အသက်ကြီးသူတို့ ရှောင်ကြဉ်သင့်သော အစားအစာများ

အသက်ကြီးသူတွေအနေနဲ့ သွားမကောင်းတာကြောင့်တစ်ကြောင်း၊ အစာခြေဖို့ ခက်ခဲလာတာကြောင့်တစ်ကြောင်း၊ ရောဂါအတွက် ဆေးဝါးတွေမှီဝဲနေရတာတွေကြောင့်တစ်ကြောင်း၊ ငယ်တုန်းကလို အစားအစာကို စိတ်ကြိုက် စားလို့ မရနိုင်တော့ပါဘူး။

အောက်ပါအစားအစာတွေကို အသက်ကြီးသူတွေ ရှောင်ကြဉ်သင့်ပါတယ်။

♦ ဂရိတ်ဖရုသီး
ဂရိတ်ဖရုသီးဟာ ကျန်းမာရေးကောင်းစေတဲ့ အစားအစာဖြစ်ပေမယ့် သူက ဆေးဝါးတွေရဲ့ အာနိသင်အပေါ်မှာ သက်ရောက်မှုရှိပါတယ်။ ဥပမာအားဖြင့် သင်ဟာ သွေးဖိအား ကျဆင်းဖို့၊ အိပ်ပျော်ဖို့ ဒါမှမဟုတ် စိုးရိမ်စိတ်လျှော့ချဖို့အတွက် ဆေးဝါးတွေ

မှီဝဲနေရတယ်ဆိုရင် ဂရိတ်ဖရုဖျော်ရည်ဟာ ဒီဆေးတွေနဲ့ ဓာတ်ပြုနိုင်ပါတယ်။ ဂရိတ်ဖရုသီးကို ရှောင်လိုက်တဲ့အတွက် သူ့ဆီက ရရှိမယ့် ဗီတာမင်နဲ့ ပိုတက်စီယမ်တွေကို လိမ္မော်သီးနဲ့ သံပရာသီးလိုမျိုး အချဉ်အရသာရှိတဲ့ သစ်သီးတွေကနေ ရယူပါ။

♦ ဟင်းသီးဟင်းရွက်အစိမ်းစားခြင်း
သင့်သွားတွေက သွားပိုးစားနေရင် ဒါမှမဟုတ် ကျွတ်ထွက်နေရင် ဟင်းသီးဟင်းရွက်အစိမ်းစားတာကို ရှောင်ကြဉ်ရပါမယ်။ ဗီတာမင်တွေနဲ့ အမျှင်ဓာတ်တွေရရှိအောင် ဟင်းသီးဟင်းရွက်တွေကို နူးညံ့နေအောင် ချက်ပြုတ်စားပါ။ ဥပမာအားဖြင့် ဖရုံသီး၊ မုန်လာဥနီတွေကိုနူးအောင် ပြုတ်ပြီး ချေကာ စားတာလိုမျိုး၊ စွပ်ပြုတ်ရည် သောက်တာလိုမျိုး ပြုလုပ်ပါ။

♦ ပဲအမျိုးမျိုး
တချို့လူတွေက လေပွမှာနဲ့ ဗိုက်အောင့်မှာကို စိုးရိမ်တာကြောင့် ပဲတွေကို ရှောင်လေ့ရှိကြပါတယ်။ ပဲမှာ အမျှင်ဓာတ်၊ သံဓာတ်နဲ့ အသားဓာတ်တွေ များစွာ ပါဝင်ပြီး အဆီပါဝင်မှု အလွန်နည်းပါးပါတယ်။ ဒါကြောင့် ပဲကိုတော့ သင်စားတဲ့အစားအစာထဲမှာ နည်းနည်းစီထည့်စားသင့်ပါတယ်။ လေပွမှာ စိုးရိမ်နေရင်တော့ အစာခြေအင်ဇိုင်းတစ်မျိုးမျိုးကို မှီဝဲပါ။

♦ အယ်လ်ကိုဟော
အယ်လ်ကိုဟော အသင့်အတင့် သောက်တာက နှလုံးတိုက်ခိုက်ခံရနိုင်ခြေနဲ့ လေဖြတ်နိုင်ခြေကို လျှော့ချနိုင်ပါတယ်။ ဒါပေမဲ့ အသက်ကြီးလာရင်တော့ အယ်လ်ကိုဟောရဲ့ အကျိုးသက်ရောက်မှုက ကွဲပြားသွားပါတယ်။ အရက်ကြောင့် အိပ်စက်မှုအနှောင့်အယှက်ဖြစ်ပြီး သွေးဖိအားတွေ မြင့်တက်လာနိုင်ပါတယ်။ ဆီးချိုရောဂါရှိသူတွေမှာ အယ်လ်ကိုဟောဟာ သွေးတွင်းသကြားဓာတ်ကို နိမ့်သွားစေနိုင်ပါတယ်။ ဒါ့အပြင် ဆေးတွေရဲ့ အာနိသင်ကို လျော့ကျသွားစေနိုင်ပါတယ်။

♦ နို့နှင့် နို့ထွက်ပစ္စည်း
အသက်ကြီးလာတဲ့အခါမှာ နို့နဲ့ နို့ထွက်ပစ္စည်းကို အစာခြေနိုင်ဖို့ ခဲယဉ်းသွားတတ်ပါတယ်။ ဒါပေမဲ့ နို့နဲ့နို့ထွက်ပစ္စည်းမှာ ကယ်လ်စီယမ်နဲ့ ပရိုတင်းတွေ ပါဝင်တာကြောင့် ပမာဏအနည်းငယ်တော့ သောက်သင့်ပါသေးတယ်။ အဆီမပါဝင်တဲ့ ဒါမှမဟုတ် အဆီပါဝင်မှုနည်းတဲ့ နို့ထွက်ပစ္စည်းကို ရွေးချယ်ပါ။

♦ ကဖင်း
ကဖင်းဟာ လူတိုင်းအပေါ်မှာ ပြဿနာမဖြစ်ပေမယ့် တချို့လူတွေအတွက် စိုးရိမ်စိတ်ဖြစ်ပေါ်စေနိုင်ပါတယ်။ ကဖင်းက နှလုံးခုန်နှုန်း မြန်ဆန်စေပြီး အိပ်စက်မှုပြဿနာလည်း ဖြစ်စေနိုင်ပါတယ်။ ကဖင်းကို ရုတ်တရက် ဖြတ်ပစ်တာမျိုး မပြုလုပ်ပါနဲ့။ ခေါင်းကိုက်တာ၊ ပျို့တာ၊ အန်တာတွေ ဖြစ်နိုင်တာကြောင့်ပါ။ အနည်းငယ်စီ လျှော့သောက်ပြီး ရေနဲ့ လက်ဖက်ရည်ကြမ်းတွေ အစားထိုး သောက်ပေးပါ။

♦ အသား
အသက်ကြီးလာတဲ့အခါမှာ အသားတွေကို ဝါးဖို့ အခက်အခဲရှိနိုင်ပါတယ်။ အသားကို ကြိတ်ထားတဲ့ ဟမ်ဘာဂါလိုမျိုးတွေသာ စားဖို့ အဆင်ပြေနိုင်မှာပါ။ ဒါပေမဲ့ အဲဒီအသားတွေမှာ အဆီက ၂၀-၃၀ ရာခိုင်နှုန်းအထိ ပါဝင်နိုင်တဲ့အတွက် ကျန်းမာရေးနဲ့ မညီညွတ်နိုင်ပါဘူး။

အသားဓာတ်လည်း ရ၊ ဝါးရလည်း အဆင်ပြေတဲ့ ငါးလိုမျိုး ရေသတ်္တဝါတွေကို စားပေးပါ။

♦ အငန်ကဲသော အစားအစာများ
အသက် ၅၁ နှစ်ကျော်သူတိုင်း ဆိုဒီယမ်ကို နေ့စဉ် ၁၅၀၀ မီလီဂရမ်ထက် ပိုမစားသုံးသင့်ပါဘူးလို့ ရောဂါထိန်းချုပ်ရေးဗဟိုဌာနက အကြံပေးထားပါတယ်။ ဆိုဒီယမ်စားသုံးမှုများလွန်းရင် သွေးတိုးရောဂါရရှိနိုင်ပြီး နှလုံးတိုက်ခိုက်ခံရတာနဲ့ လေဖြတ်နိုင်ခြေ မြင့်မားပါတယ်။

အေးခဲထားတဲ့အစားအစာ၊ အဆာပြေစာလိုမျိုး အရန်သင့်အစားအစာတွေဝယ်ယူမယ်ဆိုရင် ထုတ်ကုန်ပေါ်မှာ ရေးထားတဲ့ စာသားတွေကို သေချာဖတ်ပါ။ Sodium Free ၊ Low Salt ဒါမှမဟုတ် No Salt Alternative ပါဝင်တာကို ရွေးပါ။

♦ Cruciferous ဟင်းသီးဟင်းရွက်အမျိုးအစားများ
ဂေါ်ဖီထုပ်၊ ပန်းဂေါ်ဖီ၊ ကိုက်လန်နဲ့ အစိမ်းရောင်ပန်းဂေါ်ဖီလိုမျိုး Cruciferous အမျိုးအစား ဟင်းသီးဟင်းရွက်တွေကို လေပွမှာစိုးရိမ်လို့ ရှောင်ကြဉ်နေပါသလား။ အဲဒီအမျိုးအစား ဟင်းသီးဟင်းရွက်တွေမှာ ဗီတာမင် စီ၊ ဘီတာကယ်ရိုတင်း၊ အမျှင်ဓာတ်၊

ကယ်လ်စီယမ်၊ သံဓာတ်နဲ့ ဖောလစ်အက်စစ်တွေ များစွာ ပါဝင်တဲ့အပြင် ကင်ဆာဖြစ်နိုင်ခြေကိုလည်း လျှော့ချနိုင်တဲ့အတွက် မရှောင်ကြဉ်သင့်ပါဘူး။ လေပွတာ သက်သာအောင် အဲဒီဟင်းသီးဟင်းရွက်တွေ စားရင် ရေများများသောက်ပေးပါ။

♦ သစ်သီးများ
သစ်သီးတွေမှာ ဗီတာမင်၊ အမျှင်ဓာတ်နဲ့ တခြားအရေးကြီးတဲ့ အာဟာရဓာတ်တွေ များစွာ ပါဝင်ပါတယ်။ ဒါပေမဲ့ သင် သွားမကောင်းလို့ သစ်သီးတွေ စားရမှာ အခက်အခဲဖြစ်နေခဲ့ရင် ငှက်ပျောသီး၊ ထောပတ်သီး၊ ဘယ်ရီသီးလိုမျိုး ပျော့ပျောင်းတဲ့

သစ်သီးတွေကို ရွေးချယ်စားပေးပါ။

♦ အညှောင့်ထွက်သော အပင်များ
ပဲပင်ပေါက်၊ မုန်လာပင်ပေါက်လိုမျိုး အညှောင့်ထွက်တဲ့အပင်လေးတွေမှာ ဗီတာမင် ဘီ နဲ့ တခြားအာဟာရဓာတ်တွေ များစွာ ပါဝင်ပါတယ်။ ဒါပေမဲ့ ဒီအညှောင့်ထွက်အစားအစာတွေကို အသက်ကြီးသူတွေနဲ့ ခုခံအားစနစ်လျော့နည်းသူတွေ အနေနဲ့

မချက်ပြုတ်ဘဲ မစားသင့်ပါဘူး။ ဘာလို့လဲဆိုတော့ သူတို့တစ်တွေက ပူနွေးပြီး စွတ်စိုတဲ့ အရပ်ဒေသမှာ ပေါက်တာကြောင့် အဲဒီအပင်တွေပေါ်မှာ ဘက်တီးရီးယားတွေ ပိုမိုကပ်တွယ်နေနိုင်တာကြောင့်ပါ။

♥ ဒေါက်တာခင်မိုးမိုး ♥

Post Author: Good Health Journal

Leave a Reply

Your email address will not be published. Required fields are marked *