အစဉ်အမြဲကျန်းမာပြီး ငယ်ရွယ်နုပျိုနိုင်အောင်

သင်ရဲ့ သွေးဖိအားက အနည်းငယ်မြင့်နေတယ်လို့ အပြောခံနေရပါသလား၊ သင့်သော့ကို ဘယ်နားထားမိမှန်း မသိတော့ဘဲ မေ့လျော့နေတတ်ပါသလား၊ သင့်သွေးတွင်းသကြားဓာတ်ကလည်း အနည်းငယ် မြင့်တက်နေပါသလား၊ ဒါတွေအတွက် မစိုးရိမ်ပါနဲ့။ သိပ္ပံပညာရှင်တွေက ဒီလိုအခြေအနေတွေကို သဘာဝနည်းနဲ့ ပြန်လည်ပြုပြင်နိုင်မယ့် နည်းလမ်းတွေကို ရှာဖွေတွေ့ရှိထားတဲ့အတွက် သင့်အနေနဲ့ အစဉ်အမြဲကျန်းမာပြီး ငယ်ရွယ်နုပျိုအောင် နေနိုင်ပါပြီ။ အောက်ပါတို့ကို လိုက်နာပါ။

အရိုးသန်မာအောင် ► သံလွင်ဆီအသုံးပြုပါ
သင် ကျန်းမာရေးစစ်ဆေးဖို့ သင့်အရိုးတွေ ပါးနေတယ်လို့ အဖြေထွက်နေရင် လှေကားတက်တာလိုမျိုး ကိုယ်အလေးချိန်ကို ထမ်းတဲ့လေ့ကျင့်ခန်းပြုလုပ်ပေးတာက အရိုးပါးရောဂါနဲ့ အရိုးကျိုးတာ မဖြစ်အောင် ကာကွယ်နိုင်ပါတယ်။ ဒါ့အပြင် သံလွင်ဆီ (Extra-virgin olive oil)အသုံးပြုပြီး ဟင်းချက်ပါ။

သံလွင်ဆီကို ပုံမှန်အသုံးပြုတာက အရိုးကျိုးနိုင်ခြေ ၅၁ ရာခိုင်နှုန်းလျော့နည်းနိုင်တယ်လို့ အာဟာရဆိုင်ရာ ဂျာနယ်က ဖော်ပြထားပါတယ်။ သံလွင်ဆီမှာ ပါဝင်တဲ့ ဓာတ်တိုးဆန့်ကျင်ပစ္စည်းတွေက အရိုးဆဲလ်အသစ်တွေ ကြီးထွားဖို့ လှုံ့ဆော်နိုင်တာကြောင့်ပါ။ ဒါ့အပြင် လက်ဖက်ရည်သောက်တာကလည်း အရိုးသန်မာနိုင်တယ်လို့ လေ့လာမှု ၁၆ ခုအရ တွေ့ရှိထားပါတယ်။ လက်ဖက်ရည်မှာ ပါဝင်တဲ့ ဒြပ်ပေါင်းတွေက ကော်လာဂျင်ထုတ်လုပ်မှုကို ကောင်းမွန်စေပြီး အရိုးပျက်စီးမှုကို ကာကွယ်နိုင်တာကြောင့်ပါ။

ဆီးချိုရောဂါမှ ကာကွယ်နိုင်အောင် ► ထောပတ်သီးစားပါ
သင့်မှာ ဆီးချိုရောဂါဖြစ်နိုင်ခြေများတဲ့အချက်တွေ ရှိနေရင်တောင် ပြည့်ဝဆီ ပါဝင်မှုများတဲ့အစားအစာနဲ့ ဒိုးနပ်စ်နဲ့ အာလူးချောင်းကြော်လိုမျိုး ကာဗိုဟိုက်ဒရိတ်တွေကို ငါးရာခိုင်နှုန်းလောက် လျှော့ချပြီး ထောပတ်သီး၊ အခွံမာသီး၊ အစေ့အဆန်နဲ့ ငါးလိုမျိုး ကျန်းမာရေးကောင်းမွန်တဲ့အဆီတွေကို အစားထိုးအသုံးပြုနိုင်ရင် ဖြစ်နိုင်ခြေ ၂၂ ရာခိုင်နှုန်းအထိ လျှော့ချပေးနိုင်ပါတယ်။

မပြည့်ဝဆီ(ကျန်းမာရေးကောင်းမွန်စေတဲ့အဆီ)တွေ စားသုံးတာက သွေးတွင်း သကြားဓာတ်ကို ထိန်းချုပ်ပေးနိုင်ပြီး အင်ဆူလင် resistant လည်း လျော့နည်းကာ ၀မ်းဗိုက်က အဆီတွေကိုလည်း လောင်ကျွမ်းနိုင်ပါတယ်။ ဒီသုံးမျိုးဟာ ဆီးချိုရောဂါနဲ့ အလွန်ဆက်စပ်မှု ရှိပါတယ်။

ဒါ့အပြင် ဗီတာမင် ဒီ ၃ ကို နေ့စဉ် ၄၂၀ IU မှီဝဲတဲ့အမျိုးသမီးတွေဟာ ၁၂ လ အတွင်း သွေးတွင်းသကြားဓာတ်လျော့နည်းနိုင်တယ်လို့ အာဟာရဆိုင်ရာဂျာနယ်မှာ ဖော်ပြထားပါတယ်။ ဗီတာမင် ဒီ ဟာ ဂလူးကို့စ်ပုံမှန်ဖြစ်အောင်နဲ့ ခန္ဓာကိုယ်က အင်ဆူလင်ကို တုံ့ပြန်ဖို့အတွက် အဓိကကျတဲ့ ဟိုက်ပိုသာလတ်မက်စ်ကို စီမံခန့်ခွဲနိုင်လို့ ပါ။

အဆစ်ရောင်ခြင်းမှ ကင်းဝေးအောင် ► အချိန်နဲ့ အလုပ်လုပ်ပါ
အရိုးအဆစ်တွေ ကိုက်ခဲတာကို သက်သာဖို့အတွက် ထိရောက်တဲ့နည်းလမ်းက အစာစားချိန်၊ လေ့ကျင့်ခန်းလုပ်ချိန်နဲ့ အိပ်ချိန်တွေကို နေ့စဉ်နေ့တိုင်း တူညီတဲ့ အချိန်တွေမှာသာ ပြုလုပ်ပါလို့ သုတေသီတွေက ထုတ်ဖော်ထားပါတယ်။
သင်ဟာ အချိန်ဇယားအတိုင်း မပြုလုပ်ဘူးဆိုရင် အရိုးနုထဲက ဇီဝနာရီတွေက မျိုးရိုးဗီဇ Genes တွေကို လှုံ့ဆော်နိုင်တဲ့အတွက် အရိုးအဆစ်ရောင်တာတွေ ပိုမို ဖြစ်နိုင်တာကြောင့်ပါ။

အာဟာရရှိတဲ့အစားအစာစားတာနဲ့ လှုပ်လှုပ်ရှားရှားနေတာကလည်း အရိုးအဆစ်ရောင်ရောဂါမဖြစ်အောင် ကာကွယ်နိုင်တယ်လို့ အရိုးအဆစ်ပိုင်းဆိုင်ရာဂျာနယ်မှာ ဖော်ထုတ်ထားပါတယ်။ ကျန်းမာရေးနဲ့ ညီညွတ်တဲ့အကျင့်ကြောင့် အရိုးနုတွေ သန်မာပြီး အဆစ်နာကျင်တာကနေ ကင်းဝေးနိုင်တယ်လို့ ဆိုပါတယ်။

မမေ့လျော့တတ်အောင် ► လမ်းလျှောက်ပါ
တစ်ကြိမ်ကို မိနစ် ၃၀ နှုန်းနဲ့ တစ်ပတ် လေးကြိမ် လမ်းလျှောက်တာက သုံးလအတွင်း မှတ်ဉဏ်တွေ ပြန်လည်ကောင်းမွန်နိုင်တယ်လို့ အယ်လ်ဇိုင်းမားရောဂါဆိုင်ရာဂျာနယ်မှာ ဖော်ပြထားပါတယ်။

လေ့ကျင့်ခန်းအသင့်အတင့်ပြုလုပ်တာက မှတ်ဉာဏ်ကို စီမံခန့်ခွဲတဲ့ ဦးနှောက်အစိတ်အပိုင်းအတွင်းက အာရုံဆဲလ်အသစ်တွေ ကြီးထွားလာတာကြောင့်ပါ။

စပျစ်သီးကို နေ့စဉ် နှစ်ခွက်စာလောက် စားသုံးတာကလည်း ငယ်ငယ်ရွယ်ရွယ်နဲ့ မှတ်ဉာဏ်ဆုံးရှုံးနိုင်ခြေနဲ့ အယ်လ်ဇိုင်းမားရောဂါဖြစ်နိုင်ခြေ လျော့ကျသွားနိုင်တယ်လို့ သိပ္ပံပညာရှင်တွေက ဖော်ထုတ်ထားပါတယ်။ စပျစ်သီးမှာ ပါဝင်တဲ့ ပေါ်လီဖီနောတွေက သွေးလှည့်ပတ်မှု ကောင်းမွန်စေပြီး မှတ်ဉာဏ်ထက်သန်စေတဲ့ ဒြပ်ပေါင်းထုတ်လုပ်မှု ကောင်းမွန်စေကာ အာရုံကြောဆဲလ်ပျက်စီးစေတဲ့ ရောင်ရမ်းမှု လျော့ကျစေနိုင်တာကြောင့်ပါ။

♥ ဒေါက်တာခင်မိုးမိုး ♥

Good Health Journal

Post Author: Good Health Journal

Leave a Reply

Your email address will not be published. Required fields are marked *