သင့်အရေပြားက အထိမခံတဲ့ Sensitive Type မှန်းသိနိုင်တဲ့ အချက် (၆) ချက်

အရေပြားက လူ့ခန္ဓာကိုယ်မှာ အကြီးမားဆုံး အင်္ဂါအစိတ်အပိုင်းလို့ ပြောလို့ရပါတယ်။ ကိုယ်ခန္ဓာကိုယ်ကြီး အပူအအေးမျှတအောင် ထိန်းညှိပေးတာ၊ ကိုယ်တွင်းအင်္ဂါတွေကို ကာကွယ်ပေးတာ စတဲ့ လုပ်ငန်းဆောင်တာတွေကိုလည်း ထမ်းဆောင်ပေးပါတယ်။ လူတစ်ဦးနဲ့ တစ်ဦးမှာ အရေပြားရဲ့ Sensitivity က မတူကြပါဘူး။ ဥပမာ – နေရောင်ဒဏ်ခံရပြီး တချို့လူမှာ ခဏနဲ့ ပြန်ကောင်းပေမဲ့ တချို့မှာတော့ အတော်ကြာမှ ပြန်ကောင်းတာမျိုးရှိပါတယ်။

Sensitive Skin

အထိမခံတဲ့အသားအရေကို လူအများသတ်မှတ်ထားတာကတော့ အလွယ်တကူ ယားယံတာ၊ နီမြန်းတာ၊ နာကျင်လွယ်တာကို ခေါ်ကြပါတယ်။ တချို့အလှကုန်ပစ္စည်းတွေ လူအတော်များများနဲ့ တည့်ချင်တည့်မယ်၊ ဒါပေမဲ့ သင်အသုံးပြုတဲ့အခါ ယားတာ၊ နီမြန်းတာနဲ့ ဝက်ခြံတွေထိ ဖြစ်လာတတ်ပါတယ်။ တစ်ခါတလေ လေထုမသန့်တာ၊ ပတ်ဝန်းကျင်အခြေ အနေကြောင့်လည်း အခန့်မသင့်ရင် အရေပြားမှာ ထိခိုက်တတ်ပါတယ်။ Sensitive Skin နဲ့ လွဲမှားတတ်တဲ့ အရေပြား အခြေအနေတွေလည်းရှိပါတယ်။ ဒါတွေကတော့ Eczema (ခေါ်) နှင်းခူလိုမျိုး အရေပြား ရောင်ရမ်းတတ်တဲ့ ရောဂါရှိနေတာ၊ ဝက်ခြံနီပိုးရှိနေတာနဲ့ Allergic Contact Dermatitis တွေကိုလည်း Sensitive Skin နဲ့ မှားတတ်ပါတယ်။

Sensitive Skin မှန်းသိနိုင်တဲ့ အချက်တွေကတော့ –

(၁) ရေမွှေး၊ အမွှေးရနံ့၊ ကိုယ်သုံးဆပ်ပြာ၊ အဝတ်လျှော်ဆပ်ပြာမှုန့်၊ အိမ်သုံးကုန်တွေနဲ့မတည့်တာ၊ အပူဒဏ်၊ အအေးဒဏ်နဲ့ လေတိုက်ရင်တောင် အလာဂျီ ဖြစ်တတ်ပါတယ်။

(၂) အရေပြားနီမြန်းတာကို အထိုက်အလျောက်ခံစားရနိုင်ပါတယ်။ ဒီမှာ အဖုအပိမ့်တွေထွက်တာ၊ Telangiectasias ဆိုတဲ့ ဆံခြည်မျှင်သွေးကြော ဖောင်းပွတာတွေ ဖြစ်တတ်ပါတယ်။

(၃) အရေပြားက မကြာခဏ ယားယံတာခံစားရနိုင်ပါတယ်။ အထူးသဖြင့် ပြင်းထန်တဲ့ ဓာတုပစ္စည်းပါဝင်တဲ့ တစ်ကိုယ် ရေသုံးပစ္စည်းတွေသုံးမိတဲ့အခါမျိုးမှာ ပိုသိသာပါတယ်။ လေထုက အေးပြီး ခြောက်သွေ့တဲ့အခါမှာလည်း ယားယံတတ်ပါတယ်။ ဒီအခါမှာ မကုတ်ဖို့လိုပါတယ်။ အရေပြားအခြေအနေကို ပိုဆိုးစေပြီး ပိုးဝင်စေနိုင်လို့ပါ။ အလွန်အမင်းယားယံတယ်ဆိုရင်တော့ အရေပြားဆရာဝန်ဆီမှာ ကုသမှုခံယူပါ။

(၄) အရေပြား စူးတာ၊ ပူလောင်တာ ဖြစ်တတ်ပါတယ်။ များသောအားဖြင့် ဂျယ်လ်၊ အယ်လ်ကိုဟောပါဝင်တဲ့ Products တွေ၊ ဝက်ခြံနဲ့ အိုမင်းရင့်ရော်တာကို ကာကွယ်ဖို့ Products တွေနဲ့ ထိတွေ့တဲ့အခါဖြစ်တတ်ပါတယ်။ ဒီလိုဖြစ်တယ်ဆိုရင် ဒီကုန်ပစ္စည်းတွေကို ဆက်အသုံးမပြုပါနဲ့။

(၅) Sensitive Skin အများစုက အရေပြားခြောက်ပါတယ်။ ဒီအခါ အဖတ်လိုက်ကွာတာ၊ လန်တာ ဖြစ်စေပါတယ်။ ဒါက အရေပြားကို အထိမခံ ဖြစ်စေပါတယ်။ အေးပြီး ခြောက်သွေ့တဲ့ရာသီဥတုမှာ အစိုဓာတ်ထိန်းပေးပြီး ဓာတုပစ္စည်း ပြင်းပြင်းတွေမပါတဲ့ လိုးရှင်းလိမ်းပေးပါ။

(၆) နောက်တစ်ချက်က နေလောင်လွယ်တာပါ။ အရေပြားက ခြောက်ပြီး ရောင်ရမ်းနေတယ်ဆိုရင် နေလောင်ထိတာက ပိုဆိုးပါတယ်။ နေရောင်ထဲသွားမယ်ဆိုရင် SPF 30 နဲ့အထက်ပါဝင်တဲ့ နေလောင်ကာခရင်မ်လိမ်းတာ၊ ဦးထုပ် ဆောင်းတာ၊ ထီးဆောင်းတာတွေ လုပ်ပေးရပါမယ်။

 

#ထူးဒါလီကိုကို (M. Sc. in Pharm) 

Post Author: Good Health Journal

Leave a Reply

Your email address will not be published. Required fields are marked *