အမျိုးသားတိုင်း ပြုလုပ်သင့်သော ကျန်းမာရေးစစ်ဆေးမှု

ကျန်းမာရေးစစ်ဆေးမှုကို အချိန်မီ ပြုလုပ်တာဟာ အမျိုးသားတို့ကျန်းမာရေးအတွက် အရေးကြီးတဲ့အချက်တစ်ခုဖြစ်ပါတယ်။ ကျန်းမာရေးစစ်ဆေးမှုပြုလုပ်ထားတာကြောင့် ဝေဒနာမခံစားရခင် ရောဂါရှိမှန်း သိရှိနိုင်တဲ့အတွက် ကုသရာမှာ လွယ်ကူသွားနိုင်ပါတယ်။ ဥပမာအားဖြင့် ဆီးချိုရောဂါရှိမှန်း စောစောစီးစီးသိခဲ့ရင် အမြင်အာရုံပျက်စီးတာနဲ့ ပန်းသေပန်းညှိုးဖြစ်တာလိုမျိုး နောက်ဆက်တွဲပြဿနာတွေ မဖြစ်အောင် ကာကွယ်ပေးနိုင်ပါတယ်။ သင့်အသက်အရွယ်နဲ့ သင့်ရောဂါဖြစ်နိုင်ခြေပေါ် မူတည်ပြီး စစ်ဆေးမှုတွေ ပြုလုပ်ပေးနိုင်ပါတယ်။

ဆီးကျိတ်ကင်ဆာ
ဆီးကျိတ်ကင်ဆာဟာ အမျိုးသားတွေမှာ အဖြစ်များဆုံးသော ကင်ဆာတစ်ခု ဖြစ်ပါတယ်။ များသောအားဖြင့် ပြန့်ပွားနှုန်း နှေးကွေးပေမယ့် ပြန့်ပွားနှုန်းမြန်တဲ့ ဆီးကျိတ်ကင်ဆာအမျိုးအစားလည်း ရှိပါတယ်။ ကျန်းမာရေးစစ်ဆေးမှုပြုလုပ်တာကြောင့် ရောဂါလက္ခဏာမပြခင်မှာ ရောဂါရှိမှန်း သိရှိနိုင်တဲ့အတွက် အချိန်မီ ထိရောက်စွာ ကုသနိုင်ပါတယ်။
စစ်ဆေးခြင်း ► စအိုကနေ လက်နှိုက်ပြီး စစ်ဆေးတာနဲ့ သွေးထဲမှာ PSA ပါဝင်တဲ့ ပမာဏကို စစ်ဆေးတာမျိုး ပြုလုပ်နိုင်ပါတယ်။ အသက် ၅၀ ကျော် အမျိုးသားတိုင်း စစ်ဆေးသင့်ပါတယ်။ ရောဂါဖြစ်နိုင်ခြေများတဲ့ အာဖရိအမေရိကန်လူမျိုးတွေက ၄၅ နှစ်အရွယ်ကနေ စတင်စစ်ဆေးသင့်ပြီး မိသားစုဝင်တွေထဲမှာ ဆီးကျိတ်ကင်ဆာရှိသူတွေအနေနဲ့ အသက် ၄၀ အရွယ်မှာ စတင် စစ်ဆေးသင့်ပါတယ်။

ဝှေးစေ့ကင်ဆာ
အသက် ၂၀ နဲ့ ၅၄ နှစ်ကြား အမျိုးသားတွေမှာ ဖြစ်ပွားတတ်တဲ့ ကင်ဆာအမျိုးအစားပါ။
စစ်ဆေးခြင်း ► အမျိုးသားတိုင်း ဆရာဝန်နဲ့ ပြသတဲ့အခါမှာ ဝှေးစေ့ကို စစ်ဆေးသင့်တယ်လို့ အမေရိကန်ကင်ဆာအဖွဲ့က မှတ်ချက်ပေးထားပါတယ်။ ရောဂါဖြစ်နိုင် ခြေများတဲ့ အမျိုးသား (မိသားစုရာဇဝင်ရှိသူ ဒါမှမဟုတ် ကပ်ပယ်အိတ်ထဲ ဝှေးစေ့မရောက်သူ) တွေက ဆရာဝန်နဲ့ ပြသပြီး လိုအပ်တဲ့ ထပ်မံစစ်ဆေးမှုတွေ ပြုလုပ်သင့်ပါတယ်။ ရေချိုးနေစဉ်မှာလည်း မိမိဘာသာမိမိ ဝှေးစေ့မှာ အကျိတ် ရှိ မရှိ၊ အရွယ်အစား ပြောင်းလဲမှု ရှိ မရှိ၊ ပုံသဏ္ဌာန်ပြောင်းလဲမှု ရှိ မရှိ စစ်ဆေးပါ။

အူမကြီးကင်ဆာ
အူမကြီးကင်ဆာဟာ ကင်ဆာကြောင့် သေဆုံးနှုန်း ဒုတိယအများဆုံး အမျိုးအစားဖြစ်ပါတယ်။ အမျိုးသားတွေက အမျိုးသမီးတွေထက် အနည်းငယ် ပိုအဖြစ်များပါတယ်။ အူမကြီးကင်ဆာအများစုဟာ အူမကြီးနံရံအမြှေးပါးမှာ အသီးအကျိတ်ဖြစ်ပေါ်ရာကနေ တဖြည်းဖြည်း ကင်ဆာအဖြစ် ပြောင်းလဲသွားတာပါ။ ကင်ဆာအဖြစ် ပြောင်းလဲသွားပြီးနောက်ပိုင်း ခန္ဓာကိုယ်ရဲ့ တခြားနေရာတွေကိုပါ ပျံ့နှံ့သွားတတ်ပါတယ်။ ဒါကြောင့် အူမကြီးကင်ဆာမဖြစ်အောင် ကာကွယ်ဖို့အတွက် အူနံရံရှိ အကျိတ်လုံးလေးတွေ ကင်ဆာအဖြစ် မပြောင်းလဲခင်မှာ ရှာဖွေပြီး ဖယ်ရှားပေးဖို့ လိုပါတယ်။
စစ်ဆေးခြင်း ► အသက် ၅၀ အရွယ်အမျိုးသားတိုင်း အူမကြီးကင်ဆာအတွက် စစ်ဆေးမှုပြုလုပ်သင့်ပါတယ်။ အူမကြီးအတွင်း မှန်ပြောင်းထည့်ပြီး ကြည့်ရှုတာ၊ CT Scan ရိုက်တာ၊ အထူးဓာတ်မှန်ရိုက်တာ(Marium Enema) ရိုက်တာတွေ ပြုလုပ်ရပါမယ်။ အကယ်၍ အူမကြီးအမြှေးမှာ အသီးအကျိတ်တွေ တွေ့ခဲ့ရင် မှန်ပြောင်း ကြည့်ရင်းနဲ့ ဖယ်ရှားပေးနိုင်ပါတယ်။

အရေပြားကင်ဆာ
မယ်လနိုးမားက အန္တရာယ်အရှိဆုံး အရေပြားကင်ဆာအမျိုးအစားပါ။ အရေပြားအရောင်ကို ဖြစ်ပေါ်စေတဲ့ မယ်လနိုဆိုက်စ် ဆဲလ်တွေကနေ ပုံမမှန်ဖြစ်သွားပြီး ပွားများသွားတာကြောင့်ပါ။ အသက်ကြီးတဲ့အမျိုးသားတွေက သက်တူရွယ်တူအမျိုးသမီးတွေထက် မယ်လနိုးမားဖြစ်နိုင်ခြေ နှစ်ဆပိုများပါတယ်။ မယ်လနိုးမားအမျိုးအစား မဟုတ်တဲ့ တခြားအရေပြားကင်ဆာအမျိုးအစားဟာလည်း အမျိုးသားတွေမှာ အမျိုးသမီးတွေထက် ဖြစ်နိုင်ခြေ နှစ်ဆမှ သုံးဆ ပိုများပါတယ်။ နေရောင်နဲ့ ထိတွေ့မှုများတာ၊ နေရောင်ခြည်အောက်မှာ ရေကူးဝတ်စုံနဲ့ အချိန်အကြာကြီးနေတာတွေကြောင့် ရောဂါဖြစ်နိုင်ခြေပိုများပါတယ်။
စစ်ဆေးခြင်း ► လူတိုင်းလူတိုင်း မိမိအရေပြားမှာ ရှိနေတဲ့ အမှတ် ဒါမှမဟုတ် မှဲ့ ရဲ့ အရောင်၊ ပုံသဏ္ဌာန်၊ အရွယ်အစား ပြောင်းလဲမှု ရှိ မရှိ မိမိကိုယ်တိုင် ပုံမှန်စစ်ဆေးသင့်တယ်လို့ အမေရိကန်ကင်ဆာအဖွဲ့က ညွှန်ကြားထားပါတယ်။ အရေပြားကင်ဆာကို စောစောစီးစီး တွေ့ရှိခဲ့ရင် ကုသမှုက အလွန်ထိရောက်မှုရှိနိုင်ပါတယ်။

သွေးတိုးရောဂါ
သွေးတိုးရောဂါဖြစ်နိုင်ခြေက အသက်ကြီးလာတာနဲ့အမျှ များပြားလာပါတယ်။ ကိုယ်အလေးချိန်၊ ဘဝနေထိုင်မှုပုံစံတွေနဲ့လည်း ဆက်စပ်မှုရှိပါတယ်။ သွေးတိုးရောဂါကြောင့် သွေးကြောဖောင်းကားတာလိုမျိုးအပါအဝင် ဆိုးရွားတဲ့နောက်ဆက်တွဲ ပြဿနာတွေ ဖြစ်လာနိုင်ပါတယ်။ သွေးတိုးရောဂါကို ပျောက်ကင်းအောင် ကုသနိုင်ရင် နှလုံးရောဂါ၊ လေဖြတ်တာ၊ ကျောက်ကပ်ပြဿနာဖြစ်နိုင်ခြေတွေ လျော့နည်းသွားနိုင်ပါတယ်။
စစ်ဆေးခြင်း ► သွေးဖိအားကို တိုင်းတာပါ။ သွေးဖိအားအမှတ်ကို အပေါ်သွေးအမှတ်နဲ့ အောက်သွေးအမှတ်ဆိုပြီး နှစ်မျိုး ခွဲခြားထားပါတယ်။ အပေါ်သွေးအမှတ်က နှလုံးခုန်နေစဉ်အတွင်း သွေးကြောထဲ ရောက်ရှိနေတဲ့ ဖိအားအမှတ်ဖြစ်ပြီး အောက်သွေးအမှတ်က နှလုံးခုန်နှုန်း တစ်ခုနဲ့တစ်ခုအကြား သွေးကြောထဲ ရောက်ရှိနေတဲ့အမှတ် ဖြစ်ပါတယ်။ ပုံမှန်သွေးဖိအားက ၁၂၀/၈၀ ထက် နည်းရပါမယ်။ ၁၄၀/၉၀ ထက် များနေရင် သွေးတိုးရောဂါလို့ သတ်မှတ်ပါတယ်။ သင်ရဲ့ သွေးဖိအားအမှတ်ပေါ် မူတည်ပြီး သွေးဖိအားတိုင်းတဲ့ စစ်ဆေးမှုအကြိမ်အရေအတွက်တွေ ကွာခြားသွားနိုင်ပါတယ်။

ကိုလက်စထရောစစ်ဆေးခြင်း
သွေးထဲမှာ မကောင်းတဲ့ ကိုလက်စထရောအဆင့်တွေ မြင့်နေရင် သွေးကြောနံရံထဲမှာ သွေးခဲဖတ်တွေ စုဆောင်းမှုဖြစ်လာပြီး နှလုံးရောဂါနဲ့ သွေးကြောရောဂါ(သွေးကြောမာကျောပြီး ကျဉ်းမြောင်းသွားတာ)တွေ ဖြစ်လာနိုင်ပါတယ်။ ဒီရောဂါတွေက နှစ်ပေါင်းများစွာ ဘာလက္ခဏာမှ မပြဘဲ ဖြစ်နေတတ်ပါတယ်။ ကြာလာတဲ့အခါမှာ နှလုံးတိုက်ခိုက်ခံရတာနဲ့ လေဖြတ်တဲ့အထိပါ ဆိုးရွားနိုင်ပါတယ်။ ဘဝနေထိုင်မှုပုံစံ ပြောင်းလဲတာနဲ့ ဆေးဝါးအသုံးပြုတာကြောင့် သွေးတွင်းမကောင်းတဲ့ ကိုလက်စထရောတွေ ကျဆင်းနိုင်ပါတယ်။
စစ်ဆေးခြင်း ► ည ၁၀ နာရီနောက်ပိုင်း ဘာအစာမှမစားဘဲ နောက်တစ်နေ့ မနက် ၈ နာရီမှာ သွေးဖောက်ပြီး သွေးတွင်းပမာဏကို စစ်ဆေးနိုင်ပါတယ်။ မကောင်းတဲ့ ကိုလက်စထရော၊ ကောင်းတဲ့ကိုလက်စထရောနဲ့ သွေးအဆီ ထရိုင်ဂလစ်ဆရိုက်ဆိုပြီး သုံးမျိုးခွဲခြားထားပါတယ်။ အမျိုးသားတွေအနေနဲ့ နှလုံးရောဂါဖြစ်နိုင်ခြေများနေရင် အသက် ၂၀ အရွယ်မှ စတင်စစ်ဆေးသင့်ပြီး ပုံမှန်အမျိုးသားတွေအနေနဲ့ အသက် ၃၅ နောက်ပိုင်းမှာ စစ်ဆေးသင့်ပါတယ်။

အမျိုးအစား(၂) ဆီးချိုရောဂါ
ဆီးချိုရောဂါကို မထိန်းချုပ်နိုင်ရင် နှလုံးရောဂါ၊ လေဖြတ်တာ၊ ကျောက်ကပ်ရောဂါနဲ့ အမြင်ဆုံးရှုံးတာ၊ အာရုံကြောပျက်စီးတာနဲ့ ပန်းသေပန်းညှိုးတွေ ဖြစ်လာနိုင်ပါ တယ်။ ဆီးချိုရောဂါရှိမှန်း စောစောစီးစီးသိရင် အစားအသောက်၊ လေ့ကျင့်ခန်း၊ ကိုယ်အလေးချိန် လျှော့ချတာနဲ့ ဆေးဝါးအသုံးပြုပြီး ရောဂါကို ထိန်းချုပ်နိုင်ကာ နောက်ဆက် တွဲဆိုးကျိုးတွေ မဖြစ်အောင် ကာကွယ်နိုင်ပါတယ်။
စစ်ဆေးခြင်း ► ည ၁၀ နာရီနောက်ပိုင်း ဘာအစာမှ မစားဘဲ မနက် ၈ နာရီမှာ သွေးတွင်းသကြားဓာတ်ပမာဏကို စစ်ဆေးပါ။ အသက် ၄၅ နှစ်နောက်ပိုင်း သုံးနှစ် တစ်ကြိမ် စစ်ဆေးသင့်ပါတယ်။ သင့်မှာ သင်ရဲ့ သွေးတွင်းကိုလက်စထရောမြင့်နေတာ ဒါမှမဟုတ် သွေးတိုးရှိတာလိုမျိုး ရောဂါဖြစ်နိုင်ခြေ များနေရင် အသက် ၄၅ နှစ် မတိုင်ခင် စတင် စစ်ဆေးသင့်ပါပြီ။

HIV
HIV ဟာ AIDS ရောဂါကို ဖြစ်စေတဲ့ ဗိုင်းရပ်စ်ဖြစ်ပါတယ်။ HIV ပိုး ကူးစက် ခံရသူဟာ ဘာရောဂါလက္ခဏာမှ မပြဘဲ သွေးနဲ့ ခန္ဓာကိုယ်ရဲ့ အရည်တွေထဲမှာ ရောဂါပိုးတွေ ရှိနေတတ်ပါတယ်။ မိန်းမကိုယ်၊ စအိုဝ၊ ခံတွင်း၊ မျက်စိ ဒါမှမဟုတ် အရေပြားပြတ်ရှဒဏ်ရာမှတစ်ဆင့် ခန္ဓာကိုယ်ရဲ့ အရည်တွေ ထိတွေ့ပြီး တစ်ဦးကနေတစ်ဦးကို ကူးစက်နိုင်ပါတယ်။ ရောဂါအတွက် ကာကွယ်ဆေး ဒါမှမဟုတ် ကုသဆေး မရှိသေးပါဘူး။ ဒါပေမဲ့ HIV ပိုးရှိသူတွေကို AIDS ရောဂါအဆင့်အထိ မရောက်အောင်တော့ ဆေးဝါးနဲ့ ထိန်းချုပ်ထားနိုင်ပါတယ်။
စစ်ဆေးခြင်း ► HIV ပိုးရှိနေသူတွေဟာ နှစ်ပေါင်းများစွာ ရောဂါလက္ခဏာမပြဘဲ ရှိနေတတ်တဲ့အတွက် သူတို့ရောဂါရှိကြောင်း သိဖို့ တစ်ခုတည်းသောနည်းလမ်းက သွေးစစ်တာပဲ ဖြစ်ပါတယ်။ လောလောဆယ် ရောဂါကူးစက်ခံထားရသူတွေအနေနဲ့ နြါအေငလန အဖြေသာ ထွက်နိုင်တဲ့အတွက် ထပ်မံပြီး စစ်ဆေးဖို့ လိုအပ်ပါတယ်။ ရောဂါပိုး ကူးစက်ပြီး နှစ်လအကြာမှာ စစ်ဆေးသင့်ပေမယ့် ငါးရာခိုင်နှုန်းသော လူတွေက ခြောက်လအကြာအထိ နြါအေငလန အဖြေထွက်နိုင်ပါတယ်။ HIV ပိုးနဲ့ လိင်မှတစ် ဆင့်ကူးစက်တတ်တဲ့ရောဂါတွေ မရရှိအောင် ကွန်ဒုံးလို အကာအကွယ်တွေ အသုံးပြုပြီးမှသာ လိင်ဆက်ဆံပါ။ မူးယစ်ဆေးအသုံးပြုသူတွေအနေနဲ့ ဆေးထိုးအပ်ကို ဝေမျှပြီး မသုံးစွဲပါနဲ့။

ရေတိမ်ရောဂါ
မျက်စိအာရုံကြော (Optic Nerve) တဖြည်းဖြည်း ပျက်စီးတာကြောင့် ဖြစ်တဲ့ ရောဂါဖြစ်ပြီး အမြင်အာရုံဆုံးရှုံးနိုင်ပါတယ်။
စစ်ဆေးခြင်း ► ဘာရောဂါမှ လက်္ခဏာမပြတဲ့အတွက် Optic Nerve မပျက်စီးခင်မှာ ရောဂါရှိမှန်း သိအောင် မျက်စိထဲမှာ ဖိအားမြင့်တက်မှု ရှိ မရှိ စစ်ဆေးသင့်ပါတယ်။ အသက် ၄၀ အောက်တွေအနေနဲ့ နှစ်နှစ်မှ လေးနှစ်ကြား တစ်ကြိမ်၊ အသက် ၄၀-၄၅ နှစ်ကြားက တစ်နှစ်မှ သုံးနှစ်ကြား တစ်ကြိမ်၊ ၅၅-၆၄ နှစ်ကြားက တစ်နှစ်မှ နှစ်နှစ်ကြား တစ်ကြိမ်နဲ့ အသက် ၆၅ နှစ်ကျော်သူတွေအနေနဲ့ ခြောက်လမှ တစ်နှစ်ကြား တစ်ကြိမ် မျက်စိရေတိမ်စစ်ဆေးပါ။
မိသားစုဝင်ထဲမှာ ရေတိမ်ရောဂါရှိသူ၊ မျက်စိထိခိုက်ဒဏ်ရာရရှိထားသူ၊ စတီးရွိုက်ဆေးဝါးအသုံးပြုရသူ ဒါမှမဟုတ် အာဖရိကန်အမေရိကန်လူမျိုးဖြစ်သူတွေမှာ ရောဂါဖြစ်နိုင်ခြေ မြင့်မားတဲ့အတွက် ဆရာဝန်နဲ့ တိုင်ပင်ပြီး စောစောစီးစီး စစ်ဆေး င့်ပါတယ်။

♦ ဒေါက်တာခင်မိုးမိုး ♦

Good Health Journal

Post Author: Good Health Journal

Leave a Reply

Your email address will not be published. Required fields are marked *