အစားအသောက်နဲ့ လည်ချောင်းရောဂါတွေ ဘယ်လိုဆက်စပ်နေသလဲ

Q. လည်ချောင်းဆိုင်ရာရောဂါတွေနဲ့အစားအသောက်ဆက်စပ်မှုရှိပါသလားဆရာ။
A. လည်ချောင်းဆိုင်ရာရောဂါတွေနဲ့ အစားအသောက်ဆက်စပ်မှုရှိပါတယ်။ လည်ချောင်းဆိုင်ရာရောဂါတွေက အများကြီးပါပဲ။ နံပါတ်တစ်က အာခေါင်ရောင်ရောဂါ (Pharyngitis) ဖြစ်နိုင်တယ်။ အဲဒီရောဂါက အပူအစပ်အဆီတွေ အစားများရင် ဖြစ်နိုင်ပါတယ်။ အပူအစပ်စားရင် အာခေါင်ဘေးကို လောင်တတ်တယ်၊ အဆီအစားများရင် အစာမျိုပြွန်နဲ့ အစာအိမ်ကို ထိန်းထားတဲ့ ကြွက်သားတွေ အလုပ်လုပ်တာ နည်းပြီး အစာအိမ်အက်စစ်တွေ လည်ပင်းထဲကို ရောက်လာတတ်ပါတယ်။ အဲဒီလိုရောက်လာတော့ လည်ပင်းထဲမှာ အက်စစ်လောင်ပြီး လည်ပင်းရောင်တတ်ပါတယ်။

Q. ကွမ်းစားတာ၊ ဆေးလိပ်သောက်တာတွေနဲ့ လည်ချောင်းရောဂါတွေ ဆက်စပ်မှုကိုလည်း ရှင်းပြပေးပါ ဆရာ။
A. ကွမ်းစားတာက လျှာကင်ဆာ၊ ခံတွင်းကင်ဆာတွေ ဖြစ်နိုင်ပါတယ်။ ဆေးလိပ်၊ အရက်သောက်တာတွေနဲ့ပါ သောက်သုံးရင်တော့ လည်ပင်းကင်ဆာပါ ဖြစ်စေနိုင်ပါတယ်။ ဆေးလိပ်၊ အရက်သောက်တဲ့သူက လည်ပင်းအမြှေးရောင်ပြီဆိုရင် ပျောက်ကင်းဖို့ ကြာတတ်ပါတယ်။

Q. အပူအစပ် စားတာတွေကကော ဆရာ။
A. အပူအစပ်ကို နှစ်သက်ပြီး အလွန်အကျွံ စားသုံးတာ၊ ထမင်းပူပူ၊ ဟင်းပူပူတွေကို အအေးမခံဘဲ စားသောက်တာတွေကလည်း လည်ပင်းကို ထိခိုက်ပြီး လည်ချောင်းရောင်တာကို ဖြစ်စေနိုင်ပါတယ်။ အပူအစပ် အရမ်းစားလို့ လည်ပင်းရောင်တာမှာ နှစ်ချက်ရှိပါတယ်။ တိုက်ရိုက်ရောင်တာ ဖြစ်နိုင်သလို အက်စစ်တွေ နောက်ပြန်ဆန်တက်လို့ အက်စစ်လောင်ပြီး လည်ပင်းရောင်တာလည်း ဖြစ်နိုင်ပါတယ်။

Q. ရေခဲနဲ့ အလွန်အေးတဲ့အစားအစာတွေ စားသုံးတာကကော ဆရာ။
A. လည်ချောင်းမှာ ရှိတဲ့ဆဲလ်တွေကလည်း ခန္ဓာကိုယ်မှာ ရှိတဲ့ ဆဲလ်တွေလိုပဲ အလုပ်လုပ်နိုင်တယ်။ ရေခဲနဲ့ ရေခဲနဲ့လုပ်ထားတဲ့ အရမ်းအေးတာတွေကို ခဏခဏ စားမယ်ဆိုရင် လည်ပင်းထဲမှာ အရမ်းအေးသွားပြီး လည်ပင်းမှာရှိတဲ့ ဆဲလ်တွေရဲ့ လုပ်ငန်းဆောင်တာတွေ ပျက်စီးသွားနိုင်ပါတယ်။ ပျက်သွားတယ်ဆိုတဲ့ အဓိပ္ပာယ်က လည်ချောင်းထဲမှာ ထွက်သင့်တဲ့ချွဲတွေက မထွက်တော့ဘဲ လည်ချောင်းထဲမှာ ခြောက်သွားမယ်။ လည်ချောင်းခြောက်နေချိန်မှာ အစားအစာတွေကို မျိုချရင် လည်ချောင်းပဲ့တာတွေ ပွန်းတာတွေ ဖြစ်နိုင်ပါတယ်။ နောက်တစ်ခုက လည်ချောင်းထဲမှာရှိတဲ့ အာရုံကြောတွေ ပြောင်းလဲသွားနိုင်ပါတယ်။ ပြောင်းလဲသွားရင် လည်ပင်းထဲမှာရှိတဲ့ ကာကွယ်တဲ့စနစ်တွေ ပြောင်းသွားပြီး ရောဂါပိုးဝင်လွယ်မယ်၊ ထိခိုက်ရှနာဖြစ်လွယ်ပါမယ်။

Q. အာဟာရဓာတ်ချို့တဲ့မှုနဲ့ကော လည်ချောင်းရောဂါတွေ ဆက်စပ်မှုရှိနိုင်ပါသလား ဆရာ။
A. ဆက်စပ်မှု ရှိပါတယ်။ အမျိုးသမီးတွေမှာ သံဓာတ်ချို့တဲ့ရင် လည်ပင်းကင်ဆာဖြစ်တတ်ပါတယ်။ အပူအစပ် လွန်ကဲတာတင် မဟုတ်ဘဲနဲ့ အာဟာရဓာတ်တွေချို့တဲ့ရင်လည်း လည်ပင်းကင်ဆာ ဖြစ်နိုင်ပါတယ်။

Q. လည်ချောင်းရောဂါရှိသူတွေအနေနဲ့ကော အစားအသောက်နဲ့ပတ်သက်ပြီး ဂရုပြုသင့်တာတွေ ရှိပါသလား ဆရာ။
A. လည်ပင်းမှာ အကျိတ်ရှိတဲ့သူတွေက ဘာအကျိတ်လဲဆိုတာပေါ် မူတည်ပါတယ်။ လည်ပင်းထဲမှာ အာခေါင်ထဲမှာ ကင်ဆာဖြစ်လို့ လည်ပင်းအကျိတ်ထွက်တာမျိုးဆိုရင် အစားအသောက်တွေကို ဂရုစိုက်စားဖို့ လိုပါတယ်။ တီဘီကျိတ်လိုမျိုးဆိုရင်တော့ ပုံမှန်အားဖြင့် အကုန်စားလို့ရပါတယ်။ အပူအစပ်တွေကိုတော့ လွန်လွန်ကဲကဲ မစားသင့်ပါဘူး။ အပူအစပ်တွေစားတာများရင် အာခေါင်ရောင်တာတွေပါ ဖြစ်လာတတ်ပါတယ်။

Q. သိုင်းရွိုက်ဂလင်းနဲ့ အစားအသောက် ဆက်စပ်မှုကိုလည်း ရှင်းပြပေးပါဆရာ။
A. သိုင်းရွိုက်ဂလင်းနဲ့ အစားအသောက် သက်ရောက်မှုရှိပါတယ်။ သိုင်းရွိုက်ဂလင်းက သိုင်းရွိုက်ဟော်မုန်းဓာတ် ထုတ်ပေးပါတယ်။ သိုင်းရွိုက်ဟော်မုန်းဓာတ်က အိုင်အိုဒင်းဓာတ်နဲ့ လုပ်ထားတာပါ။ အိုင်အိုဒင်းဓာတ်ကို အစားအသောက်က ရတယ်။ အစားအသောက်ထဲမှာပါတဲ့ အိုင်အိုဒင်းဓာတ်အနည်းအများပေါ် မူတည်ပြီး သိုင်းရွိုက်ဟော်မုန်းဓာတ် ထုတ်လုပ်မှု အနည်းအများဖြစ်ပေါ်တတ်ပါတယ်။ အိုင်အိုဒင်းဓာတ်က လည်ပင်းကြီးရောဂါနဲ့ ဆက်စပ်မှုလည်း ရှိပါတယ်။ လည်ပင်းအကျိတ်ထွက်တဲ့ရောဂါနဲ့လည်း ဆက်စပ်မှုတွေ အများကြီးရှိပါတယ်။ တချို့အစားအသောက်တွေကလည်း သိုင်းရွိုက်ဂလင်းကို တိုက်ရိုက်သွားထိပါတယ်။ ဥပမာ ပင်လယ်စာတို့၊ ကော်ဖီတို့၊ ကွမ်းတို့ကို အလွန်အကျွံ မစားသင့်ပါဘူး။ တောင်ပေါ်ဒေသတွေ၊ မြို့နဲ့ အလှမ်းဝေးတဲ့ဒေသတွေကတော့ အိုင်အိုဒင်းဓာတ်ဖြည့်ထားတဲ့ အိုင်အိုဒင်းဆားကို စားသင့်ပါတယ်။

Q. သိုင်းရွိုက်ဟော်မုန်း အထွက်များနေသူတွေအတွက် ဆင်ခြင်သင့်တာတွေကိုလည်း ရှင်းပြပေးပါ ဆရာ။
A. လည်ပင်းဟော်မုန်းအထွက်များတဲ့သူတွေကတော့ အိုင်အိုဒင်းဆားကို မစားသင့်ဘူး။ ဒါပေမဲ့ ပုံမှန်လူတစ်ယောက်အတွက်တော့ ဆားထဲမှာ အိုင်အိုဒင်းဖြည့်စွက်ထားတဲ့ ဆားကိုပဲ စားသင့်ပါတယ်။

Q. လည်ချောင်းကင်ဆာရှိသူတွေအနေနဲ့ အစားအသောက်နဲ့ပတ်သက်ပြီး ဆင်ခြင်သင့်တာတွေကိုလည်း သိပါရစေဆရာ။
A. လည်ချောင်းကင်ဆာရှိမယ်ဆိုရင် အသံဝင်မယ်၊ လည်ပင်းထဲမှာ တစ်ဆို့တစ်ဆို့ ဖြစ်မယ်။ မျိုချလို့ သိပ်မကောင်းဘူးဆိုရင် လည်ချောင်းကင်ဆာသံသယ ရှိနေပြီ။ လည်ပင်းမှာ အကျိတ်ထွက်တယ်၊ အသံဝင်တယ်ဆိုရင်လည်း လည်ချောင်းကင်ဆာ ရှိ မရှိ စစ်သင့်ပါတယ်။ အဲဒီလိုခံစားနေရသူတွေအနေနဲ့ကတော့ လောလောဆယ် ကင်ဆာရှိနေရင် ဖောလစ်အက်စစ်တို့လို အားဆေးတွေ သောက်သင့်ပါတယ်။ ကင်ဆာနဲ့ပတ်သက်တဲ့ ကုထုံးတွေကို စနစ်တကျကုသမှုခံယူနေချိန်မှာ ဆရာဝန်မှာကြားတဲ့ ရှောင်သင့်တာတွေကို ရှောင်ရပါမယ်။ တချို့လူနာတွေက လည်ချောင်းကင်ဆာရှိလို့ အစာမျိုချရခက်ခဲတယ်ဆိုရင် အစာပျော့ပျော့လေးစားဖို့ တိုက်တွန်းရပါတယ်။ ထွေထွေထူးထူးရှောင်ဖို့ကတော့ ရောဂါအမျိုးအစားနဲ့ အခြေအနေပေါ် မူတည်ပါတယ်။ ရောဂါက သိပ်မဆိုးရင်တော့ အကုန်စားလို့ရပါတယ်။ ရောဂါဆိုးလာရင်တော့ အစာပျော့ပျော့ပဲ စားသင့်ပါတယ်။

Q. လည်ချောင်းရောဂါနဲ့အစားအသောက်ဆက်စပ်မှုနဲ့ပတ်သက်ပြီး ဖြည့်စွက်ပြောကြားလိုတာများရှိရင်လည်း ပြောပြပေးပါ ဆရာ။
A. လည်ချောင်းရောဂါနဲ့ အစားအသောက်နဲ့ ဆက်စပ်မှုကို ပြောရရင် ဘယ်အရာမှ လွန်ကဲတာ မကောင်းပါဘူး။ အပူအစပ် လွန်ကဲရင် မကောင်းဘူး၊ အအေးလွန်ကဲရင် မကောင်းဘူး၊ အသံအသုံးများတဲ့သူတွေ၊ အဆိုတော်တွေပဲဖြစ်ဖြစ်၊ ကျောင်းဆရာဆရာမတွေပဲဖြစ်ဖြစ်၊ ဈေးရောင်းတဲ့သူတွေပဲဖြစ်ဖြစ် အစားအသောက်ကို လွန်ကဲအောင် မစားသင့်ဘူး၊ ရေမကြာမကြာ သောက်ပေးသင့်ပါတယ်။ အာခေါင်ခြောက်နေတာကို ဂရုမထားဘဲနဲ့ စာသင်မယ်၊ ဈေးရောင်းမယ်၊ အော်မယ်၊ စကားအများကြီးပြောမယ်၊ အကျယ်ကြီး ပြောမယ်ဆိုရင် လည်ချောင်းကွဲတတ်ပါတယ်။ အဲဒါကို ဂရုမစိုက်ဘဲ ဆက်ပြောနေမယ်ဆိုရင် လည်ချောင်းကွဲတာ မပျောက်တော့ပါဘူး။ အစားအသောက် တင်မကဘူး၊ ရေသောက်တဲ့အခါမှာလည်း သတိထားဖို့ လိုပါတယ်။ အပူအအေး လွန်ကဲတာကို ရှောင်ရမယ်။ လည်ချောင်း ရောဂါရှိတဲ့သူတွေက ဖုန်ထူတဲ့ နေရာတွေကို ရှောင်သင့်ပါတယ်။ ဖုန်ထူရင်၊ အမှုန်အမွှားများရင် အာခေါင်ထဲမှာ ရောင်နေတာက မပျောက်တော့ဘူး၊ ပျောက်ပြီးသားရောဂါလည်း ပြန်ဖြစ်တတ်ပါတယ်။ လည်ချောင်းကတော့ အစားအသောက်ရယ်၊ လေရယ် ထိန်း သိမ်းရပါမယ်။ ကိုယ်ရှူသွင်းလိုက်တဲ့လေ၊ ရှူထုတ်လိုက်တဲ့လေ သန့်ရှင်းလတ်ဆတ်ဖို့လည်း လိုပါတယ်။ ရှူသွင်းလိုက်တဲ့လေမှာ ဖုန်တအားများရင်လည်း လည်ချောင်းကို ဒုက္ခပေးတတ်ပါတယ်။ အစားအ သောက်ကလည်း အပူအအေး လွန်ကဲတာမစားဖို့လိုပါတယ်။ အရေးကြီးတဲ့ အချက်တစ်ခုက အစာအိမ်ရောဂါရှိတဲ့သူတွေ လည်ချောင်းနာရင် သတိထားဖို့ပါပဲ။

ဒေါက်တာဝင်းထိုက်ကြည်(နား နှာခေါင်း လည်ချောင်းအထူးကုဆရာဝန်)

Post Author: Good Health Journal

Leave a Reply

Your email address will not be published. Required fields are marked *