“သားအိမ်တွင်းထည့်ပစ္စည်းနှင့် ကြိုးစပြဿနာ”

သားအိမ်ထဲထည့်တဲ့ပစ္စည်း ဆိုတာ နှစ်ရှည်ခံကိုယ်ဝန်တားနည်းတစ်ခု ဖြစ်ပါတယ်။ နှစ်ကာလအားဖြင့် ၅နှစ်ကနေ ၁၀နှစ်ခံအထိ ရှိတယ်။ ဈေးလည်းသက်သာတယ်။ နောက်ပြီး တစ်လတစ်ခါ ရာသီပေါ်တယ်။ လက်မောင်းထဲပစ္စည်းထည့်တာက အများအားဖြင့် သွေးမပေါ်တတ်ဘူး။ ဘာရောဂါမှမဖြစ်စေဘူးဆိုပေမယ့် ကျွန်မက သွေးပေါ်မှကြိုက်တာ ဆိုတဲ့ အမျိုးသမီးတွေအနေနဲ့ ဒီသားအိမ်ထဲထည့်တဲ့ပစ္စည်းက ပိုအဆင်ပြေမယ်။

 

ခေါင်းမူးတာ၊ ၀လာတာ၊ ဒီလိုမျိုး ဟော်မုန်းကြောင့် ဖြစ်တဲ့ ဘေးထွက်ဆိုးကျိုးတွေလည်း မရှိပါဘူး။ ကလေးလိုချင်ပြီဆိုလည်း ပစ္စည်းပြန်ထုတ်လိုက်တာနဲ့ ချက်ချင်းကိုယ်ဝန်ပြန်ရနိုင်ပါတယ်။ ဒါကြောင့်မို့ ကိုယ်ဝန်ကို ကာလရှည်ကြာ တားထားချင်တယ်၊ ရာသီလည်း တစ်လတစ်ခါ မှန်မှန်ပေါ်ချင်တယ်၊ ငွေကုန်ကြေးကျလည်း သက်သာချင်ပါတယ်ဆိုတဲ့ အမျိုးသမီးတွေ သုံးတတ်ကြတဲ့၊ သုံးလည်း သုံးသင့်တဲ့ နည်းတစ်ခုပါ။

 

ဒီနည်းနဲ့ ပတ်သက်လို့ လွဲမှားတဲ့ အယူအဆပေါင်းမြောက်များစွာ ရှိပါတယ်။ ဒါကြောင့်မို့လည်း ကောင်းတဲ့အချက်အများကြီး ရှိနေတာ သိပါရက်နဲ့ အမျိုးသမီးတော်တော်များများက အသုံးပြုဖို့ တွန့်ဆုတ်နေကြတာပါ။ အဲဒီလိုပဲ၊ ထည့်ပြီးသွားတဲ့နောက်မှာလည်း စိုးရိမ်ပူပန်မှုအပြည့်နဲ့ ဖြစ်နေတတ်ကြပါတယ်။ ဒီဆောင်းပါးမှာတော့ အဲဒီလိုပစ္စည်းထည့်ပြီးသွားတဲ့ အမျိုးသမီးတွေမေးလေ့ရှိတဲ့ မေးခွန်းတွေထဲက ကြိုးစနဲ့ပတ်သက်တဲ့မေးခွန်းတချို့ကို ရှင်းပြပေးထားပါတယ်။

 

၁။ ကြိုးစ မှန်မှန်စမ်းဖို့ လိုသလား?

မှန်မှန်စမ်းဖို့ လိုပါတယ်။ ဘာလို့လဲဆိုတော့ မှန်မှန်စမ်းတော့မှ တကယ်လို့များ ကြိုးစ မစမ်းမိတော့ဘူးဆိုရင် ပစ္စည်းမရှိတော့တာလား ဆိုတာကို သိနိုင်မယ်။ ဒီကြိုးစကို သားအိမ်ခေါင်းအ၀မှာ ထုတ်ထားခဲ့ရတဲ့ ရည်ရွယ်ချက်ကတော့ ပြန်ထုတ်တဲ့အခါ လွယ်ကူအောင်လို့ပါ။ ဒီကြိုးစလေးကို စမ်းလို့မမိဘူးဆို ၂ မျိုးဖြစ်နိုင်ပါတယ်။ တစ်မျိုးက ကြိုးစက သားအိမ်အထဲကို ၀င်သွားတာပါ။ ပစ္စည်းက ရှိတယ်၊ ကြိုးစကပဲ အထဲဝင်သွားတာမို့ ကိုယ်ဝန်တော့ တားပေးနေဦးမယ်၊ ပြန်ထုတ်ရတာတော့ နည်းနည်းလေး ကသီသွားပါမယ်။ ဖြစ်နိုင်တဲ့ နောက်တစ်ခုကတော့ ပစ္စည်းက အပြင်ကိုထွက်ကျသွားတာမို့ ကြိုးစ စမ်းမမိတော့တာပါ။ ဒီလိုဆိုရင်တော့ ဘာလုပ်ရမလဲဆိုရင် ပစ္စည်းအသစ်ပြန်ထည့်တာ၊ ဒါမှမဟုတ်လည်း နောက်တစ်နည်း ပြောင်းသုံးတာမျိုး လုပ်ဖို့လိုပါမယ်။ ကြိုးစကို မစမ်းမိလို့ အဲဒီလို ထွက်ကျသွားတာကို မသိဘဲ အမျိုးသားနဲ့ အတူနေမိရင် ကိုယ်ဝန်ရသွားနိုင်တာကြောင့် တစ်လကိုတစ်ခါ ရာသီပေါ်ပြီးတိုင်းမှာ စမ်းကြည့်ဖို့လိုပါတယ်။

တချို့အမျိုးသမီးတွေကတော့ ဆက်မေးပါတယ်၊ ကျွန်မတို့ မစမ်းရဲဘူး ဆရာ၊ ဘယ်လိုလုပ်ရမလဲ တဲ့။ တစ်ခါလောက် စမ်းကြည့်ပါလို့ပဲ တိုက်တွန်းပါတယ်။ သိပ်ခက်တဲ့ကိစ္စလည်း မဟုတ်သလို၊ နာကျင်မှုလည်း မရှိပါဘူး။ မိန်းမကိုယ်ထဲကို လက်ချောင်းတစ်ချောင်းထည့်၊ နှစ်ချောင်းဆို ကြိုးစကိုညှပ်ပြီး ဆွဲထုတ်မိသွားမှာစိုးလို့ တစ်ချောင်းပဲထည့်၊ ပြီးရင် ဖုလေးတစ်ခု စမ်းမိမယ်၊ အဲဒါ သားအိမ်ခေါင်းပဲ၊ အဲဒီရဲ့ ပတ်ချာလည်မှာ ကြိုးစ စမ်းမိတတ်တယ်။ အမြဲတမ်းလည်း စမ်းနေရမှာမဟုတ်ဘူး၊ တစ်လကိုမှ တစ်ခါ ရာသီပေါ်ပြီးသွားတဲ့နောက်ရက်မှာ စမ်းရုံပဲ၊ ဒါကြောင့် စမ်းကြည့်ပါ၊ အနည်းဆုံးတော့ ထည့်ပြီးစ ၆ လလောက်အထိတော့ စမ်းပါလို့ ပြောချင်ပါတယ်။

 

တကယ်လို့မှ တအားကိုကြောက်လို့ မစမ်းရဲဘူးဆိုရင်တောင် ဒါအတွက်နဲ့ ဒီနည်းလမ်းကို မသုံးတော့ဘူး ဆိုတာမျိုး လုပ်စရာမလိုပါဘူး။ တကယ်တော့ ပစ္စည်းထွက်ကျတယ်ဆိုတာ အင်မတန်မှကို အဖြစ်နည်းပါတယ်။ အချက်အလက်တွေအရ သားအိမ်အနေအထား၊ အသက်အရွယ်၊ ထည့်ပေးတဲ့ ကျန်းမာရေးဝန်ထမ်းရဲ့ ကျွမ်းကျင်မှု စတာတွေပေါ် မူတည်ပြီး ပစ္စည်းပြန်ထွက်နှုန်းက ၀.၀၅ ရာခိုင်နှုန်းကနေ ၈ ရာခိုင်နှုန်းလောက်ထိပဲ ရှိတယ်လို့ဆိုပါတယ်။ ဒါကြောင့်မို့ မစမ်းရဲဘူးဆိုလည်း ရပါတယ်။ ဒါပေမယ့် ဘာတော့လုပ်ပေးရမလဲဆိုရင် ပစ္စည်းထည့်စလတွေမှာ သွေးဆင်းရင် ပစ္စည်းပါသွားလား မပါသွားလား ဆိုတာကို သတိထားစောင့်ကြည့်ပေးဖို့ လိုပါမယ်။ ဖြစ်နိုင်ရင် ထည့်ပြီး တစ်လပြည့်တဲ့နေ့လောက်မှာ ဆရာဝန်ဆီ ပြန်ပြပြီး စစ်ဆေးကြည့်စေချင်ပါတယ်။

 

၂။ ကြိုးစပျောက်သွားရင် ဘာတွေဖြစ်နိုင်သလဲ?

ပြောခဲ့ပြီးသလို နှစ်မျိုးဖြစ်နိုင်ပါတယ်။ တစ်မျိုးက ကြိုးစလေး အထဲဝင်သွားတာ၊ နောက်တစ်မျိုးက အပြင်ကို ထွက်ကျသွားတာ။ ဒါကိုသိနိုင်ဖို့အတွက်တော့ အာထရာဆောင်း ရိုက်ကြည့်ဖို့လိုပါတယ်။ ရိုက်ကြည့်လို့ ပစ္စည်းက သားအိမ်ထဲမှာ မရှိတော့ဘူးဆိုရင် ဒါ ထွက်ကျသွားတာပေါ့။ ဒါဆို ဒီနည်းကိုပြန်သုံးလို့ ရသလို၊ တခြားနည်းတခုခုကိုလည်း သုံးလို့ရပါတယ်။ တစ်ခါထွက်ကျသွားလို့ ထပ်မသုံးသင့်တော့ဘူးဆိုတာမျိုး မရှိပါဘူး။ ဒီနည်းနဲ့ ကိုယ်နဲ့က အဆင်ပြေတယ်ယူဆရင် နောက်တစ်ကြိမ် သုံးကြည့်လို့ ရပါတယ်။ တစ်ခုသတိထားဖို့ လိုတာကတော့ အဲဒီလိုကြိုးစ စမ်းလို့မမိတော့ဘူးဆိုရင် အာထရာဆောင်း မရိုက်ရသေးခင်စပ်ကြားမှာ အမျိုးသားနဲ့အတူနေတာကို ရှောင်ဖို့၊ ဒါမှမဟုတ်လည်း ကွန်ဒုံးသုံးဖို့ လိုပါမယ်။ တကယ်လို့များ ပစ္စည်းမရှိတော့တာဖြစ်နေရင် အတူနေလိုက်တဲ့အခါ ကိုယ်ဝန်ရသွားနိုင်လို့ ဖြစ်ပါတယ်။

တကယ်လို့ ပစ္စည်းက သားအိမ်ထဲမှာ မရှိတော့ဘူးဆိုရင်တော့ ထုတ်ရနည်းနည်းခက်သွားပါတယ်။ သတင်းကောင်းကတော့ အဲဒီလိုဖြစ်တဲ့သူတစ်ဝက်လောက်မှာ ကြိုးစက သားအိမ်ခေါင်းထဲမှာတင် ရှိနေတတ်ပြီး ဆွဲထုတ်လို့လွယ်တယ်ဆိုတာပါပဲ။ အဲဒီလိုမှ မဟုတ်ရင်တော့ သားဖွားမီးယပ်အထူးကုတွေနဲ့ တိုင်ပင်ပြီး ပြန်ထုတ်ရမှာဖြစ်ပါတယ်။

ပြန်ချုပ်ပြီး ပြောရရင်တော့ ခုလို ကြိုးစမရှိတော့ဘူးဆိုတာက အင်မတန်မှကို အဖြစ်နည်းပါတယ်။ ဖြစ်ခဲ့ရင်လည်း ကျန်းမာရေးကို ဆိုးဆိုးရွားရွားထိခိုက်စေဖို့က မဖြစ်နိုင်သလောက်ပဲမို့ အမျိုးသမီးတွေအနေနဲ့ တအားကြီး စိုးရိမ်နေစရာမလိုဘဲ စိတ်ချလက်ချ အသုံးပြုနိုင်ပါတယ်။

 

၃။ ကြိုးစ ရှည်ထွက်လာတာမျိုးရော ရှိသလား?

ရှိပါတယ်။ ဒါက အပြင်ကိုထွက်ကျလာတော့မယ့် အနေအထားမျိုးပါ။ လုံးဝထွက်မကျခင် စောစောစီးစီး သိလိုက်တော့ ဆေးခန်းအမြန်ပြန်ပြလို့ရတယ်။ ဒါကို ထုတ်ပြီး အသစ်ပြန်ထည့်လိုက်လို့လည်း ရတယ်။ လုံးဝစမ်းမမိတော့မှဆိုရင်တော့ ထွက်ကျသွားတာလား အထဲဝင်သွားတာလား မသိနိုင်တာမျိုး ရှိနေဦးမယ်။ ဒါကြောင့်လည်း ကြိုးစကို ရာသီပေါ်ပြီးတိုင်း တစ်လကိုတစ်ခါ စမ်းနိုင်ရင် အကောင်းဆုံးပဲလို့ ပြောတာပါ။

 

၎။ အမျိုးသားနဲ့ အတူနေတဲ့အခါ ကြိုးစကို ခံစားမိနေတယ်

အထူးသဖြင့် အမျိုးသားတွေ စိတ်ပူလေ့ရှိကြ၊ မေးမြန်းတတ်ကြတဲ့ မေးခွန်းပါ။ များသောအားဖြင့်တော့ ဖြစ်နိုင်ချေနည်းပါတယ်။ ပစ္စည်းထည့်ပြီးတဲ့အခါ ကြိုးစကို သားအိမ်ခေါင်းရဲ့ အပြင်ဘက်မှာ ၃-၄ စင်တီမီတာလောက် အရှည်ချန်ပြီး ဖြတ်ထားခဲ့ရပါတယ်။ အဲဒီလိုမဟုတ်ဘဲ တိုသွားရင်တော့ အမျိုးသားနဲ့အတူနေတဲ့အခါ ကြိုးစကို ခံစားမိနေတာမျိုး ဖြစ်နိုင်ပါတယ်။

ဒါဆိုရင်တော့ ဆရာဝန်ဆီပြန်သွားပါ။ တိုနေတဲ့ကြိုးစကို လုံးဝမရှိတော့အောင် ညှပ်ပစ်လိုက်တာမျိုး လုပ်လို့ရနိုင်တယ်။ ဒါဆိုရင်တော့ အမျိုးသမီးအနေနဲ့ ကြိုးစ စမ်းလို့လည်း ရတော့မယ်မဟုတ်ပါဘူး။ ပိုပြီးအဆင်ပြေတာကတော့ အဲဒီပစ္စည်းကို ပြန်ထုတ်ပြီး အသစ်ပြန်ထည့်တာပါပဲ။

 

ခုပြောခဲ့တဲ့ အကြောင်းအရာတွေက သားအိမ်ထဲထည့်တဲ့ပစ္စည်းနဲ့ ပတ်သက်ပြီး အမျိုးသမီးတွေ အမေးများတဲ့ မေးခွန်းတွေထဲကမှ ကြိုးစနဲ့ပတ်သက်တဲ့ မေးခွန်းတွေကို ရွေးချယ်ရှင်းပြခဲ့တာပါ။ အနှစ်ချုပ်ပြောရရင် ကြိုးစပျောက်သွားတယ်၊ ပစ္စည်းထွက်ကျလာတယ်၊ အမျိုးသားနဲ့ အတူနေတဲ့အခါ အနှောင့်အယှက်ဖြစ်တယ် ဆိုတာတွေက တကယ်ဖြစ်တတ်တာပါ၊ ကောလဟာလ မဟုတ်သလို၊ အယူအဆအမှားလည်း မဟုတ်ပါဘူး။ ဒါပေမယ့် အဲဒါတွေက အင်မတန်မှကို ရာခိုင်နှုန်းနည်းနည်းမှာပဲ ဖြစ်တာပါ။

 

ဘာနဲ့ဥပမာပေးရမလဲဆိုရင် ကားစီးတယ်၊ မမှောက်တတ်ဘူးလား၊ မတိုက်တတ်ဘူးလား၊ မသေနိုင်ဘူးလား ဆို အကုန်ဖြစ်နိုင်ပါတယ်။ မှောက်သွား၊ တိုက်သွားတဲ့သူတွေလည်း ရှိတယ်။ ဒါပေမယ့် ရာခိုင်နှုန်းနဲ့ စဉ်းစားကြည့်ပါ။ အစီးပေါင်းများစွာ၊ အကြိမ်ပေါင်းများစွာ သွားလာနေရင်းမှ ရာခိုင်နှုန်းအနည်းငယ်ကသာ ဖြစ်တာပါ။ ဒါကို တွေးပူပြီး ကားမစီးတော့ဘူး၊ ဘယ်သွားသွား လမ်းပဲလျှောက်မယ် လုပ်ဖို့မလိုပါဘူး။ အဲ့လိုသာ လုပ်ခဲ့ရင်လည်း ကျွန်တော်တို့ ဘယ်မှမရောက်ဘဲ ဖြစ်နေတော့မှာပေါ့။ ခုလို ဒီလိုပါပဲ၊ ဖြစ်နိုင်ချေနည်းတဲ့ဆိုးကျိုးတချို့ကို တွေးပူပြီး အားသာချက်တွေ၊ ကိုယ့်အတွက် အဆင်ပြေတာတွေ အများကြီးရှိနေတဲ့နည်းလမ်းတစ်ခုကို မရွေးဘဲနေမယ်ဆိုရင်တော့ အဲဒီအမျိုးသမီးအတွက် အဆင်မပြေနိုင်သလို၊ မလိုချင်ဘဲ ကလေးတွေရလာခဲ့ရင် သူ့အိမ်ထောင်ဖက်၊ သူ့မိသားစုအတွက်ပါ အဆင်မပြေနိုင်တော့ပါဘူး။

ဒါကြောင့် အိမ်ထောင်သည်အမျိုးသမီးတွေအနေနဲ့ သားဆက်ခြားနည်းတွေနဲ့ ပတ်သက်ပြီး မှန်ကန်စွာ ရွေးချယ်ဆုံးဖြတ်တတ်ဖို့ အရေးကြီးပါတယ်။

 

ဒေါက်တာဖြိုးသီဟ

Post Author: Good Health Journal

Leave a Reply

Your email address will not be published. Required fields are marked *