အပန်းဖြေခရီး ဘာကြောင့် သွားသင့်သလဲ

လူတိုင်းမှာ စိတ်ဖိစီးမှု အနည်း အများရှိကြပါတယ်။ ပညာသင်ကြားတဲ့ အရွယ်မှာ ဖြစ်ဖြစ်၊ ဥစ္စာရှာတဲ့ အရွယ်မှာ ဖြစ်ဖြစ် စိတ်ဖိစီးမှုက ရှိကြပါတယ်။ Deadline နဲ့ နီးနေလို့ လောရတာ၊ ခက်ခဲတဲ့ ဆုံးဖြတ်ချက်ချဖို့ စဉ်းစားရတာ၊ လူမှုရေးရာ ကိစ္စအဝ၀ဆောင်ရွက်ရတာ၊ အိမ်အလုပ်တွေလုပ်ရတာ စတာတွေကို လူတိုင်း ကြုံတွေ့ရမှာပါ။ စိတ်ဖိစီးမှု အနည်း အများကို နေ့တိုင်းရင်ဆိုင်နေရတတ်ပါတယ်။ အချိန်ကာလတစ်ခု အတော် ကြာကြာ စိတ်ဖိစီးမှုတွေပဲ ဆက်တိုက် ကြုံတွေ့နေရတယ်ဆိုရင် ကျန်းမာရေးကိုပါ ထိခိုက်လာနိုင်ပါတယ်။ 

စိတ်ဖိစီးမှုကြာရှည်လာတဲ့အခါမှာ ခန္ဓာကိုယ်ရဲ့ ကိုယ်ခံအားစနစ်က အားနည်းလာပြီး အလွယ်တကူ ဖျားနာလွယ်နိုင်ပါတယ်။ အစာခြေစနစ်ကိုလည်း ထိခိုက်စေပြီး အိပ်မပျော်တာတွေ ဖြစ်လာနိုင်ပါတယ်။ စိတ်လှုပ်ရှားတာ၊ စိတ်တိုလွယ်တာ၊ ဆုံးဖြတ်ချက်မချနိုင်တာတွေပါ ကြုံတွေ့ခံစားရနိုင်ပါတယ်။

ကြိုတင်ပြင်ဆင်ပါ
အားလပ်ရက် ခရီးထွက်ဖို့အတွက် ကြိုတင်ပြင်ဆင်ဖို့လည်းလိုပါတယ်။ သင်သွားမယ့် ခရီးအတို အရှည်ပေါ်မူတည်ပြီး အသေးစိတ် ကြိုတင်ပြင်ဆင်မှုတွေ လုပ်မယ်ဆိုရင် အနားကပ်မှ လောရတဲ့ စိတ်ပင်ပန်းမှု မရစေတော့ပါဘူး။ သင်သွားမယ့် နေရာ၊ ဒေသမှာရှိတဲ့ သူငယ်ချင်းမိတ်ဆွေတွေကို ကြိုတင်မေးမြန်းတာ၊ ခရီးသွားအေဂျင်စီတွေဆီ ဆက်သွယ် စုံစမ်းတာမျိုးတွေ လုပ်ထားသင့်ပါတယ်။ ဒါမှ အပန်းဖြေခရီးသွားတာရဲ့ ကောင်းကျိုးတွေကို အပြည့်အဝ ခံစားရမှာဖြစ်ပါတယ်။ ဘာကောင်းကျိုးတွေရမလဲဆိုတော့ –

 စိတ်ဖိစီးမှု ကျစေမယ်
သုတေသီတွေက ခရီးသွားတွေကို လေ့လာတဲ့အခါ အပန်းဖြေခရီးသွားတာက စိတ်ဖိစီးမှုနဲ့ စိတ်လှုပ်ရှားမှုတွေကို သိသိသာသာ လျော့ကျစေတာ တွေ့ရပါတယ်။ အားလပ်ရက်မှာ ခရီးထွက် အပန်းဖြေတာက စိတ်ဖိစီးမှု စက်ဝန်းကို ချိုးဖျက်နိုင်ပြီး ခွန်အားသစ်တွေ တစ်ဖန်မွေးမြူနိုင်စွမ်းကို ပေးပါတယ်။ ခရီးက ပြန်ရောက်ပြီးနောက် ငါးပတ်လောက်ထိ စိတ်ဖိစီးမှု လျော့ကျနေမှာ ဖြစ်ပါတယ်။

 နှလုံးကျန်းမာရေးကောင်းစေတယ်
သုတေသီတွေရဲ့ လေ့လာချက်အရ ခရီးလုံးဝမထွက်သူတွေက တစ်နှစ်ကို အနည်းဆုံးတစ်ပတ်လောက် ခရီးသွား အပန်းဖြေသူတွေထက် နှလုံးရောဂါ ရနိုင်ခြေ သုံးဆယ်ရာခိုင်နှုန်း ပိုများတာကို တွေ့ ရှိခဲ့ပါတယ်။ ဒါကြောင့် အနည်းဆုံး တစ်နှစ်တစ်ခေါက်လောက်တော့ ခရီးသွား အပန်းဖြေဖို့ ကြိုးစားသင့်ပါတယ်။

 စိတ်ဓာတ်ကျတာကို သက်သာစေတယ်
စိတ်ဓာတ်ကျတဲ့အခါ ခရီးသွား အပန်းဖြေတာက စိတ်ခံစားမှုကို ကောင်းမွန် သွားစေနိုင်ပါတယ်။ ခရီးသွား အနားယူလိုက်တာက ပြဿနာတွေ ဖြေရှင်းဖို့ အမြင်သစ်၊ အတွေးအခေါ်သစ်တွေပါ ရရှိလာမှာဖြစ်ပါတယ်။ နှစ်စဉ် အနည်းဆုံး တစ်ခါ ခရီးထွက် အပန်းဖြေပေးတာက လုပ်ငန်းတာဝန်တွေ စွမ်းဆောင်ရည်ကို ရှစ်ရာခိုင်နှုန်းစီ တိုးတိုးသွားနိုင်တယ်လို့ သုတေသီတွေက ဆိုပါတယ်။ Productivity ကို မြင့်တက်စေတယ်လို့ ပြောနိုင်ပါတယ်။

 နှစ်နှစ်ခြိုက်ခြိုက် အိပ်ပျော်စေတယ်
အလုပ်ဖိအားတွေကြောင့် အိပ်မပျော်တာ၊ အိပ်ခါနီး စိတ်သောကရောက်စေမယ့် အကြောင်းတွေ စဉ်းစားတာ၊ အိပ်ခါနီးမှ အီးမေးလ်ဝင်စစ်တာတွေက အိပ်ပျော်ဖို့ ခဲယဉ်းစေပါတယ်။ အိပ်ရေးမဝတာက နိုးကြားမှု၊ အာရုံစူးစိုက်မှုကို ထိ ခိုက်စေပြီး ရေရှည်မှာ မှတ်ဥာဏ်ကိုပါ လျော့နည်းစေပါတယ်။ ခရီးသွား အပန်းဖြေတာက အိပ်မပျော်စေတဲ့ အကျင့်ဆိုးတွေကို ပျောက်စေပြီး ကွာလတီ အပြည့်အဝ အိပ်ပျော်စေပါတယ်။

ဒါကြောင့် ခရီးသွားဖို့ ကြိုတင် အစီအစဉ်ဆွဲပါ၊ ယူသွားမယ့် ပစ္စည်းတွေ ပြင်ဆင်ပါ၊ Enjoy yourself and enhance your wellness.

#ဒါလီကို (Mahidol University)

Post Author: Good Health Journal

Leave a Reply

Your email address will not be published. Required fields are marked *