သင့်မျက်နှာကို ကြည့်ပြီး အာဟာရဓာတ်ချို့တဲ့မှု ရှိ မရှိ စစ်ဆေးနည်း

လူအတော်များများက ဗီတာမင်တွေ ချို့တဲ့နေတတ်ကြပြီး ဒီချို့တဲ့တာဟာ တချို့ ကျန်းမာရေးပြဿနာတွေဖြစ်တဲ့ အဓိက အကြောင်းရင်းဖြစ်နေနိုင်ပါတယ်။ လွန်ခဲ့တဲ့ ၁၂ နှစ်ခန့်က ကမ်္ဘာတစ်ဝန်းမှာ ရှိတဲ့ ကလေးငယ် ရှစ်သန်းကျော် သေဆုံးရတာက ဗီတာမင် အေ ချို့တဲ့တာနဲ့ ဆက်စပ်နေပြီး လူကြီး ၁၀ သန်းကျော်က ဗီတာမင် ဒီ ချို့တဲ့တဲ့ ပြဿနာဖြစ်တယ်လို့ သိရပါတယ်။ ဒါကြောင့် သင်ဟာ မှန်ကြည့်တဲ့အခါမှာ အလှအပသက်သက် ကြည့်ရုံမဟုတ်ဘဲ သင့်ခန္ဓာကိုယ်မှာလည်း အာဟာရချို့တဲ့မှု ရှိ မရှိ သင့်မျက်နှာကို စစ်ဆေးကြည့်ရှုနိုင်ပါတယ်။

မျက်လုံးအစ်နေရင်
မျက်လုံးအစ်တာက များသောအားဖြင့် အိပ်ရေးမ၀တာကြောင့် ဖြစ်တတ်ပေမဲ့ ခန္ဓာကိုယ်ထဲမှာ အိုင်အိုဒင်းဓာတ် ချို့တဲ့နေရင်လည်း မျက်လုံးအစ်နေတတ်ပါတယ်။ အိုင်အိုဒင်းဟာ သိုင်းရွိုက်လုပ်ငန်းအတွက် အကူအညီရရှိနိုင်ပြီး မျက်လုံးအစ်တာ ကိုလည်း ပျောက်ကင်းစေနိုင်ပါတယ်။ ဒါကြောင့် မျက်လုံးအစ်တာသက်သာအောင် ဆားလျှော့စားပါ။ ပဲအမျိုးမျိုး၊ ပင်လယ်ထဲကထွက်တဲ့ ဟင်းရွက်(ဥပမာ ရေညှိရေမှော်၊ ကျောက်ပွင့်)လိုမျိုး အစားအစာတွေ စားပေးပါ။

နှုတ်ခမ်းအရောင်ဖျော့တော့နေရင်
သံဓာတ်ချို့တဲ့တာကြောင့် နှုတ်ခမ်းအရောင်ဖျော့တော့နေတတ်ပါတယ်။ သံ ဓာတ်ချို့တဲ့မှုမရှိအောင် ဟင်းနုနယ်လိုမျိုး အစိမ်းရင့်ရောင်ဟင်းသီးဟင်းရွက်တွေ များများစားပေးပါ။ စပျစ်သီးခြောက်၊ အညိုရင့်ရောင်ချောကလက်နဲ့ ပဲနီလေးလိုမျိုး အစားအစာတွေလည်း ပိုမိုစားသုံးပါ။

သွားဖုံးမှ သွေးထွက်နေရင်
သွားတိုက်ရင်း သွားဖုံးက သွေးထွက်နေတာက ခန္ဓာကိုယ်ထဲမှာ ဗီတာမင် စီ ချို့တဲ့တဲ့လက်္ခဏာပါ။ ဗီတာမင် စီ ချို့တဲ့တာကြောင့် အဆစ်ရောင်တာနဲ့ နှာခေါင်း သွေးယိုတာတွေပါ ဖြစ်တတ်ပါတယ်။ ဗီတာမင် စီ ပါဝင်မှုများတဲ့ အစားအစာတွေကို ပိုမိုစားသုံးရပါမယ်။

အသားအရောင်ဖြူဖပ်ဖြူလျော်ဖြစ်နေရင်
သင်ဟာ ဗီတာမင် ဘီ ၁၂ အလွန်ချို့တဲ့နေရင် သင့်အသားအရောင်ကလည်း ဖြူဖပ်ဖြူလျော်ဖြစ်နေတတ်တဲ့အပြင် မောပန်းလွယ်နိုင်ပါတယ်။ ဗီတာမင် ဘီ ၁၂ ဓာတ်ပြန်လည်ပြည့်ဝအောင် အားဖြည့်ဆေးသောက်သုံးတာ၊ ဒိန်ခဲ၊ ကြက်ဥလိုမျိုး အစားအစာတွေ စားသုံးပေးရပါမယ်။

ဆံသားခြောက်နေရင်
ဦးခေါင်းမှာ ဗောက်ထတာ၊ ဆံသားခြောက်သွေ့ပြီး ကျိုးလွယ်တာက ဗီတာမင် ဘီ ၇ နဲ့ ဘိုင်အိုတင် ချို့တဲ့တဲ့လက္ခဏာပါ။ နေကြာစေ့၊ ပဲအမျိုးမျိုး၊ အခွံမာသီး၊ ပဲစိမ်းနဲ့ မှိုတွေကို ပိုမိုစားသုံးရပါမယ်။

♥  ဒေါက်တာခင်မိုးမိုး ♥

Good Health Journal

Post Author: Good Health Journal

Leave a Reply

Your email address will not be published. Required fields are marked *