရောဂါနဲ့ စိတ်ဖိစီး မှုတွေကို ကျစေပါတယ်။ ဘယ်လောက် ပဲ စိတ်ညစ်စရာကိစ္စတွေရှိရှိ အိပ်ခါနီး မှာတော့ ဘာမှမတွေးပါနဲ့တော့။ အနည်း ဆုံးခြောက်နာရီကနေ ရှစ်နာရီရအောင် စိတ်ရောလူပါ အိပ်စက်အနားယူပါ။

(၅) စိတ်ဖိစီးမှုလျှော့ပါ
စိတ်ဖိစီးမှု ဆိုတာကတော့ လူတိုင်း မှာ အနည်းနဲ့ အများရှိကြပါတယ်။ စိတ် တိုဒေါသထွက်စေတဲ့အကြောင်းအရာ တွေကလည်း အများကြီးပါ။ ဒါပေမဲ့ ဒါတွေဟာ ကိုယ်ခံအားစနစ်ကို ကျစေပြီး စိတ်ကျဝေဒနာ ရစေပါတယ်။ ခန္ဓာကိုယ် တွင်း ရောင်ရမ်းတဲ့ဖြစ်စဉ်တွေ ဖြစ်ပေါ် ပြီး လူ့သက်တမ်းကို တိုစေပါတယ်။ စိတ် ဖိစီးမှုများတာက အရေးကြောင်းတွေ ဖြစ်စေမှုနဲ့လည်း ဆက်စပ်နေပါတယ်။ ဒါကြောင့် စိတ်ဖိစီးမှုဖြစ်စေတဲ့အရာတွေ ကို လျှော့နိုင်သလောက် လျှော့ချပါ၊ တရားထိုင်ပါ၊ စိတ်အပန်းဖြေပါ။

(၆) ဆေးလိပ်၊ အရက်ဖြတ်ပါ
သင်ဟာ ဆေးလိပ်သောက်သူ ဖြစ်တယ်ဆိုရင် ဖြတ်ဖို့ခဲယဉ်းပေမယ့် နောက်ကျတယ်ဆိုတာမရှိပါဘူး။ ဆေး လိပ်ဖြတ်လိုက်တာက သွေးတွင်း သွေး လည်ပတ်မှုကောင်းစေမယ်၊ သွေးဖိ အားကို ထိန်းနိုင်မယ်၊ ကင်ဆာဖြစ်နိုင် ခြေကိုလည်း လျော့နည်းစေပါမယ်။ အရက်သောက်တာကလည်း ဦးနှောက် နဲ့နှလုံးကိုထိခိုက်စေပြီး အရွယ်မတိုင် ခင် အိုမင်းရင့်ရော်စေပါတယ်။

ထူးဒါလီကိုကို (MPharm)

Post Author: Good Health Journal

Leave a Reply

Your email address will not be published. Required fields are marked *