သည်းခြေအိတ်ထုတ်ထားသူတွေက ဘာရှောင်သင့်သလဲ၊ ဘာစားသင့်သလဲ

သည်းခြေအိတ်အတွင်း သည်းခြေကျောက်တွေ များတာကြောင့် ဒါမှမဟုတ် နာတာရှည်ရောင်ရမ်းမှုဖြစ်တာကြောင့် သည်းခြေအိတ်ထုတ်ထားရသူတွေဟာ သည်းခြေအိတ်မရှိဘဲ အသက်ရှင်နေထိုင်ပေမယ့် အစာခြေစနစ်ပေါ်မှာတော့ သက်ရောက်မှု ရှိပါတယ်။ အထူးသဖြင့် အဆီစားတဲ့အခါမှာ ဂရုစိုက်ဖို့ လိုအပ်ပါတယ်။ ဘာလို့လဲဆိုတော့ အသည်းက ထုတ်လုပ်တဲ့ သည်းခြေရည်တွေက သည်းခြေအိတ်ထဲမှာ သိုလှောင်ထားပြီး သင်က အဆီပါတဲ့အစားအစာကို စားလိုက်တဲ့အခါမှာ သည်းခြေအိတ် ထဲမှ သည်းခြေရည်တွေ ထွက်လာပြီး အဆီကို ချေဖျက်ပေးပါတယ်။ သင့်မှာ သည်းခြေအိတ်မရှိတော့တဲ့အတွက် အဆီကို ချေဖျက်နိုင်တဲ့ သည်းခြေရည်တွေလည်း မရှိတော့ပါဘူး။ အသည်းက ထွက်လာတဲ့ သည်းခြေရည်တွေက အူမကြီးထဲကို တိုက်ရိုက်ရောက်သွားပြီး ၀မ်းပျက်တာနဲ့ ဗိုက်အောင့်တာတွေတောင် ဖြစ်လာနိုင်ပါတယ်။ သိုလှောင်ထားတဲ့ သည်းခြေရည်မရှိတော့တဲ့အတွက် အဆီကို စိတ်ကြိုက် စားသုံးလို့ မရတော့တာကြောင့် အောက်ပါအစားအစာတွေကို ရှောင်သင့်ပါတယ်။

ရှောင်သင့်သောအစားအစာများ

၁။ ဆီကြော်စာများ
သင့်မှာ သည်းခြေအိတ်မရှိတော့တဲ့အတွက် အဆီတွေကို ချေဖျက်နိုင်စွမ်းရည် ကျဆင်းသွားတာကြောင့် ကျန်းမာရေးကောင်းမွန်စေတဲ့ အဆီတွေကို ချေဖျက်နိုင်ဖို့ သည်းခြေရည်တွေကို ချွေတာရပါတော့မယ်။ ဒါကြောင့် အာလူးချောင်းကြော်၊ ကြက် သားကြော်၊ ငါးကြော်၊ ဘူးသီးကြော်၊ စမူဆာ အစရှိတဲ့ ဆီများများနဲ့ ကြွပ်အောင် ကြော်ရတဲ့ အစားအစာတွေကိုအားလုံးကို ရှောင်သင့်ပါတယ်။

၂။ အဆီများသောအစားအစာများ
အဆီများတဲ့အစားအစာဆိုတာကတော့ အစာစားပြီး ပါးစပ်သုတ်လိုက်ရင် လက်သုတ်ပ၀ါမှာ ဆီများများ စွန်းသွားတာကို ဆိုလိုတာပါ။ ဥပမာအားဖြင့် လက်ဖက်သုပ်၊ ဆီပြန်ဟင်း၊ ဘေကွန်၊ ပီဇာ၊ ချိစ်၊ အဆီများတဲ့အသားတွေပါ။

၃။ ဟင်းသီးဟင်းရွက်ဆီ
ကိုယ်ခန္ဓာကျန်းမာရေးကောင်းမွန်စေဖို့အတွက် အိုမီဂါ ၆ ဖက်တီးအက်စစ်နဲ့ အိုမီဂါ ၃ ဖက်တီးအက်စစ်အချိုးအစားက ညီညွတ်မျှတစွာ ရရှိဖို့ လိုအပ်ပါတယ်။ သည်းခြေအိတ်မရှိဘဲ ခန္ဓာကိုယ်က အဆီကို စုပ်ယူရမှာဖြစ်တဲ့အတွက် အိုမီဂါ ၆ ဖက်တီးအက်စစ်များစွာပါဝင်တဲ့ အစားအစာတွေကို အကန့်အသတ်နဲ့သာ စားဖို့ လိုအပ်ပါတော့တယ်။ ဟင်းသီးဟင်းရွက်ဆီတွေဖြစ်တဲ့ ပြောင်းဖူးဆီ၊ ပဲပိစပ်ဆီ၊ နေကြာဆီ၊ ကန်နိုလာဆီတွေမှာ အိုမီဂါ ၆ တွေ များစွာ ပါဝင်တဲ့အတွက် ရှောင်ရှားသင့်ပါ တယ်။

၎။ အဆင်သင့်အစားအစာများ
ဒီအစားအစာတွေမှာ သကြားနဲ့ ဖွပ်ဖွပ်ဖြူအောင် ဖွပ်ထားတဲ့ ဂျုံတွေ များစွာ ပါဝင်တဲ့အတွက် အ၀လွန်တာ၊ ဆီးချိုရောဂါဖြစ်တာနဲ့ နှလုံးသွေးကြောရောဂါဖြစ်နိုင်ခြေတွေများတဲ့အပြင် အိုမီဂါ ၆ ဖက်တီးအက်စစ်လည်း များပြားသွားနိုင်ပါတယ်။ ဒါကြောင့် ဒီအစားအစာမျိုးတွေဖြစ်တဲ့ ကိတ်မုန့်၊ ကွတ်ကီ၊ ခရက်ကာ၊ အာလူးကြော်တွေကို ရှောင်သင့်ပါတယ်။

၅။ တစ်ကြိမ်တည်းနှင့် အစာပမာဏများများစားခြင်း
အစာပမာဏ များများစားတာက အစာနည်းနည်းပဲ စားတာထက် အစာခြေစနစ်ပေါ်မှာ ဖိအားသက်ရောက်မှု ပိုများပါတယ်။ အစာပမာဏများများစားတာကြောင့် အူလမ်းကြောင်းတစ်လျှောက် ကျုံ့နိုင်ဆံ့နိုင်အား ပိုများလာတဲ့အတွက် ဗိုက်အောင့်တာနဲ့ ၀မ်းပျက်တာတွေဖြစ်လာနိုင်ပါတယ်။ ဒါ့အပြင် သည်းခြေအိတ်မရှိတဲ့အတွက် အဆီကို ချေဖျက်နိုင်စွမ်းလျော့နည်းသွားတာကြောင့် တစ်ကြိမ်ကို ပမာဏနည်းနည်းနဲ့ မကြာခဏသာ စားသုံးသင့်ပါတယ်။

စားသင့်သောအစားအစာများ

♦ အလွယ်တကူ အစာချေဖျက်နိုင်တဲ့အစားအစာ တွေဖြစ်ရပါမယ်။ ဒါမှ အနာကျက်နှုန်းလည်း မြန်ဆန်နိုင်မှာပါ။ ငှက်ပျောသီး၊ စွပ်ပြုတ်ရည်၊ ကြက်ဥ၊ ငါးပြုတ်၊ ကြက်ပြုတ်၊ ဆန်ပြုတ်၊ ထမင်းပျော့ပျော့နဲ့ ပေါင်းထားတဲ့ ဟင်းသီးဟင်းရွက်တွေဟာ သည်းခြေအိတ်ကို ခွဲစိတ်ပြီးပြီးချင်း စားသင့်တဲ့အစားအစာတွေပါ။ ဟင်းသီးဟင်းရွက်တွေကိုပေါင်းပြီး စားတာက သည်းခြေအက်စစ်နဲ့ ပူးပေါင်းနိုင်စွမ်း တွေ ပိုမိုကောင်းမွန်တယ်လို့ သုတေသီတွေက တွေ့ရှိခဲ့ပါတယ်။ သည်းခြေအက်စစ်နဲ့ ဟင်းသီးဟင်းရွက်တွေ ပူးပေါင်းတဲ့အတွက် သည်းခြေရည်တွေကလည်း အူမကြီး ထဲကို တိုက်ရိုက်မရောက်ရှိတာကြောင့် ၀မ်းမပျက်အောင်လည်း ကာကွယ်ပြီးသား ဖြစ်သွားပါတယ်။ ဂေါ်ဖီထုပ်၊ အစိမ်းရောင်ပန်းဂေါ်ဖီ၊ ငရုတ်ပွသီး၊ ကိုက်လန်၊ မုန်ညှင်း တွေက သည်းခြေအိတ်ခွဲစိတ်ထားသူတွေ ပေါင်းပြီးတော့ စားသင့်တာတွေပါ။

♦ ရေမှာပျော်ဝင်နိုင်တဲ့ အမျှင်ဓာတ်များစွာ ပါဝင်တဲ့အစားအစာ တွေကိုလည်း စားသုံးသင့်ပါတယ်။ ဒီအမျှင်ဓာတ်တွေက သည်းခြေအက်စစ်တွေနဲ့ အလွယ်တကူ ပူးပေါင်းနိုင်တာကြောင့်ပါ။ ပန်းသီး၊ ငှက်ပျောသီး၊ ပဲအမျိုးမျိုး၊ ဘလူးဘယ်ရီ၊ မုန်လာဥနီ၊ ဂရိတ်ဖရုသီး၊ ကြက်သွန်နီ၊ လိမေ်္မ်ာသီး၊ ပန်းသစ်တော်၊ ဆီးသီး၊ စတော်ဘယ်ရီသီးနဲ့ အုတ်စပါးတွေမှာ ရေမှာပျော်ဝင်တဲ့အမျှင်ဓာတ်တွေများစွာ ပါဝင်တဲ့အတွက် သည်းခြေအိတ်ခွဲစိတ်ထားသူတွေ စားသင့်တဲ့အစားအစာဖြစ်ပါတယ်။

♦ အသားဓာတ်
အသားတွေကို အစာချေဖျက်ဖို့အတွက် သည်းခြေအိတ်မလိုအပ်ပါဘူး။ ဒါကြောင့် အသားများများစားပြီးတဲ့အခါမှာ အစာခြေစနစ်က ဘာလက်္ခဏာမှ ပြမှာမဟုတ်ပါဘူး။ ဒါပေမဲ့ အဆီများတဲ့အသား(ဥပမာ ၀က်သား၊ အမဲသား)တွေ စားမယ်ဆိုရင် အဆီတွေကို ဖယ်ရှားပြီးမှသာ စားသုံးသင့်ပါတယ်။

♦ ကျန်းမာရေးနှင့်ညီညွတ်သောအဆီများ
သည်းခြေအိတ်မရှိတဲ့အတွက် အဆီကို အကန့်အသတ်နဲ့သာ အစာချေဖျက်နိုင်တာကြောင့် ကျန်းမာရေးနဲ့ ညီညွတ်တဲ့အဆီတွေကို ဦးစားပေး စားသုံးသင့်ပါတယ်။ ထောပတ်သီး၊ သံလွင်ဆီ၊ ငါး၊ သစ်ကြားသီးနဲ့ ဗာဒံစေ့လိုမျိုး အစေ့အဆန်တွေမှာ ကျန်းမာရေးနဲ့ ညီညွတ်တဲ့ အိုမီဂါ ၃ အဆီတွေ များစွာပါဝင်လို့ စားသုံးသင့်ပါတယ်။

♦ အစာပမာဏ နည်းနည်းသာ စားပါ။ တစ်ခါစားရင် နည်းနည်းစီသာ စားပါ။
သင့်ခန္ဓာကိုယ်က သည်းခြေအိတ်မရှိတော့တဲ့အတွက် အစာပမာဏနည်းနည်း သာ စားသုံးတာက အစာခြေစနစ်ကို ဒုက္ခပေးရာမရောက်တော့ပါဘူး။

♥ ဒေါက်တာခင်မိုးမိုး ♥
Good Health Journal

Post Author: Good Health Journal

Leave a Reply

Your email address will not be published. Required fields are marked *