အစာအိမ်မှ အစာအထွက်နှေးရောဂါ သို့မဟုတ် အစာခြေရန် ခက်ခဲသောရောဂါ

အစာအိမ်ကြွက်သား ဒါမှမဟုတ် အာရုံကြောပျက်စီးသွားတဲ့အတွက် အစာအိမ် ထဲမှာ ရောက်နေတဲ့အစားအစာတွေက အူထဲကို ရောက်ရှိဖို့ အချိန်အတော်လေးကြာ သွားတဲ့အခြေအနေကိုGastroparesis(အစာအထွက်နှေးရောဂါ)လို့ ခေါ်ပါတယ်။ အဖြစ်များတဲ့ရောဂါတစ်မျိုးတော့ မဟုတ်ပါဘူး။ လူပေါင်းတစ်သိန်းမှာမှ အမျိုးသား ၁၀ ယောက်နဲ့ အမျိုးသမီး အယောက် ၄၀ လောက်သာ ဖြစ်တတ်ပါတယ်။

ဘာကြောင့်ဖြစ်သလဲ
များသောအားဖြင့် ဖြစ်ရတဲ့အကြောင်းရင်းတိတိကျကျမရှိပါဘူး။ အစာအိမ်ကြွက် သားကို ထိန်းချုပ်ပေးတဲ့ Vagus အာရုံကြောပျက်စီးတာကြောင့် ဖြစ်နိုင်ပါတယ်။ ဒီ အာရုံကြောပျက်စီးတဲ့အတွက် အစာအိမ်နဲ့ အူကြွက်သားတွေ လှုပ်ရှားမှုနှေးကွေး သွားပြီး သူတို့ရဲ့ လုပ်ငန်းဆောင်တာတွေ ကျဆင်းသွားတာကြောင့် အစားအစာတွေ က အစာခြေလမ်းကြောင်းတစ်လျှောက် ရွေ့လျားမှုနှေးကွေးသွားတာပါ။ Vagus အာရုံ ကြောပျက်စီးရတဲ့အကြောင်းရင်း များစွာ ရှိပါတယ်။ ဥပမာအားဖြင့် –
– ဆီးချိုရောဂါကို မထိန်းချုပ်နိုင်တာ
– ဝမ်းဗိုက်ခွဲစိတ်ကုသမှု ခံယူထားတာ
– ဓာတ်ရောင်ခြည်နဲ့ ကုသမှုခံယူထားတာ
– ဗိုင်းရပ်စ်ပိုး ကူးစက်ခံထားရတာ
– သိုင်းရွိုက်ဟော်မုန်းလျော့နည်းတဲ့ရောဂါ
– ပါကင်ဆန်လိုမျိုး အာရုံကြောစနစ်ရောဂါ
မူးယစ်ဆေး၊ စိတ်ကျဝေဒနာပျောက်ဆေး၊ အကိုက်အခဲပျောက်ဆေး၊ သွေးဖိ အားကျဆေးနဲ့ ဓာတ်မတည့်မှုပျောက်ဆေးတွေကလည်း အစာအိမ်ရဲ့ လှုပ်ရှားမှုကို နှေးကွေးစေတဲ့အတွက် အစာအထွက်နှေးရောဂါရရှိနိုင်ပါတယ်။ ဘာစားစားအန်တာ နဲ့ အစာစားချင်စိတ်မရှိတာလိုမျိုး အခြေအနေတွေကြောင့်လည်း အစာထွက်နှေးရော ဂါရရှိနိုင်ပါတယ်။ အမျိုးသားတွေနဲ့နှိုင်းယှဉ်ရင် အမျိုးသမီးတွေမှာ ပိုအဖြစ်များပါ တယ်။ အထူးသဖြင့် အဝလွန်တဲ့အမျိုးသမီးတွေ၊ အချိန်အကြာကြီးမတ်တတ်ရပ်ပြီး အလုပ်လုပ်ရသူတွေနဲ့ ဆီးချိုရောဂါကို မထိန်းချုပ်နိုင်သူတွေမှာ အဖြစ်များကြပါတယ်။

ရောဂါလက္ခဏာ
– ဝမ်းဗိုက်အပေါ်ပိုင်း နာကျင်ခြင်း
– ပျို့ခြင်း
– ဝမ်းဗိုက်ထဲက အစာမခြေနိုင်တဲ့အစားအစာတွေကို ပြန်အန်ထုတ်ခြင်း
– အစာစားချင်စိတ်လျော့နည်းခြင်း
– ဝမ်းဗိုက်ပူလာခြင်း
– သွေးတွင်းသကြားဓာတ်အတက်အကျမတည်ငြိမ်ခြင်း
– အစာအနည်းငယ်စားထားသော်လည်း ပြည့်အင့်သလို ခံစားရခြင်း
– စားချဥ့်ပြန်ခြင်း
– အာဟာရဓာတ်ချို့တဲ့ခြင်း
– ရုတ်တရက်ကိုယ်အလေးချိန်ကျဆင်းသွားခြင်း
ရောဂါမဖြစ်အောင် ဘယ်လိုကာကွယ်မလဲ
– ဆေးလိပ်မသောက်ပါနဲ့။ အရက်အလွန်အကျွံမသောက်ပါနဲ့။ ဒီနှစ်မျိုးက ရောဂါ လက္ခဏာတွေကို ပိုမိုဆိုးရွားစေနိုင်တာကြောင့်ပါ။
– အစာခြေဖို့ ခက်ခဲတဲ့အစားအစာတွေကို ရှောင်ကြဉ်ပါ။ ဥပမာအားဖြင့် နို့နဲ့ နို့ ထွက်ပစ္စည်း၊ အပူအစပ်စာ၊ ဆီကြော်စာ၊ ဟင်းသီးဟင်းရွက်ကို မချက်ပြုတ်ဘဲ စားသုံး တာ၊ အမျှင်ဓာတ်ပါဝင်မှုများတဲ့အစားအစာ။
– တရားထိုင်ပါ။ သူက အာရုံကြောလုပ်ငန်းဆောင်တာတွေအတွက် လှုံ့ဆော်ပေး နိုင်ပါတယ်။
– အစာစားတဲ့အခါမှာ သေချာကြေညက်အောင် ဝါးပြီးမှ မျိုချပါ။ အစာစားတာ မလောပါနဲ့။
– အစာစားပြီးပြီးချင်း မလဲလျောင်းပါနဲ့။ လမ်းအနည်းငယ်လျှောက်ပေးတာက အစာခြေဖို့အတွက် အထောက်အကူ ရရှိနိုင်ပါတယ်။
– တစ်နေ့ကို အစာကြီး သုံးကြိမ်စားမယ့်အစား ခြောက်ကြိမ်ခွဲပြီး နည်းနည်းစီစားပါ။
ဆရာဝန်နဲ့ ဘယ်အချိန်ပြမလဲ
အောက်ပါရောဂါလက္ခဏာတွေ ရှိနေရင် ဆရာဝန်နဲ့ ချက်ချင်းပြသပါ။
– အလွန်အမင်းဗိုက်နာခြင်း (နာလိုက်၊ အောင့်လိုက်၊ ပျောက်လိုက်ဖြစ်ခြင်း)
– သွေးတွင်းသကြားဓာတ်အတက်အကျ မတည်ငြိမ်ခြင်း
– အလွန်အမင်း ပျို့အန်ခြင်း
– ကော်ဖီရောင်အန်ခြင်း
– အသက်ရှူမ၀ခြင်း
ဒါ့အပြင် အလွန်အမင်းရေငတ်တာ၊ အာခြောက်တာ၊ ဆီးထွက်နည်းတာ၊ ခေါင်း မူးတာလိုမျိုး ရေဓာတ်ချို့တဲ့လက္ခဏာတွေရှိရင်လည်း ဆရာဝန်နဲ့ ချက်ချင်းပြသပါ။ ဆရာဝန်နဲ့ မပြသခဲ့ရင် အလွန်အမင်းရေဓာတ်ချို့တဲ့တာ၊ အာဟာရဓာတ်ချို့တဲ့တာနဲ့ သွေးတွင်းသကြားဓာတ်အတက်အကျမတည်ငြိမ်တာတွေ ဖြစ်ပြီး ရေရှည်မှာ အလွန် အန္တရာယ်ရှိနိုင်ပါတယ်။

အိမ်တွင်းကုသနည်း
အောက်ပါတို့ဟာ အိမ်တွင်းကုသနိုင်တဲ့နည်းလမ်းတွေပါ။
– စားသောက်မှုပုံစံပြောင်းလဲခြင်း
အစာအထွက်နှေးရောဂါလို့ ရောဂါသတ်မှတ်လိုက်တာနဲ့ စားသောက်မှုပုံစံ ပြောင်းလဲရပါတော့မယ်။ အာဟာရဓာတ်၊ ကယ်လိုရီနဲ့ အရည်ဓာတ် အချိုးအစားကို မှန်ကန်အောင် ရွေးချယ်နိုင်ပါမှ ရောဂါလက္ခဏာတွေ လျော့ကျသွားပြီး နောက်ဆက် တွဲပြဿနာတွေဖြစ်တဲ့ အာဟာရဓာတ်ချို့တဲ့တာနဲ့ ရေဓာတ်ချို့တဲ့တာတွေ မဖြစ် အောင် ကာကွယ်နိုင်မှာပါ။
အမျှင်ဓာတ်များစွာပါဝင်တဲ့အစားအစာတွေက အစာခြေဖို့ ခက်ခဲတဲ့အတွက် ရှောင်ကြဉ်ရပါမယ်။ အမျှင်ဓာတ်ပါဝင်မှုနည်းတဲ့အစားအစာ၊ အဆီပါဝင်မှုနည်းတဲ့အ စားအစာတွေကို စားသုံးပါ။
စားမယ့်အစားအစာက ပျော့ပျောင်းပြီး သေချာ ချက်ပြုတ်ထားရပါမယ်။ အစာ စားတဲ့အခါမှာ ကြေညက်အောင် ဝါးစားပါ။
တစ်နေ့ကို နည်းနည်းစီနဲ့ ငါးကြိမ်မှ ခြောက်ကြိမ်ခန့် စားသုံးပေးပါ။

– အရည်များများသောက်ပါ
ရေက မုန့်ချိုအိတ်မှ အင်ဇိုင်းရည်တွေကို လုံလုံလောက်လောက်ထွက်စေတဲ့အ တွက် အစာထွက်နှေးရောဂါကြောင့်ဖြစ်တဲ့ ရောဂါလက္ခဏာတွေ သက်သာစေပြီး အစာကြေဖို့ လွယ်ကူသွားပါတယ်။
တစ်နေ့တာလုံးအတွက် မကြာခဏ ရေများများသောက်ပေးပါ။ အစာစားနေစဉ် လည်း ရေသောက်ပါ။
သစ်သီးဖျော်ရည်၊ ကြက်စွပ်ပြုတ်ရည်နဲ့ ဟင်းချိုရည်ကျဲကျဲ သောက်နိုင်ပါတယ်။
ကာဗွန်ပါဝင်တဲ့ဖျော်ရည်နဲ့ အချိုဓာတ်များစွာ ပါဝင်တဲ့ဖျော်ရည်တွေကို ရှောင် ကြဉ်ပါ။

– လူ့အကျိုးပြုဘက်တီးရီးယားပါဝင်တဲ့အစားအစာတွေကို စားသုံးပါ
ဒီအစားအစာတွေက ခန္ဓာကိုယ်က အစာချေဖျက်ဖို့အတွက် ကူညီပေးနိုင်ပြီး အာဟာရစုပ်ယူမှုကို ပိုမိုကောင်းမွန်စေပါတယ်။ ဒါ့အပြင် လေပွတာမဖြစ်အောင်လည်း ကာကွယ်ပေးနိုင်ပါတယ်။ ၂၀၁၂ ခုနှစ်က လေ့လာမှုအရ လူ့အကျိုးပြုဘက်တီးရီး ယားပါဝင်တဲ့အစားအစာတွေက အစာထွက်နှုန်းကို အနည်းငယ်မြန်ဆန်စေနိုင်တယ် လို့ တွေ့ရှိခဲ့ပါတယ်။ အထူးသဖြင့် အသက် ၄၁-၆၀ နှစ်အရွယ် ကျန်းမာရေးကောင်း မွန်သူတွေမှာပါ။
ဒိန်ချဉ်၊ ကင်မ်ချီ၊ လက်လုပ်ချဉ်တွေက လူ့အကျိုးပြုဘက်တီးရီးယားပါဝင်တဲ့ အစားအစာတွေ ဖြစ်ပါတယ်။

ချင်းစားသုံးပါ
ချင်းဟာ အစာခြေဖို့အတွက် လိုအပ်တဲ့အစာခြေအင်ဇိုင်းတွေ ထုတ်လုပ်ဖို့ လှုံ့ ဆော်ပေးနိုင်ပါတယ်။ ဒါကြောင့် အစာအိမ်ကနေ အစာထွက်နှုန်းမြန်ဆန်ဖို့အတွက် ကူညီနိုင်ပါတယ်။ ပျို့အန်တဲ့ဝေဒနာလည်း သက်သာသွားနိုင်ပါတယ်။
အစာမစားခင် နာရီဝက်အလိုမှာ ချင်းဖျော်ရည်တစ်ခွက်သောက်ပါ။

– ဗီတာမင် ဒီ မှီဝဲပါ
အစာအထွက်နှေးရောဂါရှိသူတွေအနေနဲ့ မိမိရဲ့ ခန္ဓာကိုယ်အတွင်းမှာ ဗီတာမင် ဒီ ပြည့်ပြည့်၀၀ရှိနေဖို့က မဖြစ်မနေ လိုအပ်ပါတယ်။ နေရောင်ခြည်နဲ့ ထိတွေ့မှုကြောင့် အရေပြားကနေ သူ့ကို ထုတ်လုပ်ပေးနိုင်ပါတယ်။ အရိုးကျန်းမာရေးအတွက် အလွန် အထောက်အကူပြုသလို အစာအိမ်ရွေ့လျားမှုကောင်းမွန်ဖို့အတွက်လည်း အကူအညီ ပေးနိုင်ပါတယ်။
မနက်စောစောမှာ နေရောင်ကာလိမ်းဆေးအသုံးမပြုဘဲ ၁၀-၁၅ မိနစ်ခန့် နေ ရောင်ခြည်နဲ့ ထိတွေ့ပါ။
ဗီတာမင် ဒီ ပါဝင်မှုများတဲ့အစားအစာ (ဥပမာ နို့နဲ့နို့ထွက်ပစ္စည်း၊ အရိုးပါဝါးစားနိုင် တဲ့ငါး)တွေကို စားသုံးပါ။
လိုအပ်ရင် ဆရာဝန်ညွှန်ကြားချက်နဲ့ ဗီတာမင် ဒီ အားဖြည့်ဆေး မှီဝဲနိုင်ပါတယ်။

– ပူဒီနာ စားသုံးပါ
သူက ပျို့အန်တဲ့ဝေဒနာကို သက်သာစေနိုင်ပါတယ်။ အစာခြေဖို့ ကူညီပေးနိုင်ပြီး လေပွတာနဲ့ ဗိုက်အောင့်ဝေဒနာကို သက်သာစေနိုင်ပါတယ်။
ပျို့အန်တဲ့ဝေဒနာသက်သာဖို့အတွက် ပူရှိမ်းဆီအနည်းငယ်ကို လက်ကိုင်ပဝါ မှာဆွတ်ပြီး ရှူပေးပါ။
အစာကြေဖို့အတွက် ပူဒီနာဖျော်ရည်ကို တစ်နေ့ နှစ်ကြိမ် သောက်သုံးပေးပါ။

အပ်စိုက်ကုထုံးနဲ့ အနှိပ်ကုထုံးအသုံးပြုပါ
သေးငယ်တဲ့အပ် ဒါမှမဟုတ် လက်ချောင်းကို အသုံးပြုပြီး နှိပ်နယ်ရမယ့်နေရာ ကို ဖိအားပေးတာကြောင့် အစာထွက်နှေးရောဂါရဲ့ လက္ခဏာတွေဖြစ်တဲ့ ပျို့တာ၊ အန်တာ၊ လေပွတာကို သက်သာစေနိုင်ပါတယ်။ အာရုံကြောလုပ်ဆောင်မှုကောင်းမွန် ပြီး ခုခံအားစနစ်ကိုလည်း မြှင့်တင်ပေးနိုင်ပါတယ်။ ဒါ့အပြင် သွေးလှည့်ပတ်မှု ကောင်း မွန်စေနိုင်တဲ့အတွက် အစာခြေစနစ် လုပ်ဆောင်ချက်ကောင်းမွန်အောင် ကူညီပေးပါ တယ်။
၂၀၁၂ ခုနှစ်က လေ့လာမှုအရ လက်ကောက်ဝတ်နေရာနဲ့ ဒူးခေါင်းဖုံးအရှေ့ အောက်နေရာကို မိနစ်အနည်းငယ်ခန့် နှိပ်ပေးတာကြောင့် ဗိုက်အောင့်ဝေဒနာ သက် သာနိုင်တယ်လို့ သိရပါတယ်။

– သွေးတွင်းသကြားဓာတ်ကို ထိန်းချုပ်ပါ
အမေရိကန်ဆီးချိုရောဂါအဖွဲ့ရဲ့အဆိုအရ ဆီးချိုရောဂါရှိသူတွေအနေနဲ့ အစာ အထွက်နှေးရောဂါရရှိသွားရင် သွေးတွင်းသကြားဓာတ်ကို ထိန်းချုပ်ဖို့ ပိုမိုခက်ခဲသွား တယ်လို့ သိရပါတယ်။ အစာအိမ်မှ အစာထွက်နှုန်း နှေးလိုက်မြန်လိုက်ဖြစ်တာနဲ့အတူ အူထဲကိုအစာရောက်ရှိတဲ့ပမာဏအပြောင်းအလဲတွေကြောင့် သွေးတွင်းသကြားဓာတ် အတက်အကျပြောင်းလဲမှုများတယ်လို့ ဆိုပါတယ်။ ဒီလိုမဖြစ်ရအောင် သင်စားတဲ့ အစားအစာပမာဏကို အမြဲတမ်းစောင့်ကြည့်ရပါမယ်။ လိုအပ်ရင် ဆရာဝန်နဲ့တိုင်ပင် ပြီး အင်ဆူလင် အသုံးပြုရပါမယ်။

Tips
– ရှားစောင်းလက်ပပ်ဖျော်ရည် ဒါမှမဟုတ် နာနတ်သီးဖျော်ရည်သောက်တာက ရောဂါဝေဒနာသက်သာစေနိုင်ပါတယ်။
– အဆီလုံးဝမပါဝင်တဲ့ ဒါမှမဟုတ် နည်းပါးစွာ ပါဝင်တဲ့အစားအစာတွေကိုသာ စားသုံးပါ။ ဝက်ပေါင်ခြောက်၊ ဆလာမီ၊ ဒိန်ခဲ၊ ဂေါ်ဖီထုပ်၊ ပြောင်းဖူးနဲ့ ပဲအမျိုးမျိုးကို လုံးဝမစားပါနဲ့။
– တစ်ချိန်လုံးပျို့အန်နေရင် အနံ့ပြင်းတဲ့အစားအစာတွေနားမှာ မနေပါနဲ့။
– ရောဂါဖြစ်ရတဲ့အကြောင်းရင်းကို ရှာဖွေပြီး သေချာကုသပါ။
– အသက်ပြင်းပြင်းရှူသွင်းရှူထုတ်ပြုလုပ်ပါ။ သူက အစာခြေဖို့ ကူညီနိုင်ပါတယ်။
  ဒေါက်တာခင်မိုးမိုး

Post Author: Good Health Journal

Leave a Reply

Your email address will not be published. Required fields are marked *