သားမြတ်ကင်ဆာဟာ အမျိုးသမီးတွေ ကင်ဆာကြောင့် သေဆုံးတဲ့အထဲမှာ ရာခိုင်နှုန်းအများဆုံး ကင်ဆာအမျိုးအစားဖြစ်ပါတယ်။ အဆင်သင့်စားလို့ရတဲ့အစား အစာစားတာနဲ့ အထိုင်များတဲ့ပုံစံတွေက သားမြတ်ကင်ဆာဖြစ်နိုင်ခြေ ပိုများစေနိုင်ပါတယ်။ ကျန်းမာရေးနဲ့ညီညွတ်တဲ့ဘ၀နေထိုင်မှုပုံစံအတိုင်းနေတာက ကင်ဆာမဖြစ်အောင် ကာကွယ်နိုင်တဲ့အတွက် သားမြတ်ကင်ဆာကို တွန်းလှန်နိုင်တဲ့ အောက်ပါ အစားအစာတချို့ကို သင်ရဲ့ စားသောက်မှုပုံစံထဲမှာ ပါဝင်အောင် ထည့်စားပေးပါ။
မုန်လာဥနီ
မုန်လာဥနီမှာပါဝင်တဲ့ ဘီတာကယ်ရိုတင်းဟာ သားမြတ်ကင်ဆာဖြစ်နိုင်ခြေကို လျှော့ချပေးနိုင်ပါတယ်။ သုတေသနပြုလုပ်ချက်အရ တစ်ပတ်ကို မုန်လာဥနီ သုံးကြိမ်အထက် ပါဝင်အောင် စားသုံးသူတွေက သားမြတ်ကင်ဆာဖြစ်နိုင်ခြေ ၁၇ ရာခိုင်နှုန်း လျော့ကျတယ်လို့ တွေ့ရှိခဲ့ပါတယ်။ ရွှေဖရုံသီးနဲ့ ကန်စွန်းဥမှာလည်း ဘီတာကယ်ရိုတင်းတွေ များစွာ ပါဝင်နိုင်တဲ့အတွက် စားပေးနိုင်ပါတယ်။
ဘရိုကိုလီ
ဘရိုကိုလီခေါ်တဲ့ အစိမ်းရောင်ပန်းဂေါ်ဖီဟာ အာဟာရအပြည့်ဝဆုံး ဟင်းသီးဟင်းရွက်တစ်မျိုးဖြစ်ပါတယ်။ သူ့မှာပါဝင်တဲ့ ဆာဖိုရဖိန်းဒြပ်ပေါင်းဟာ သားမြတ်ကင်ဆာဆဲလ်တွေကို တိုက်ထုတ်နိုင်ပါတယ်။ ကင်ဆာဆဲလ်တွေရဲ့ ကြီးထွားမှုကို ရပ် တန့်ပေးနိုင်ပြီး ဓာတ်တိုးပစ္စည်းတွေကို ဖျက်ဆီးပစ်နိုင်ပါတယ်။ တစ်ပတ်ကို သုံးကြိမ် စားပေးပါ။
ဂေါ်ဖီထုပ်
လေ့လာမှုတစ်ခုအရ တစ်ပတ်ကို ဂေါ်ဖီထုပ် လေးကြိမ်အထက် စားသုံးတဲ့အမျိုးသမီးတွေဟာ သားမြတ်ကင်ဆာဖြစ်နိုင်ခြေ ၇၂ ရာခိုင်နှုန်း လျော့နည်းနိုင်တယ်လို့ သိရပါတယ်။ ဂေါ်ဖီထုပ်မှာ ပါဝင်တဲ့ မိုင်ရိုဆိုင်းနစ်အင်ဇိုင်းနဲ့ ဂလူကိုဆီနိုလိတ်စ်တွေ ကြောင့်လို့ ဆိုပါတယ်။
ခရမ်းချဉ်သီး
ခရမ်းချဉ်သီးမှာ သားမြတ်ကင်ဆာကို တွန်းလှန်နိုင်တဲ့ ဓာတ်တိုးဆန့်ကျင်ပစ္စည်းတွေ အများအပြားပါဝင်ပါတယ်။ ဒီထဲမှာ အကောင်းဆုံးကတော့ လိုင်ကိုပင်းပဲဖြစ်ပါတယ်။ လိုင်ကိုပင်းဟာ အစွမ်းထက်ဓာတ်တိုးဆန့်ကျင်ပစ္စည်းဖြစ်ပြီး ကင်ဆာဆဲလ် ကြီးထွားမှုကို ရပ်တန့်နိုင်ကာ ခန္ဓာကိုယ်မှ ဓာတ်တိုးပစ္စည်းတွေကို ဖယ်ရှားပေးနိုင်ပါ တယ်။ ခရမ်းချဉ်သီးပန်ထွေဖျော်၊ ခရမ်းချဉ်သီးအနှစ်လုပ်စားတာ၊ အစိမ်းအတိုင်း စားတာတွေကို တစ်ပတ်သုံးကြိမ် ပြုလုပ်ပေးပါ။
ကြက်သွန်ဖြူ
ရောဂါမျိုးစုံကို ကုသနိုင်တဲ့ ဆေးဖက်ဝင်မီးဖိုချောင်သုံးပစ္စည်းတစ်မျိုးဖြစ်ပါတယ်။ သူ့မှာ ပါဝင်တဲ့ အေဂျိုရင်းဟာ သားမြတ်ကင်ဆာဆဲလ်တွေကို တိုက်ထုတ် နိုင်ပါတယ်။ လက်ဖက်ရည်ဇွန်းတစ်ဝက်စာ ကြက်သွန်ဖြူကို တစ်ပတ် နှစ်ကြိမ် စား ပေးပါ။ ကြက်သွန်ဖြူကို ကြိတ်ပြီး ရေနွေးထဲမှာ ၁၀ မိနစ်ခန့် စိမ်ပြီး စားသုံးတာက အကျိုးအာနိသင် ပိုရှိပါတယ်။
သစ်ကြားသီး
သစ်ကြားသီးမှာ ပါဝင်တဲ့ အိုမီဂါ သရီးဖက်တီးအက်စစ်နဲ့ ဖိုက်တိုစတီရောတွေ က နှလုံးကျန်းမာရေးကို မြှင့်တင်ပေးပြီး တခြားကျန်းမာရေးအတွက် အကျိုးကျေးဇူး များစွာ ရှိပါတယ်။ သစ်ကြားသီးဟာ သားမြတ်ကင်ဆာဆဲလ်တွေရဲ့ ကြီးထွားမှုကို နှေးကွေး ရပ်တန့်စေနိုင်ပါတယ်။ တစ်ပတ် သုံးကြိမ် စားပေးပါ။
မှို
မှိုဟာလည်း သားမြတ်ကင်ဆာဆဲလ်ရဲ့ ကြီးထွားမှုကို ရပ်တန့်စေနိုင်ပါတယ်။ မှိုမှာ ပါဝင်တဲ့ ဖက်တီးအက်စစ်တွေက ကင်ဆာဆဲလ်တွေကို အာဟာရဖြစ်စေတဲ့ အီ စထရိုဂျင်ထုတ်လုပ်မှုကို ရပ်တန့်စေနိုင်တာကြောင့်ပါ။ တစ်ပတ် နှစ်ကြိမ် စားပေးပါ။
ဘလူးဘယ်ရီ
ဘလူးဘယ်ရီမှာ သားမြတ်ကင်ဆာကာကွယ်နိုင်တဲ့ အာဟာရဓာတ်တွေ များစွာ ပါဝင်ပါတယ်။ သူ့မှာ ပါဝင်တဲ့ အန်သိုဆိုင်ရာနင်းဟာ ခုခံအားစနစ်ကို မြှင့်တင်နိုင်ပြီး ဓာတ်တိုးပစ္စည်းတွေကို တိုက်ထုတ်နိုင်ပါတယ်။ ကင်ဆာဆဲလ်ကြီးထွားမှုကို ရပ်တန့် ပေးပြီး သားမြတ်ကင်ဆာနောက်တစ်ကြိမ်ပြန်မဖြစ်အောင် အကာအကွယ်ပေးထား နိုင်ပါတယ်။ တစ်ပတ် သုံးကြိမ် စားပေးပါ။
မက်မွန်သီး
သူ့မှာ ပါဝင်တဲ့ ဖလေဗိုနွိုက်တွေနဲ့ ဖိုက်တိုနယူးထရန့်တွေက သားမြတ်ကင်ဆာ မဖြစ်အောင် ကာကွယ်ပေးနိုင်ပါတယ်။ သားမြတ်ကင်ဆာဆဲလ်တွေကို ဖျက်ဆီးပစ် နိုင်ပြီး ကောင်းတဲ့သားမြတ်ဆဲလ်တွေကိုတော့ ထိခိုက်မှုမပေးနိုင်ပါဘူး။ ဆီးသီးဟာ လည်း မက်မွန်သီးလိုမျိုးပဲ သားမြတ်ကင်ဆာကို တွန်းလှန်နိုင်တဲ့ ဂုဏ်သတ္တိရှိပါတယ်။
ဆယ်လမွန်ငါး
ဆယ်လမွန်ငါးမှာ အိုမီဂါသရီးဖက်တီးအက်စစ်တွေ များစွာ ပါဝင်ပါတယ်။ အိုမီဂါ သရီးဟာ ခန္ဓာကိုယ်အတွင်း ရောင်ရမ်းမှုဖြစ်စဉ်ကို လျှော့ချပြီး ဆဲလ်ပျက်စီးမှုကို လျော့နည်းစေနိုင်ပါတယ်။ သားမြတ်ကင်ဆာဆဲလ်တွေ လျော့နည်းသွားနိုင်ပါတယ်။
အထက်ပါအစားအစာတွေကို စားသုံးတာက သားမြတ်ကင်ဆာဖြစ်နိုင်ခြေ သိသိသာသာ လျော့နည်းသွားနိုင်ပါတယ်။ သင်စားတဲ့အစားအစာထဲမှာ ဟင်းသီးဟင်းရွက်နဲ့ သစ်သီးဝလံတွေ ပုံမှန်ထည့်စားပြီး လေ့ကျင့်ခန်းပုံမှန်ပြုလုပ်ပေးပါ။
♦ ဒေါက်တာခင်မိုးမိုး