အသက်ရာကျော်ရှည်သူတို့ လက္ခဏာများ . . .

၁။ အသက်ထက် ရုပ်ရည်က ပိုနုတယ်လို့ ခံစားမိနေခြင်း
ဒီလိုဆိုလိုက်ရင် အကုန်လုံးက ဟာသတစ်ခုလို့ ထင်ကြပါလိမ့်မယ်။ တကယ်တမ်းတော့ အမေရိကန်ပြည် ထောင်စုမှာ အသက်ရာကျော်ရှည်သူ ပေါင်း ၇၂၀၀၀ ကျော်ကို လေ့လာပြီးတဲ့ နောက်မှာ ဒီအချက်ကို တွေ့ရှိခဲ့တယ်လို့ Reader’s Digest Magazine က ဆို ထားပါတယ်။ မိမိရဲ့ ရုပ်ရည်နဲ့ပတ်သက် ပြီး ယုံကြည်ချက်ရှိနေတာဟာ အသက် ရှည်ဖို့ ပိုပြီးတော့ မျှော်လင့်ချက်တွေပေး ထားရာရောက်တယ်လို့ ဆိုပါတယ်။ အသက် ၆၅ နှစ်အထက် အမျိုးသား၊ အမျိုးသမီးတွေကို သုတေသနပြုကြည့် တဲ့အခါ သူတို့ရဲ့ ရှိရင်းစွဲအသက်ထက် ၅ နှစ်လောက် ငယ်နေတယ်လို့ ခံစားနေ ရတဲ့သူတွေဟာ တခြားသူတွေထက် အသက် ၁၀ နှစ်လောက် ပိုရှည်တာကို တွေ့ရပါတယ်။ နောက်ထပ် အံ့ဩစရာ ကောင်းတဲ့ အချက်ကတော့ မိမိကိုယ်မိမိ အိုစာတယ်လို့ ခံယူနေမိတဲ့သူတွေဟာ တက်ကြွလန်းဆန်းမှု နည်းပါးနေသလို စိတ်ပိုင်းဆိုင်ရာ ကျန်းမာကြံ့ခိုင်မှုလည်း လျော့နည်းတယ်လို့ ဆိုကြပါတယ်။ ဒီလိုမျိုး အရွယ်ပိုကျနေတယ်လို့ ခံစား မိသူတွေထဲက ၄၁ ရာခိုင်နှုန်းလောက် ဟာပိုပြီးတော့ အသက်အန္တရာယ်စိုး ရိမ်ရတာကို တွေ့ရပါတယ်။

၂။ ဟင်းသီးဟင်းရွက်၊ သစ်သီးဝလံ စားသုံးမှု များခြင်း
အထူးသဖြင့် အမျိုးသမီးတွေထဲက အသီးအရွက်မကြာခဏ စားသုံးသူ ၄၆ ရာခိုင်နှုန်းလောက်ဟာ တခြားအမျိုးသမီး တွေထက် အသက်ပိုရှည်တယ်လို့ ဆိုကြ ပါတယ်။ မီချီဂန် တက္ကသိုလ်မှ သုတေသီ တွေကတော့ အသက် ၇၀ နဲ့ အထက် လူပေါင်း ၇၀၀ ကျော်ကို လေ့လာပြီးတဲ့ အခါမှာ အသက်ရှည်ဖို့ အသီးအရွက်တွေ ပိုပြီးစားသင့်တယ်လို့ တိုက်တွန်းလိုက် ပါတယ်။ ဂျပန်ပြည် အိုကီနာဝါမှာရှိတဲ့လူ တွေဟာ တခြားတိုင်းပြည်မှာရှိတဲ့သူ တွေထက် အသက်ပိုရှည်ကြပြီးတော့ သူတို့ဟာ အပင်အနှံကရတဲ့ အစား အသောက်တွေကို အများဆုံးစားသုံးကြ တဲ့သူတွေလည်း ဖြစ်ပါတယ်။

၃။ မိမိကိုယ်မိမိချစ်နိုင်မယ့်နည်းလမ်း တစ်ခု မဟုတ်တစ်ခု ရှိနေခြင်း
အကောင်းမြင်စိတ်ရှိတာဟာ လူတစ်ယောက်အတွက် အသက်ရှည်ဖို့နည်းလမ်းကောင်းတစ်ခုဖြစ်ပါတယ်။ အသက်ရာကျော်ရှည်သူတွေထဲက ၈၀ ရာခိုင်နှုန်းလောက်ဟာ မိမိကိုယ်မိမိ အကောင်းမြင်စိတ်ရှိသလို ပျော်ရွှင် အောင် နေနိုင်မယ့် နည်းလမ်းကို သိတဲ့ သူတွေလည်း ဖြစ်နေပါတယ်။ ဖြစ်လာတဲ့ အခြေအနေတွေ လိုက်လျောညီထွေ ဖြစ်အောင်ဖြစ်နေတာ၊ လူတွေနဲ့ သင့် အောင် နေထိုင်တဲ့သူတွေဟာ စိတ်ဖိစီးမှု၊ စိုးရိမ်ပူပန်မှုတွေ လျော့နည်းနေသလို အပူအပင်ကင်းကင်း နေနိုင်ကြပါတယ်။

၎။ ငါးစားလေ့စားထရှိခြင်း
သွေးထဲမှာ Omega 3 Fatty Acids မြင့်တက်နေတဲ့သူတွေဟာ တခြား နည်းပါးနေတဲ့သူတွေထက် ၅ နှစ်လောက် ပိုအသက်ပိုရှည်တတ် တယ်လို့ ဟားဗတ်တက္ကသိုလ်မှ လေ့ လာမှုတစ်ခုက တွေ့ရှိခဲ့ပါတယ်။ ငါးကြီး ဆီပါတဲ့အားဆေးကို သောက်ရတာ မကြိုက်နှစ်သက်ဘူးဆိုရင်တောင်မှ ငါးကို အဓိကဟင်းလျာအနေနဲ့ အားပြု စားပေးရင် သွေးထဲမှာ Omega 3 Fatty Acids တွေ ပိုများလာမှာဖြစ်ပါတယ်။

၅။ တစ်ရေးတစ်မော အိပ်စက်အနားယူခြင်း
အသက်ရာကျော်ရှည်တဲ့သူတွေ အများဆုံးရှိတဲ့ ဂရိရဲ့Ikariaa ဒေသကို လေ့လာကြည့်တဲ့အခါ ဒေသခံလူမျိုးတွေ ဟာ နေ့လယ်နေ့ခင်းမှာ တစ်ရေးတစ်မော အိပ်လေ့အိပ်ထရှိတာကို တွေ့ရပါတယ်။ ဒီကိစ္စနဲ့ပတ်သက်ပြီးတော့ ဟားဗတ် တက္ကသိုလ်ရဲ့ သုတေသီတွေဟာ လူ ပေါင်း ၂၃၀၀၀ ကျော်ကို ၆ နှစ်လောက် စောင့်ကြည့်ပြီးတော့ လေ့လာခဲ့ကြပါ တယ်။ အဲ့ဒီအထဲကမှ နေ့ခင်းပိုင်း မိနစ် ၃၀ လောက် အိပ်တဲ့သူတွေဟာ တခြားသူ တွေထက်စာရင် နှလုံးရောဂါဖြစ်နိုင်ခြေနည်းပါးပြီး လုံးဝမနားတဲ့သူတွေထက် အသက်ရှည်ရှည် နေနိုင်တာကို တွေ့ခဲ့ ရပါတယ်။

၆။ လှုပ်လှုပ်ရှားရှားနေထိုင်ခြင်း
Johns Hopkins University School of Medicine မှာ ၂၀၁၂ က ပြုလုပ်ခဲ့တဲ့ သုတေသနအရတော့ အသက်ရှည်တဲ့သူတွေရဲ့ လက္ခဏာတွေ ထဲကတစ်ခုဟာ လှုပ်လှုပ်ရှားရှားနေတာ ဆိုတာကို လက်ခံခဲ့ပါတယ်။ သက်လတ် ပိုင်းအရွယ် လူပေါင်း ၁၉၀၀၀ ကျော်ကို လေ့လာကြည့်တဲ့အခါ တက်ကြွလန်း ဆန်းတဲ့သူတွေဟာ သက်ကြီးအတိတ်မေ့ ရောဂါ၊ ကင်ဆာရောဂါ၊ နှလုံးရောဂါ၊ အမျိုးအစား ၂ ဆီးချိုတို့ကို ခံစားရနိုင် ခြေနည်းပါးတာကိုတွေ့ရပါတယ်။ တစ် နေ့ကို ၁၀ မိနစ်လောက် လမ်းလျှောက် တာ၊ ခပ်ရွရွလေး ပြေးတာတွေဟာ အသက် ၇၀ ကျော်နောက်ပိုင်းအထိ ကျန်းကျန်းမာမာရှိနေစေပါတယ်။ ပြေးတာ၊ လမ်းလျှောက်တာ၊ စက်ဘီးစီး တာ၊ စတာတွေထဲက တစ်မျိုးမျိုးကို လုပ်ပေးရင်လည်း တူညီတဲ့အကျိုးသက် ရောက်မှုရှိတယ်လို့ ဆိုကြပါတယ်။

၇။ အဓိပ္ပာယ်ရှိရာတစ်ခုခုကို လုပ်နေခြင်း
Psychological Science မှာ ပြုလုပ်ထားတဲ့ လေ့လာမှုတွေအရတော့ ဘ၀အတွက် အဓိပ္ပာယ်ရှိတဲ့ အကြောင်း အရာတစ်ခုခုကို လုပ်နေတဲ့သူတွေဟာ တခြားသူတွေထက် အသက်ပိုရှည်ကြ တာကို တွေ့ရပါတယ်။ မိတ်ဆွေအသစ် ဖွဲ့တာ၊ ဝါသနာအသစ်တစ်ခုခုကို စူးစမ်း မိရင် လေ့လာနေတတ်တာ၊ တချို့အကျိုး ပြုလုပ်ငန်းတွေမှာ ပါဝင်နေတဲ့သူတွေဟာ ဘ၀အဓိပ္ပာယ်ကို အပြည့်အဝခံစားရ တတ်ပါတယ်။ ငယ်ငယ်တည်းက ဝါသနာပါခဲ့တာကို ဆက်လုပ်နေတာတွေ၊ ယောဂကျင့်တာ၊ တရားထိုင်တာတွေဟာ လည်း အသက်ရှည်တဲ့သူတွေမှာ တွေ့ရ တတ်တဲ့ အမူအကျင့်တွေပါပဲ။

၈။ ခန္ဓာကိုယ် အနေအထားထိန်းထားနိုင်ခြင်း
ဘိုးသက်ရှည် ဘွားသက်ရှည်အများ စုဟာ ပိန်ပိန်ပါးပါးလေးတွေ ဖြစ်နေ တတ်ပါတယ်။ ခါးကို တိုင်းကြည့်လို့ ၃၇ လက်မနှင့်အထက် ရှိနေတဲ့သူတွေဟာ ခါးဆိုဒ် ၂၇ အောက်ငယ်တဲ့အမျိုးသမီး တွေနဲ့ နှိုင်းယှဉ်ရင် အသက်အန္တရာယ် ပိုများတာကို တွေ့ရပါတယ်။ အမျိုးသား တွေမှာဆိုရင်လည်း ခါးဆိုဒ် ၄၃ နှင့်အထက်ရှိတဲ့သူတွေဟာ ၃၅ အောက် ရှိတဲ့သူတွေထက် ပိုစိုးရိမ်ရတယ်လို့ ဆိုကြပါတယ်။ ဝမ်းဗိုက်မှာရှိနေတဲ့အဆီ တွေဟာ ငယ်ရွယ်တဲ့သူတွေထက် အသက်ကြီးတဲ့သူတွေကို ပိုပြီးတော့ ဒုက္ခပးနိုင်ပြီး နောက်ဆက်တွဲ ကျန်းမာ ရေး ပြဿနာတွေကို သယ်ဆောင်လာ တတ်ပါတယ်။ ဒါကြောင့်ပဲ လူတစ် ယောက်ရဲ့ အဝတ်အစားဟာလည်း သူရဲ့ သက်တမ်းကို ညွှန်ပြနိုင်တဲ့ ဆိုင်းဘုတ် တစ်ခု ဖြစ်နေပါတယ်။

၉။ အဆက်အသွယ်မပြတ်ခြင်း
မိသားစုဝင်တွေ၊ မိတ်ဆွေတွေနဲ့ အဆက်အသွယ်မပြတ်ရှိနေနိုင်ခြင်းဟာလည်း အဘိုးအဘွားတို့ အသက်ရှည် စေမယ့် အကြောင်းရင်းတစ်ခုပါပဲ။ တစ်ကိုယ်တည်း သီးခြားနေထိုင်တာဟာ လူတစ်ယောက်ရဲ့ စိတ်ပိုင်းဆိုင်ရာကို အားနည်းစေပြီး နာတာရှည်ရောဂါတွေကို ခံစားရစေပါတယ်။ လူမှုဆက်ဆံရေးမှာ အဆင်ပြေတဲ့သူတွေဟာ သားသမီးမြေး မြစ်တွေနဲ့သာမက ပတ်ဝန်းကျင်က တခြားသူတွေနဲ့ပါ ခင်ခင်မင်မင် နေတတ် ကြပါတယ်။ အီတလီက ဘိုးသက်ရှည် ဘွားသက်ရှည်တွေများတဲ့မြို့လေးကို လေ့လာကြည့်တဲ့အခါ ဒီလို ကောင်း မွန်တဲ့ လူမှုဆက်ဆံရေးကို အဓိကထား တာကို သွားတွေ့ရပါတယ်။ အိမ်ထဲမှာ တိတ်တိတ်ဆိတ်ဆိတ်နေမယ့်အစား လမ်းထွက်လျှောက်တာ၊ တခြားသူတွေနဲ့ ရင်းရင်းနှီးနှီး ပြောဆိုနေထိုင်တာ၊ တခြား သူတွေကို အဖော်ပြုပေးတာကို တွေ့ရ ပါတယ်။ မြင်နေကျ မိတ်ဆွေတစ်ယောက် ကို မမြင်ရတဲ့အခါ၊ နေထိုင်မကောင်း ဖြစ်နေတာကို သိရတဲ့အခါမှာလည်း အချိန်မဆိုင်းဘဲ ရောက်သွားပြီးတော့ အဖော်ပြုပေးတဲ့ချစ်စရာ့ အလေ့အထ ကောင်းလေးတွေ ရှိနေတဲ့မြို့လေးပါပဲ။

၁၀။ ရေနွေးကြမ်းပုံမှန်သောက်သုံးခြင်း
တစ်နေ့ကိုရေနွေး အနည်းဆုံး ၂ ခွက်လောက်သောက်ပေးခြင်းဟာလည်း အဘိုးအဘွားတို့ နှလုံးကျန်းမာရေးကို အထောက်အပံ့ဖြစ်စေတဲ့အရာပါပဲ။ Green Tea ရော black tea မှာပါ ပါဝင်တဲ့ Catechins ဟာ သွေးကြောတွေ ကို သက်တောင့်သက်သာရှိစေပါတယ်။ ဒါပေမဲ့ လက်ဖက်ခြောက် ဒါမှမဟုတ် Green Tea Bag ကို ရေနွေးထဲမှာ အကြာကြီး စိမ်ထားတာကတော့ ဒီဓာတ် တွေကို ပျော်ဝင်သွားစေပြီး အာနိသင် တွေ လျော့နည်းသွားစေပါတယ်။ အဲ့ဒီ လိုပဲ ရေနွေးထဲကို နွားနို့ထည့်သောက် တာကလည်း အလားတူ ဆုံးရှုံးမှုတွေကို ဖြစ်စေတတ်ပါတယ်။ တစ်ခုခုကို ထပ် ပေါင်း သောက်ချင်တယ်ဆိုရင်တော့ ပျား ရည်ဟာ အသင့်တော်ဆုံး ဖြစ်ပါတယ်။

၁၁။ ဆိုဒါရှောင်ခြင်း
အသက်ရှည်ရှည်နေထိုင်နိုင်သူ တွေထဲက အများဆုံးဟာ ရေနွေးကြမ်းရဲ့ ဆန့်ကျင်ဘက်ဖြစ်တဲ့ ကဖင်း ပါဝင်မှုများ တဲ့အဖျော်ယမကာတွေကိုရှောင်နိုင်သူ တွေလည်း ဖြစ်ပါတယ်။ တစ်နေ့ကို ဆိုဒါ ကို တစ်ခွက်လောက် သောက်လိုက်တာ ဟာ ခန္ဓာကိုယ်ရဲ့ ဇီဝဖြစ်စဉ်တွေကို ၂ ဆပိုပြီးတော့ အန္တရာယ်ဖြစ်စေနိုင်ကာ နှလုံးရောဂါ၊ ဆီးချိုရောဂါ၊ ကိုယ်အလေး ချိန် တက်လာစေတာတွေကို ဖြစ်စေပါ တယ်။ ဆိုဒါမှာအသုံးပြုတဲ့အချိုဓာတ် တွေဟာ လူတစ်ယောက်ရဲ့ လျှာမှာရှိတဲ့ အရသာခံတဲ့ အဖုလေးတွေကို အလုပ် လုပ်စေပြီး အချိုအရသာရှိတဲ့အစား အသောက်တွေ၊ အအေးတွေကို ပိုပြီး တော့ တန်းတန်းစွဲ ဖြစ်လာစေပါတယ်။ ဒါကြောင့်ပဲ အဘိုးအဘွားတွေထဲက အသက်ရှည်တဲ့သူတွေဟာ ဆိုဒါကို ရန် သူလို့ သဘောထားနိုင်သူတွေ ဖြစ်ကြ ပါတယ်။

၁၂။ အိမ်အလုပ်တွေကို ကိုယ်တိုင်လုပ်ခြင်း
အိမ်သူအိမ်သားတွေဟာ အဘိုး အဘွားတွေကို ငြိမ်ငြိမ်လေး သက်သောင့် သက်သာနေစေချင်ပေမယ့် အဲ့ဒါဟာ သူတို့ကျန်းမာရေးအတွက်တော့ တကယ့် ကို အဟန့်အတားတစ်ခုပါပဲ။ အသက် ၇၀ နဲ့ ၉၀ကြား လူကြီးပိုင်းတွေကိုလေ့လာကြည့်တဲ့အခါ အိမ်အလုပ်တွေကို တတောက်တောက်နဲ့ လုပ်နေတတ်တဲ့ အဘိုးအဘွားတွေဟာ တခြားသူတွေ ထက် ပိုကျန်းမာပြီး အသက်ရှည်တာကို တွေ့ရပါတယ်။ တစ်နေရာတည်းမှာ အချိန်အကြာကြီး ထိုင်နေတာထက်စာရင် သိပ်ပြီးတော့ မပင်ပန်းစေတဲ့ အိမ်အလုပ် လေးတွေလုပ်နေတာဟာ ဆဲလ်တွေကို လှုပ်လှုပ်ရှားရှားဖြစ်စေပြီး ဇီဝဖြစ်စဉ်တွေ ကို ပုံမှန်အတိုင်း လည်ပတ်ဖို့ အထောက် အကူ ဖြစ်စေပါတယ်။

၁၃။ ခရမ်းရောင်များကို စားသုံးခြင်း
ဆိုလိုချင်တာကတော့ ခရမ်းရောင် အစားအသောက်တွေကို စွဲစွဲမြဲမြဲ စား သောက်တတ်တဲ့ အဘိုးအဘွားတွေဟာ လည်း တခြားသူတွေထက် အသက်ပို ရှည်သူတွေ ဖြစ်ကြပါတယ် ဆိုတာပါပဲ။ တခြားနိုင်ငံမှာတော့ ခရမ်းရောင် ဘယ်ရီ သီးကိုစားဖို့ ညွှန်ကြားထားပြီးတော့ ကျွန်မတို့ နိုင်ငံအတွက်ဆိုရင်တော့ စပျစ်သီးတွေ၊ ခရမ်းရောင် ဂေါ်ဖီ၊ ခရမ်း သီးနဲ့ ကြက်သွန်နီဥတွေဟာလည်း အသင့်တော်ဆုံး ထည့်သွင်းရမယ့် အသီး အရွက်တွေပါပဲ။ သူတို့မှာ Polyphenols တွေ များစွာပါဝင်နေပြီးတော့ နှလုံးရောဂါ ဖြစ်နိုင်ခြေနဲ့ သက်ကြီး အတိတ်မေ့ရောဂါ တွေကို ကာကွယ်ပေးနိုင်ပါတယ်။ ဘယ် ရီသီးနဲ့ စပျစ်သီးကတော့ ဦးနှောက်ရဲ့ လုပ်ဆောင်မှုကို အားပေးပြီး မှတ်ဉာဏ် ကို ထိန်းထားပေးနိုင်ပါတယ်။

၁၄။ ရေဓာတ်ပုံမှန် ဖြည့်တင်းပေးခြင်း
ရေဓာတ်ပြည့်ပြည့်၀၀ရှိနေတာဟာ လည်း လူတစ်ယောက် အသက်ရှည်စေ တဲ့အချက်တစ်ခုပါပဲ။ ရေဓာတ်ပြည့်ဝ နေတာဟာ သွေးလည်ပတ်မှုကို အား ကောင်းစေပြီးတော့ သူတို့နဲ့အတူ အာဟာရဓာတ်တွေကို ခန္ဓာကိုယ်အနှံ့ ပို့ပေးနိုင်တာ၊ စွန့်ပစ်ပစ္စည်းတွေကို အချိန်မှန် စွန့်ထုတ်နိုင်တာတို့ကို ဖြစ် စေပါတယ်။ ဒါတွေဟာ လူကြီးတစ် ယောက်ရဲ့ အသည်း၊ နှလုံးနဲ့ ကျောက် ကပ်တို့ကို ကာကွယ်စောင့်ရှောက်နိုင်တဲ့ နည်းလမ်းဖြစ်တာကြောင့် လှုပ်ရှားမှုတစ် ခု ပြုလုပ်ပြီးတိုင်း ရေသောက်ပေးနိုင် အောင်လေ့ကျင့်ထားဖို့ လိုပါလိမ့်မယ်။

နှင်းနုလွင် (ဆေးဝါး)

Post Author: Good Health Journal

Leave a Reply

Your email address will not be published. Required fields are marked *