အဓမ္မပြုကျင့်ခံရသူတစ်ယောက်ကို ဘယ်လိုစောင့်ရှောက်မှုပေးမလဲ-၁

အဓမ္မပြုကျင့်မှုတွေအကြောင်း မပြောခင်မှာ Gender ဆိုတဲ့ စကားလုံးကို စရှင်းပြချင်ပါတယ်။ ဒီစကားလုံးကို တချို့ကလည်း ဂျန်ဒါလို့ပဲ မူရင်းအတိုင်း ခေါ်ဝေါ်ရေးသားကြတယ်။ တချို့ကတော့လည်း ကျားမရေးရာ လို့ မြန်မာမှုပြုကြတယ်။ လူမှုလိင်လို့လည်း ဘာသာပြန်ကြတယ်။

ကလေးလေးတစ်ယောက်မွေးလာပြီဆိုရင် ယောကျာ်းလေးလား မိန်းကလေးလားသိဖို့ လိင်အင်္ဂါကိုကြည့်မှ သိနိုင်ပါတယ်။ ဆိုလိုတာက ယောကျာ်း မိန်းမ ဆိုတဲ့လိင်ဟာ မွေးကတည်းက ပါလာပါတယ်။ အဲဒီနောက် လူပျို အပျိုဖြစ်လာပြီဆိုရင် ယောကျာ်းလေးက သုတ်ထွက်တယ်၊ မိန်းကလေးက ရာသီလာတယ်၊ ကိုယ်ဝန်ဆောင်ရတယ်။ ဒါတွေကို Sex လိင်လို့ သတ်မှတ်တယ်၊ မွေးကတည်းက ပါလာတယ်၊ ပြောင်းလဲလို့ မရဘူး။ ယောကျာ်းလေးဖြစ်ပြီး ကိုယ်ဝန်ဆောင်ချင်လို့ မရသလို၊ မိန်းကလေးဖြစ်ပြီးလည်း သုတ်လွှတ်ချင်လို့ မရဘူး။ (တချို့က ငြင်းတယ်၊ ပြောင်းလို့ရပါတယ် တဲ့၊ ခုခေတ်မှာ ယောကျာ်းကနေ မိန်းမဖြစ်အောင် ခွဲစိတ်တာ၊ မိန်းမကနေ ယောကျာ်းဖြစ်အောင် ပြုပြင်တာတွေ ရှိလာတယ်၊ ဒါပေမယ့် တကယ့်အတွင်းပိုင်း အနှစ်သာရတွေကိုတော့ ပြောင်းလို့မရသေးဘူး၊ ဥပမာ မိန်းမတော့ဖြစ်သွားမယ်၊ ကိုယ်ဝန်ဆောင်လို့ မရသေးဘူး၊ ရာသီမပေါ်သေးဘူး၊ ယောကျာ်းတော့ ဖြစ်သွားမယ်၊ သုက်မလွှတ်နိုင်သေးဘူး) နောက်ပြီး ဘယ်နေရာ ဘယ်ဒေသမှာမဆို ဒါတွေက ရှိနေတယ်၊ ဥရောပက မိန်းကလေးလည်း ဒီပုံစံပဲ၊ အာရှတိုက်က ကောင်မလေးတွေလည်း ဒီပုံစံပဲ။

 

ဂျန်ဒါဆိုတာကတော့ အဲဒီလိုမွေးဖွါးလာပြီးတဲ့နောက်မှာ ယောကျာ်းလေးက ဘယ်လိုဖြစ်သင့်တယ်၊ မိန်းကလေးက ဘယ်လိုဖြစ်သင့်တယ် ဆိုပြီး ပတ်ဝန်းကျင်က သတ်မှတ်ပေးလိုက်တဲ့ သတ်မှတ်ချက်များကို ဆိုလိုပါတယ်။ ဥပမာ ယောကျာ်းလေးဆိုတာ သတ္တိရှိရတယ်၊ ဦးဆောင်နိုင်ရမယ်၊ မျက်ရည်မကျရဘူး၊ အလှအပ မကြိုက်ရဘူး၊ မိန်းကလေးဆိုတာ ဗိုင်းကောင်းကျောက်ဖိ နေရတယ်၊ သိမ်မွေ့ရတယ်၊ ဒါမျိုးသတ်မှတ်ချက်တွေကို ဂျန်ဒါ လို့ခေါ်တယ်။ ဒါတွေဟာ မွေးကတည်းက ပါလာတာမဟုတ်ဘဲ ကြီးပြင်းလာတဲ့အချိန်မှာ ပတ်ဝန်းကျင်က သင်ကြားပေးလိုက်တာတွေပဲ ဖြစ်ပါတယ်။ ပြောင်းလဲလို့ ရနိုင်တယ်၊ နောက်ပြီး နေရာဒေသ၊ လူမျိုး၊ ယဉ်ကျေးမှုဓလေ့ထုံးစံတွေပေါ် မူတည်ပြီး တစ်နေရာနဲ့ တစ်နေရာ မတူနိုင်ဘူး။ ပွင့်လင်းတဲ့ ဥရောပက မိန်းကလေးတွေရဲ့ ပုံစံနဲ့ သိမ်မွေ့နူးညံ့တဲ့ ကျွန်တော်တို့ မြန်မာမိန်းကလေးတွေရဲ့ ပုံစံကို ယှဉ်ကြည့်ရင် သိသာနိုင်ပါတယ်။

 

အဲဒီလို သတ်မှတ်ချက်တွေကြောင့် ဘာတွေ ဖြစ်လာသလဲ။ ယောကျာ်းနဲ့မိန်းမကြားမှာ မညီမျှမှုတွေ ဖြစ်လာပါတယ်။ ယောကျာ်းက မြင့်မြတ်တယ်၊ မိန်းမက နိမ့်ကျတယ် ဒီလိုအယူအဆတွေ ဖြစ်လာတယ်။ အဲဒီမညီမျှမှုတွေကနေ ခွဲခြားဆက်ဆံမှုတွေ ဆက်ဖြစ်တယ်။ ထိခိုက်နစ်နာမှုတွေ ရှိလာတယ်။ အဲဒီထဲမှာ ထိပ်တန်းကနေရာယူထားတာကတော့ လိင်ပိုင်းဆိုင်ရာ အကြမ်းဖက်မှုတွေပါပဲ။ အဓမ္မပြုကျင့်မှု ဆိုတာကတော့ လိင်ပိုင်းဆိုင်ရာ အကြမ်းဖက်မှုပုံစံတစ်မျိုးပေါ့။ ကလေးဘ၀ကနေ နောက်ဆုံး သက်ကြီးရွယ်အိုတွေအထိ အချိန်မရွေး ကြုံသွားရနိုင်တယ်။ ပြုကျင့်ခံရရုံနဲ့တင် မပြီးသေးဘူး၊ နောက်ဆက်တွဲဒုက္ခတွေလည်း ကြုံရသေးတယ်။ ကိုယ်ဝန်ရသွားတာ၊ ရောဂါကူးစက်ခံရတာ၊ အဆိုးဆုံးကတော့ ပတ်ဝန်းကျင်ရဲ့ ပြစ်တင်ကဲ့ရဲ့မှုတွေပဲ ဖြစ်ပါတယ်။

 

အဲဒီအကြောင်းကို ဆက်မပြောခင် ကျားမအခြေပြု အကြမ်းဖက်မှု (Gender based violence) ဆိုတာကို အဓိပ္ပါယ်ဖွင့်ဆိုပါရစေ။

ကျားမကွဲပြားမှုပေါ် အခြေခံ၍ လူတစ်ဦးတစ်ယောက်၏ စိတ်ဆန္ဒနှင့် ဆန့်ကျင်ပြီး ထိခိုက်နစ်နာအောင် ပြုလုပ်လိုက်သော အပြုအမူများကို ကျားမအခြေပြုအကြမ်းဖက်မှု လို့ ခေါ်ပါတယ်။

(Gender discrimination + against the will + harmful action = Gender based violence)

ကျားမအခြေပြုအကြမ်းဖက်မှု (၅)မျိုး ရှိပါတယ်

၁) ရုပ်ပိုင်းဆိုင်ရာအကြမ်းဖက်မှု – ရိုက်နှက်ခြင်း၊ ကန်ကျောက်ခြင်း

၂) စိတ်ပိုင်းဆိုင်ရာ အကြမ်းဖက်မှု – ဆဲရေးခြင်း၊ ခြိမ်းခြောက်ခြင်း၊ ယိသဲ့သဲ့စကားပြောခြင်း

၃) လူမှုရေးပိုင်းဆိုင်ရာ အကြမ်းဖက်မှု – ပညာသင်ခွင့်မရှိခြင်း၊ လုပ်ခလစာ လျှော့ပေးခံရခြင်း၊ အမွေရပိုင်ခွင့် ငြင်းပယ်ခံရခြင်း

၎) လိင်ပိုင်းဆိုင်ရာ အကြမ်းဖက်မှု – အလိုမတူဘဲ အဓမ္မပြုကျင့်ခြင်း၊ ကိုင်တွယ်ပွတ်သပ်ခြင်း

၅) အန္တရာယ်ရှိသော ရိုးရာအလေ့အထများ – မလိင်အင်္ဂါ လှီးဖြတ်ခြင်း၊ မိန်းကလေးမှန်းသိ၍ ကိုယ်ဝန်ဖျက်ချခြင်း၊ စောစီးစွာ အတင်းအကြပ် အိမ်ထောင်ချခြင်း စတာတွေပဲ ဖြစ်ပါတယ်။

 

အဲဒီလို ကျားမအခြေပြု အကြမ်းဖက်မှုတွေ ဘာကြောင့်ဖြစ်နေရသလဲဆိုရင်တော့ အဓိကအကြောင်းရင်း (၃)ခုရှိပါတယ်။ ရှေ့ကပြောခဲ့တဲ့ အကြမ်းဖက်မှုအမျိုးအစားတွေထဲက ကြိုက်တာတစ်ခုကို ဆွဲထုတ်လိုက်ပါ၊ ဘယ်တစ်ခုမှာမဆို ဒီအကြောင်းရင်း(၃)ခုကို တွေ့ရပါလိမ့်မယ်။

 

၁) ကျားမခွဲခြားဆက်ဆံခြင်း (Gender discrimination)

ကျွန်တော်တို့မြန်မာ့အသိုင်းအ၀ိုင်းမှာ ဆိုးဆိုးရွားရွား အန္တရာယ်ဖြစ်စေလောက်တဲ့အထိ နှိမ့်ချဆက်ဆံတာမျိုး မရှိပေမဲ့ အမျိုးသမီးတွေကို အမျိုးသားတွေလောက်တော့ အရေးပေးဆက်ဆံလေ့ မရှိကြတာ အမှန်ပါပဲ။ Leadership နဲ့ပတ်သက်လာလို့ရှိရင်လည်း အဖွဲ့အစည်းတစ်ခုမှာ အမျိုးသားဦးဆောင်တော့မှ ပိုကောင်းတယ်လို့ အမျိုးသမီးတွေကိုယ်တိုင်ကကို ယူဆထားကြတာပါ။ အားနွဲ့တဲ့မိန်းမသားအဖြစ် ညှာတာစရာ လို့ အမျိုးသမီးတွေကို မြင်နေကြသရွေ့တော့ အခြားတစ်ဖက်မှာ အနိုင်ကျင့်စရာ၊ အထင်သေးစရာ၊ ငါတို့ပြုသမျှ နုရမဲ့သူတွေ လို့ အမြင်ခံနေကြရဦးမှာလည်း အသေအချာပါပဲ။

 

၂) ပါဝါ အလွဲသုံးစားလုပ်ခြင်း (Power abuse)

လောကမှာ တစ်ယောက်နဲ့တစ်ယောက် ပါဝါတွေမတူကြပါဘူး။ ရာထူး၊ လုပ်ပိုင်ခွင့်၊ ငွေကြေး၊ ခွန်အား၊ ဥာဏ်ပညာ စသဖြင့် ပါဝါတွေ ကွာခြားကြပါတယ်။ ဒါတွေကို တူအောင် လိုက်ညှိလို့မရပေမဲ့ ပါဝါရှိတဲ့သူတွေ အဲဒီပါဝါကို အလွဲသုံးစားမလုပ်အောင်တော့ ထိန်းချုပ်ထားလို့ ရပါတယ်။ ဥပမာဆိုရင် အမျိုးသမီးတစ်ယောက် မြို့လယ်ခေါင်မီးထိန်ထိန်လင်းနေတဲ့နေရာမှာ အ၀တ်အစား မလုံ့တလုံမကလို့ ဘာမှကိုဝတ်မထားဦးတော့၊ အဓမ္မပြုကျင့်ခံရဖို့ ခက်ပါတယ်။ လူတွေလည်း ရှိနေတယ်၊ မီးကလည်း လင်းနေတယ်၊ မြင်နေရတာကိုး။ ဒါပေမဲ့ မီးမှောင်မှောင်လူပြတ်တဲ့နေရာမျိုးမှာတော့ ထမီ(၁၀)ထပ်လောက် ၀တ်ထားရင်တောင် အန္တရာယ်အရမ်းများပါတယ်။ ပါဝါကို တလွဲအသုံးချဖို့ လွယ်လွယ်ကူကူလေး ဖြစ်နေတဲ့အတွက်ကြောင့် ဖြစ်ပါတယ်။ ပုံမှန်ဆိုရင် ပေါင်၂၀၀ရှိတဲ့ မိန်းမတစ်ယောက်ကို ခပ်ပိန်ပိန်လူတစ်ယောက်အနေနဲ့ ခွန်အားသုံး အဓမ္မကျင့်ဖို့ ခက်ပါတယ်၊ ဒါပေမဲ့ အဲဒီမိန်းမကို အချိုရည်ဗူးထဲ ဆေးခပ်ပြီး သတိမေ့သွားအောင် လုပ်နိုင်ခဲ့မယ်ဆိုရင်တော့ လွယ်ကူသွားပါပြီ၊ ပါဝါပိုကြီးတဲ့သူဟာ အဲဒီခပ်ပိန်ပိန်ယောကျာ်း ဖြစ်သွားလို့ပါပဲ။ ဒါကြောင့် ဒီလိုပါဝါအလွဲသုံးစားမှုတွေ မရှိဖို့အတွက်ဆိုရင် တရားဥပဒေစိုးမိုးမှု၊ လုံခြုံရေးကဏ္ဍရဲ့ အစီအမံတွေ၊ ဒါတွေ အရေးတကြီး လိုအပ်လာပါတယ်။

 

၃) လူ့အခွင့်အရေးကို မလေးစားခြင်း (Disrespect human rights)

လူ့အခွင့်အရေး လို့ ပြောလိုက်တိုင်းမှာ အခြေခံအကျဆုံး လုပ်ရမဲ့အချက်က လူတစ်ဦးတစ်ယောက်ချင်းစီတိုင်းဟာ သူတစ်ပါးရဲ့ အခွင့်အရေးကို လေးစားပေးကြဖို့ပါပဲ။ “All individuals have to respect the rights of others.” လူ့အခွင့်အရေးကို လေးစားတန်ဖိုးထားတဲ့ နိုင်ငံများမှာတော့ လူလူချင်း မပြောနဲ့၊ တိရိစ္ဆာန်ကိုတောင် လေးလေးစားစား ဆက်ဆံတတ်ကြတယ်။ ကိုယ့်မှာ ဘာအခွင့်အရေးတွေ ရှိလဲဆိုတာကိုလည်း သိတယ်၊ တောင်းလည်းတောင်းဆိုတတ်တယ်၊ အဲဒီလိုပဲ သူတစ်ပါးရဲ့ အခွင့်အရေးတွေကိုလည်း တန်ဖိုးထားတယ်၊ လေးစားတယ်။ ပြောရရင်တော့ သူတို့တွေဟာ ကိုယ့်ကိုကိုယ် ‘လူ’လို့ ခံစားရတယ်၊ အဲဒီတော့ ဘေးပတ်ဝန်းကျင်က လူတွေကိုလည်း ‘လူ’လို့မြင်နိုင်ကြတယ်။ ကျွန်တော်တို့လို လူအခွင့်အရေး ဆိုတဲ့စကားလုံးကို မနေ့တစ်နေ့ကမှ ပါးစပ်က ကျယ်ကျယ်လောင်လောင် ပြောရဲတဲ့ တိုင်းပြည်များမှာကျတော့ ကိုယ့်မှာ ဘာအခွင့်အရေးတွေ ရှိမှန်းလည်း မသိဘူး၊ ရှိမှန်းတောင် မသိတဲ့နောက်တော့ တောင်းဆိုရကောင်းမှန်း လေးစားရကောင်းမှန်းလည်း မသိကြတော့ဘူး။ မိန်းကလေးတစ်ယောက်ရဲ့ ခန္ဓာကိုယ်အစိတ်အပိုင်းတွေကို မှိုချိုးမြစ်ချိုးပြောလိုက်ခြင်း၊ သားပြောမယားပြော ပြောလိုက်ခြင်းတွေဟာ တကယ်တော့ သူ့ရဲ့အခွင့်အရေးကို ချိုးဖောက်လိုက်ခြင်းပါပဲ။ ဒါပေမဲ့ လုပ်လိုက်တဲ့သူကလည်း မသိသလို၊ ခံလိုက်ရတဲ့ အမျိုးသမီးကိုယ်တိုင်ကလည်း ဒါဟာ ပြစ်မှုမြောက်မှန်း၊ တိုင်ရကောင်းမှန်း မသိဘူး။

 

ဒါကြောင့် အမျိုးသမီးများအပေါ် အကြမ်းဖက်မှုတွေကို လျော့နည်းပပျောက်သွားစေချင်တယ်ဆိုရင် ဒီအချက်(၃)ချက်ကို နည်းသထက်နည်းလာအောင် လုပ်ဆောင်ကြရမှာ ဖြစ်ပါတယ်။ မိန်းကလေးတွေ လျှပ်ပေါ်လော်လီ မ၀တ်ကြတော့ရုံ၊ ယောကျာ်းတွေ အရက်မမူးတော့ရုံနဲ့ ပြေလည်သွားနိုင်တဲ့ကိစ္စ မဟုတ်ပါဘူး။ ယောကျာ်းဆိုတာ ဒီလိုဖြစ်သင့်တယ်၊ မိန်းမဆိုတာ ဒီလိုဖြစ်သင့်တယ် စတဲ့ လူမှုရေးသတ်မှတ်ချက်တွေကို ပြောင်းလဲရှုမြင်ကြရမယ်၊ အမျိုးသမီးဆိုတာနဲ့ အားနွဲ့တဲ့သူတွေအဖြစ် တွဲပြီးမြင်နေကြတာကို ပြင်ကြရမယ်။ လုပ်ငန်းရှင်တွေက လုပ်ခလစာ အညီအမျှပေးအောင်၊ ယောကျာ်းတွေက ခွန်အားသုံး အနိုင်မကျင့်အောင်၊ ဒီလိုတွေ ပါဝါကို တလွဲမသုံးနိုင်ကြအောင် တရားဥပဒေနဲ့ အကာအကွယ်ပေးကြရမယ်။ နောက်ပြီး လူ့အခွင့်အရေးတွေကို သိရှိပြီး လူလူချင်း လူကိုလူလို မြင်ပေးနိုင်ကြဖို့လည်း လိုပါတယ်။

 

အဲဒီအပြင် ဒီလိုအကြမ်းဖက်မှုတွေဖြစ်အောင် ပံ့ပိုးနေတဲ့အချက်တွေကိုလည်း လျှော့ချနိုင်ဖို့ လိုပါတယ်။ ပညာမတတ်တဲ့သူများတာ၊ အရက်နဲ့မူးယစ်ဆေးဝါး အင်မတန်ပေါတာ၊ လူနေမှုအဆင့်အတန်းနိမ့်ကျတာ၊ ဆင်းရဲမွဲတေတာ၊ တရားဥပဒေစိုးမိုးမှု အားနည်းတာ၊ စစ်မက်ဖြစ်လို့၊ ဘေးအန္တရာယ်တခုခုဖြစ်လို့ လူမှုရေးအခြေအနေတွေ မတည်မငြိမ်ဖြစ်နေတာ၊ ဒီလိုအနေအထားတွေမှာဆိုရင် အကြမ်းဖက်မှုတွေက ပိုလို့ဖြစ်လွယ်ပါတယ်။ ဒါကြောင့် အကြမ်းဖက်မှုကို ဖြစ်စေတဲ့ အကြောင်းရင်း(၃)ခုကို ရှောင်ဖို့ လိုသလို၊ ပံ့ပိုးနေတဲ့အချက်တွေကို နည်းသွားအောင် လုပ်နိုင်ဖို့ လိုပါတယ်။ တကယ်တော့ ဒါဟာ အားလုံးက အသိရှိရှိနဲ့ ပူးပေါင်းပါဝင်ကြမှ ဖြစ်နိုင်မဲ့ကိစ္စဖြစ်သလို တကယ့်ကို ခရီးရှည်ကြီးတစ်ခုလိုပါပဲ။

 

ဒီလိုအမှုအခင်းတွေ နည်းလာဖို့ ကာကွယ်မှုတွေ လုပ်နေတဲ့တစ်ပြိုင်တည်းမှာပဲ တစ်ဖက်မှာလည်း အမှုအခင်းတွေ ဖြစ်လာရင် နောက်ဆက်တွဲဆိုးကျိုးတွေ မခံစားရစေအောင် တုံ့ပြန်ဆောင်ရွက်နိုင်ဖို့အတွက် ကြိုတင်ပြင်ဆင်ထားရပါမယ်။ ဒီတော့ နောက်ဆက်တွဲပြဿနာအများဆုံးနဲ့ အတွေ့ရအများဆုံး အကြမ်းဖက်မှုဖြစ်တဲ့ အဓမ္မပြုကျင့်မှုနဲ့ပတ်သက်ပြီး တုံ့ပြန်ဆောင်ရွက်သင့်တာတွေကို နောက်တစ်ပတ်မှာ ဆက်ရေးပါမယ်။

ဒေါက်တာဖြိုးသီဟ

Post Author: Good Health Journal

Leave a Reply

Your email address will not be published. Required fields are marked *