“အင်ပြင်ထခြင်း – ဒေါက်တာအေးမင်းထူး”

လူငါးယောက်မှာ တစ်ယောက်ဟာ သူတို့ဘဝတစ်လျှောက် တစ်ကြိမ်မဟုတ် တစ်ကြိမ်ဆိုသလို အင်ပြင်ထတတ်ကြတယ်။ အင်ပြင်ထတယ်ဆိုတာ အရေပြားမှာ အဖုအပိန့်တွေထွက်ပေါ်လာတာဖြစ်ပါတယ်။ အင်ပြင်ထစေတဲ့အကြောင်းရင်း အမျိုးမျိုးရှိနိုင်တယ်။ ဓာတ်မတဲ့တာ၊အရက်သောက်တာ၊ စိတ်ဖိစီးမှု၊ ဆေးဝါး၊ အစားအသောက်နဲ့ ဆိုင်တတ်တယ်။ အခွံမာသီး၊ ငါး၊ မြေပဲ၊ ကြက်ဥ၊ ပင်လယ်စာ စတာတွေ မတဲ့တာရှိနိုင်တယ်။

အကြောင်းရင်းများ
-အစားအသောက်
-ဆေးဝါး(penicillin, sulphur, asprin, ibuprofen)
-အင်းဆက်ပိုးမွှား
-ပတ်ဝန်းကျင်အပူချိန်ပြောင်းလဲခြင်း
-သွေးသွင်းခြင်း
– အိမ်မွေးတိရိစ္ဆာန်များ
– ပန်းဝတ်မှုန်၊ ရနံ့

 

အင်ပြင်ရဲ့ လက္ခဏာတွေက အဖုအပိန့်၊ အဖီပြင်လိုက်ခြင်းက အရေးပါတယ်။ အဖုအပိန့်ကနေ ရဲတာ သို့မဟုတ် ယားယံတာရှိတယ်။ တချို့မျကိနှာရဲတာမျိုးလည်းရှိတယ်။ အသားအခြောက်သွေ့တာ၊ ပူလာတာ စတဲ့ခံစားချက်မျိုးရှိနိုင်တယ်။ အင်ပြင်က ခန္ဓာကိုယ်အနှံ့ နေရာမရွေး ဖြစ်နိုင်ပါတယ်။ အဖုအပိန့် ပုံစံတွေ တူညီချင်မှ တူညီလိမ့်မယ်။ ဖြစ်ပြီးရင် ပျောက်သွားတတ်သလို ပြန်လည်းပေါ်လာတတ်တယ်။ အဖီထတာကို wheals လို့ ခေါ်ပါတယ်။ လက်နဲ့ ဖိကြည့်လို့ အရောင်ဖျော့သွားတာ( blanching)ရှိရင် အင်ပြင်ထတယ်လို့ ကောက်ချက်ချနိုင်တယ်။ အင်ပြင်ရဲ့ လက္ခဏာတွေက မိနစ်ပိုင်းမှ နှစ်ချီပြီးကြာတာမျိုးလည်း ဖြစ်နိုင်တယ်။ သူ့ဘာသာပြန်ပျောက်န်ုင်တယ်။

အင်ပြင်ထခြင်းဟာ အရေပြားမှာရှိတဲ့ သွေးကြောတွေရဲ့ တုံ့ပြန်မှုကြောင့်ဖြစ်တယ်။ ဓာတ်မတဲ့တဲ့အခါ mast cells တွေကနေ histamine ဆိုတဲ့ ဓာတ်တမျိုးထွက်လာပါတယ်။ ဒီဓာတ်က ယားယံခြင်းနဲ့ ရောင်ရမ်းခြင်းကို ဖြစ်စေတယ်။

အင်ပြင်ထခြင်းမှာ acute(ရက်တိုဖြစ်တာ) နဲ့ chronic(နာတာရှည်ဖြစ်တာ)ဆိုပြီးနှစ်မျိုးရှိပါတယ်။ ခြောက်ပတ်ထိမကြာဘဲ ရက်ပိုင်းပဲ ဖြစ်တာကို acute urticariaလို့ ခေါ်ပါတယ်။ နာတာရှည်ဆိုတာ ခြောက်ပတ်ထက်ကျော်ပြီး နေ့စဉ်ဖြစ်တဲ့ လက္ခဏာမျိုးကို ခေါ်ပါတယ်။ နှစ်မျိုးစလုံးဟာ သာမန်လက္ခဏာကနေ အသက်ကိုပါ ထိခိုက်တာမျိုး ဖြစ်နိုင်တယ်။

တခါတရံ အင်ပြင်က angioedema နဲ့ မှားတတ်ပါတယ်။ angioedema ဆိုတာ အရေပြားမျက်နှာပြင်အောက်ဆဲလ်တွေ ရောင်ရမ်းလာတာဖြစ်ပါတယ်။ အလာဂျီ၊ ဆေးဝါး၊ မွေးရာပါ အင်ဇိုင်းဓာတ်ချို့တဲ့တာတွေကြောင့် ဖြစ်နိုင်ပါတယ်။ angioedemaရဲ့ လက္ခဏာတွေက လည်ပင်း၊ ခြေ၊လက်၊ မျက်လုံးနဲ့ ပါးစပ်တစ်ဝိုက်ရောင်ရမ်းလာတာ၊ အသက်ရှုကျပ်ပြီး အစာမျိုရခက်တာမျိုးကို ခေါ်ပါတယ်။

အင်ပြင် ဟုတ်မဟုတ် သိဖို့ မခက်လှပါ။ ကျွမ်းကျင်ဆရာဝန်က အလွယ်တကူ ခန့်မှန်းနိုင်ပါတယ်။ အင်ပြင်အများစုက food allergy ကြောင့် ဖြစ်ပါတယ်။ မြေပဲ၊ ပုဇွန် မတဲ့သူက စားပြီး ချက်ချင်းဖြစ်လာတယ်။ chronic hives နာတာရှည်အင်ပြင်ထတာမျိုးမှာ မျိုးရိုးနဲ့ အနေအထိုင်ကိုပါ စနစ်တကျမေးရတယ်။ ဥပမာ ခွေး၊ကြောင် စတဲ့ အိမ်မွေးတိရိစ္ဆာန်ရဲ့ အညစ်အကြေး၊အမှုန်အမွှားတွေက ဓာတ်မတဲ့ခြင်းကို ဖြစ်စေတယ်။ လိုအပ်တဲ့အခါမျိုးမှာ သွေးစစ်၊ ဆီးစစ်ရတာမျိုးပါ ရှိနိုင်တယ်။

အင်ပြင်ထလာရင် အလွယ်ဆုံး ရေအေးဝတ်ကပ်လို့ရတယ်။ သောက်ဆေးတမျိုးမျိုးသောက်ရတယ်။ antihistamine အမျိုးအစားဝင် အယားပျောက်ဆေးတွေလိုပါတယ်။ burmeton, cetrizine, fexofenadine စတဲ့ဆေးဝါးတွေ သုံးနိုင်ပါတယ်။ နာတာရှည်အတွက်ketotifen(mast cell stabilizer) လို ဆေးမျိုး လိုပါတယ်။ အယားပျောက်ဆေးတွနဲ့ မသက်သာရင် စတီးရွိုက်သောက်ဆေးတွေ ရေတိုသုံးနိုင်တယ်။ prednisolone, dexamethasone, hydrocortisone စတဲ့ဆေးတွေ သောက်ဆေး၊ ထိုးဆေး၊ လိမ်းဆေးအဆင်ပြေသလို အသုံးပြုရမယ်။ လိမ်းဆေးထဲမှာ Calamine lotion လိမ်းလို့ရတယ်။

 

ရှောင်စရာများ

  • မြေပဲ၊
  • ကြက်ဥအကာ၊
  • အကြေးခွံပါတဲ့ငါး၊
  • အခွံမာသီး၊
  • ဘယ်ရီသီး၊
  • စတော်ဘယ်ရီသီး၊
  • နာနတ်သီး၊
  • ချောကလက်
  • ပင်လယ်စာ
    (တယောက်နဲ့တယောက် ရှောင်ရမှာတွေမတူညီပါ)

ချွေးထွက်များရင်လည်း cholinergic urticaria ခေါ်တဲ့ အင်ပြင်မျိုး ဖြစ်နိုင်ပါတယ်။ တချို့က heat bump လို့လည်း ခေါ်ပါတယ်။ ဒီလိုအခြေနေမျိုးမှာ anticholinergic လိုဆေးမျိုး သုံးဖို့လိုပါတယ်။ calamine lotion တွေလည်း လိမ်းနိုင်တယ်။ ဓာတ်မတဲ့သူ၊အင်ပြင်ထတတ်သူတယောက်ဟာ ကုသခြင်းထက် ကာကွယ်ခြင်းကို ပိုမိုအလေးပေးလုပ်ဆောင်သင့်ပါတယ်။

ဒေါက်တာအေးမင်းထူး

Post Author: Good Health Journal

Leave a Reply

Your email address will not be published. Required fields are marked *