အစာအိမ်နဲ့ အူလမ်းကြောင်း အမြဲတမ်း ကျန်းမာအောင် ဘာတွေလိုက်နာသင့်လဲ

အစာအိမ်နဲ့ အူလမ်းကြောင်းကျန်းမာဖို့ အမြဲတမ်း လိုက်နာသင့်တဲ့ စည်းမျဉ်းတွေ ရှိပါတယ်။

အစားအသောက် ချင့်ချိန်စားပါ
ကျန်းမာရေးနဲ့ မညီညွတ်တဲ့ အစားအသောက်ကို စားသောက်တာကြောင့် ဝမ်းဗိုက်မအီမသာဖြစ်တာကို ခံစားရနိုင်ပါတယ်။ အဆီများတဲ့ အစားအစာတွေ၊ ဆီကြော် စာတွေ၊ ဆားဆော်ဒါတွေ၊ အချဉ်လွန်ကဲတဲ့အစားအစာတွေ၊ ကော်ဖီ၊ လက်ဖက်ရည်၊ ခရမ်းချဉ်သီး စားသုံးတာက သင့် အစာအိမ်နဲ့ အူလမ်းကြောင်း ကျန်းမာမှုကို အနှောင့်အယှက် ဖြစ်စေပါတယ်။

ဆေးလိပ်ဖြတ်ပါ
ဆေးလိပ်သောက်သုံးတာက အစာ ရေမျိုပြွန်အဝရဲ့ ကျုံ့ညှစ်မှုကို အားနည်း စေတာကြောင့် အစာအိမ်ထဲက အက်စစ် နဲ့အစာတွေ နောက်ပြန်ထွက်စေပြီး ရင်ပူ တာကို ဖြစ်စေပါတယ်။ ဆေးလိပ်သောက် တာက အစာအိမ်အနာ ဖြစ်ပွားနိုင်ခြေ များတဲ့အပြင် အစာအိမ်နဲ့ အူလမ်းကြောင်း ကင်ဆာ ဖြစ်ပွားနိုင်ခြေကို များစေပါတယ်။

အရက်အလွန်အကျွံ မသောက်ပါနှင့်

အရက်ကို အလွန်အကျွံသောက်သုံးပါ က အစာအိမ်နဲ့ အူလမ်းကြောင်းကို ဒုက္ခပေး ပါတယ်။ အရက်က အစာအိမ်ရဲ့ အက်စစ် ထုတ်လုပ်မှုနဲ့ အာဟာရစုပ်ယူမှုကို အနှောင့် အယှက်ပေးပါတယ်။ အရက် အလွန်အကျွံ သောက်တာကြောင့် ရင်ပူတာ၊ ဝမ်းသွားတာ၊ အသည်းရောဂါ၊ အစာရေမျိုကင်ဆာ စတာ တွေလည်း ဖြစ်ပွားနိုင်ခြေများပါတယ်။

အစာကို ဖြည်းဖြည်းချင်းစားပါ

အစာကို မြန်မြန်စားတာက အစာအိမ်ထဲက လေတွေ အပြင်ထွက်ချိန်မရဘဲ အထဲမှာပဲ ပိတ်မိနေစေပါတယ်။ အစာစားတဲ့အခါ အစာကိုကြေကြေညက်ညက်ဝါးစားပါ။ ပီကေနဲ့ သကြားလုံးအမာတွေ စားတာက လေတွေကို မျိုချမိနိုင်ပါတယ်။

ဆားလျှော့စားပါ

သင်စားတဲ့အစားအစာ ထဲမှာ ဆားပါဝင်မှုများတဲ့အခါ လေပွတာကို ဖြစ်စေပါတယ်။ အဆင့်ဆင့် ပြုပြင်ထားတဲ့ အစားအစာတွေမှာ ဆားပါဝင် မှုများတာကြောင့်ဒါတွေစား ပြီးတဲ့အခါ လေပွတာကို ခံစား ရနိုင်ပါတယ်။

လေ့ကျင့်ခန်းလုပ်ပါ

ပုံမှန်လေ့ကျင့်ခန်းလုပ်တာက အစာအိမ်နဲ့ အူလမ်းကြောင်းဝေဒနာတချို့ကို ကာကွယ် ပေးနိုင်ပါတယ်။ ကိုယ်လက်လှုပ်ရှား လေ့ကျင့် ခန်း ပြုလုပ်တာက အစာအိမ်နဲ့ အူလမ်းကြောင်း ကို ကျန်းမာစေပြီး အညစ်အကြေးတွေ စွန့် ထုတ်မှုကို အားပေးပါတယ်။ ဒါ့အပြင် စိတ်ဖိ စီးမှုကို လျော့နည်းစေပြီး ဝမ်းဗိုက်မအီမသာ ဖြစ်ပေါ်မှုကို သက်သာစေပါတယ်။

ဇာခြည်ဝင်း (ဆေးဝါးတက္ကသိုလ်)

Post Author: Good Health Journal