အမျိုးသမီးများ၏မျိုးပွားနိုင်စွမ်းကို လွှမ်းမိုးနိုင်သည့် အချက်များ

ဇနီးမောင်နှံတွေအနေနဲ့ လက်ထပ်ပြီး သုံးလအတွင်းမှာ ကလေးရနိုင်ခြေက ၅၀ ရာခိုင်နှုန်းပဲရှိပြီး ကျန် ၅၀ ရာခိုင်နှုန်းကတော့ ကလေးရဖို့ တစ်နှစ် ဒါမှမဟုတ် နှစ်အတော်ကြာတဲ့အထိ စောင့်ဆိုင်းရတတ်ကြပါတယ်။ အမျိုးသမီးတွေရဲ့မျိုးပွားနိုင် စွမ်းကို လွှမ်းမိုးနိုင်တဲ့အချက်တွေ များစွာရှိတဲ့အထဲက အသက်အရွယ်၊ မျိုးရိုးဗီဇနဲ့ ကျန်းမာရေးပြဿနာတွေကတော့ ပြုပြင်လို့ မရပါဘူး။ ကျန်ပြဿနာတွေကတော့ ပြုပြင်နိုင်ရင် ဒါမှမဟုတ် ရှောင်ရှားနိုင်ရင် ကလေးလိုချင်နေသူတွေအဖို့ ကလေးရနိုင် ခြေများလာနိုင်ပါတယ်။

၁။ ကိုယ်အလေးချိန်
သင်ရဲ့ခန္ဓာကိုယ်အလေးချိန်နဲ့ အရပ်အမောင်းအချိုးအစား(BMI)ဟာ အဝလွန် တဲ့ အုပ်စုထဲဝင်နေမယ်ဆိုရင် ဟော်မုန်းထုတ်လုပ်မှုလုပ်ငန်းမှာ အနှောင့်အယှက်ဖြစ် နိုင်တဲ့အတွက် ကလေးရဖို့ခက်ခဲသွားနိုင်ပါတယ်။ အမျိုးသမီးတွေအနေနဲ့ ကိုယ်အ လေးချိန်များလေလေ သူတို့ရဲ့ မမျိုးဥအိမ်လုပ်ဆောင်ချက်က လျော့နည်းလေလေလို့ ဖီလာဒဲဖီရား သားဖွားနဲ့မီးယပ်ဌာနက ဥက္ကဋ္ဌဖြစ်သူက ပြောပါတယ်။ ၂၀၀၉ ခုနှစ်က လေ့လာမှုအရလည်း အသက် ၁၈ နှစ်အရွယ်မှာ အဝလွန်တဲ့မိန်းကလေးတွေအနေ နဲ့ မမျိုးဥအိမ်မှာ အရည်အိတ်တည်နိုင်ခြေ (PCOS) အလွန်များပြားပြီး မျိုးပွားနိုင်စွမ်း ပြဿနာဖြစ်လာနိုင်တယ်လို့ သိရပါတယ်။
ပိန်လွန်းသူတွေအနေနဲ့လည်း မျိုးပွားနိုင်စွမ်းအပေါ်မှာ ထိခိုက်နိုင်တယ်လို့ သိရ ပါတယ်။ ခန္ဓာကိုယ်အလေးချိန်နဲ့အရပ်အမောင်းအချိုးအစားအလွန်နည်းပါးသူတွေ ဟာ Leptin ဟော်မုန်းချို့တဲ့နေတတ်ပါတယ်။ အဲဒီဟော်မုန်းဟာ ဆာလောင်မှုပေါ်မှာ လွှမ်းမိုးမှုရှိပြီး ချို့တဲ့နေတတ်တာကြောင့် ဓမ္မတာမလာတာဖြစ်ပေါ်နိုင်ပါတယ်။

၂။ အိမ်သုံးဓာတုပစ္စည်း
ပိုးသတ်ဆေး၊ စက်ရုံသုံးဓာတုပစ္စည်းနဲ့ အဆိပ်အတောက်တွေ၊ ညစ်ညမ်းပစ္စည်း တွေကြောင့် ကိုယ်ဝန်ရရှိနိုင်ခြေ ၂၃ ရာခိုင်နှုန်းလျော့နည်းနိုင်ပါတယ်။ မကြာသေးမီ က ဝါရှင်တန်တက္ကသိုလ်က ပြုလုပ်ထားတဲ့လေ့လာမှုအရ နေ့စဉ်သုံး ဓာတုပစ္စည်း ၁၅ မျိုးက စောစီးစွာမီးယပ်သွေးဆုံးနိုင်ခြေနဲ့ဆက်စပ်နေတယ်လို့ သိရပါတယ်။ အဲဒီ ထဲက ကိုးမျိုးကို ၁၉၉၇ ခုနှစ်ကတည်းက အသုံးပြုဖို့ရပ်ဆိုင်းထားခဲ့ပါတယ်။ ကျန်တဲ့ အထဲက Phthalates နှစ်မျိုး (လက်သည်းနီဆိုးဆေးနဲ့ ရေမွှေးတွင် ပါဝင်သည့်ပစ္စည်း)၊ ပိုးသတ်ဆေးသုံးမျိုးနဲ့ စက်ရုံထုတ်ပစ္စည်းတွေနဲ့ ထိတွေ့မှုများတာကြောင့် မျိုးပွားမှုမှာ အနှောင့်အယှက်ဖြစ်နိုင်ပါတယ်။

၃။ ဆေးလိပ်သောက်ခြင်း
ဆေးလိပ်သောက်တာကြောင့် သန္ဓေသားပေါ်မှာ အန္တရာယ်ရှိနိုင်သလို ကလေးရ ယူတဲ့နေရာမှာလည်း ခက်ခဲမှုဖြစ်နိုင်ပါတယ်။ ကလေးမရနိုင်တဲ့သူတွေရဲ့ ၁၃ ရာခိုင် နှုန်းဟာ ဆေးလိပ်သောက်တာကြောင့်လို့ အမေရိကန်မျိုးပွားအင်္ဂါအဖွဲ့ ထုတ်ဖော် ချက်အရ သိရပါတယ်။ ဆေးလိပ်သောက်တာက ဟော်မုန်းကို အနှောင့်အယှက်ဖြစ် တဲ့အပြင် DNA ပါ ပျက်စီးသွားနိုင်ပါတယ်။ ဆေးလိပ်အများကြီးသောက်မှ မြုံသွား တာမဟုတ်ပါဘူး။ တစ်ခါတလေ ဆေးလိပ်သောက်တာ ဒါမှမဟုတ် မကြာခဏ တစ် ဆင့်ခံ ဆေးလိပ်ငွေ့ရှူတာ (မိမိပတ်ဝန်းကျင်ကသူတွေ ဆေးလိပ်သောက်နေရင်) တွေကြောင့် မျိုးပွားမှုမှာအခက်အခဲဖြစ်နိုင်ပါတယ်။

၎။ လေ့ကျင့်ခန်းအလုပ်လွန်ခြင်း
လေ့ကျင့်ခန်းပြုလုပ်တာက ခန္ဓာကိုယ်ကျန်းမာသန်စွမ်းပြီး မျိုးပွားနိုင်ဖို့အတွက် အသုံးဝင်တယ်ဆိုပေမယ့် အလွန်အကျွံလေ့ကျင့်ခန်းလုပ်တာကြောင့် မမျိုးဥကြွေတဲ့ လုပ်ငန်းမှာ အနှောင့်အယှက်ဖြစ်သွားနိုင်ပါတယ်။ ကိုယ်အလေးချိန်နဲ့အရပ်အချိုးအ စား ပုံမှန်အနေအထားမှာရှိပြီး တစ်ပတ်ကို ငါးနာရီထက်ပိုပြီး လေ့ကျင့်ခန်းအလွန်အ ကျွံလုပ်သူတွေက မျိုးပွားဖို့အခက်အခဲတွေရှိနိုင်တယ်လို့ ၂၀၁၂ ခုနှစ်က လေ့လာမှု အရသိရပါတယ်။

၅။ သန္ဓေတားထိုးဆေးအသုံးပြုခြင်း
ကျွမ်းကျင်သူတွေရဲ့အဆိုအရ သန္ဓေတားဆေးအသုံးပြုတာကို ရပ်တန့်ပြီး တစ် လအတွင်းမှာ ကလေးပြန်ရနိုင်တယ်လို့ သိရပါတယ်။ ဒါပေမဲ့ သုံးလခံသန္ဓေတား ဆေးကို ထိုးတဲ့သူတွေအနေနဲ့ ကိုယ်ဝန်ရဖို့ အချိန်ကြာကြာစောင့်ဆိုင်းရတယ်လို့ ဆို ပါတယ်။ ဒါကြောင့် ကလေးလိုချင်သူတွေအနေနဲ့ ထိုးဆေးကို မိမိကလေးယူမယ့် လမတိုင်ခင် လေးငါးခြောက်လလောက်ကြိုတင် ဆေးဖြတ်ထားရပါမယ်။

၆။ ကျန်းမာရေးပြဿနာဖြစ်နေခြင်း
သားအိမ်ထဲမှာ အလုံးရှိတာ၊ မမျိုးဥအိမ်မှာ အရည်အိတ်တည်နေတာ၊ သားအိမ် အမြှေးပါး သားအိမ်ပြင်ပရောက်နေတာလိုမျိုး အစရှိတဲ့ကျန်းမာရေးပြဿနာတွေက အမျိုးသမီးတွေရဲ့မျိုးပွားနိုင်စွမ်းကို အနှောင့်အယှက်ပေးနိုင်ပါတယ်။ သွေးလေး ဖက်နာရောဂါလိုမျိုး Autoimmune ရောဂါရှိနေရင်လည်း မျိုးပွားဖို့အခက်အခဲရှိနိုင် ပါတယ်။

ဒေါက်တာခင်မိုးမိုး

Post Author: Good Health Journal

Leave a Reply

Your email address will not be published. Required fields are marked *