အသက်ကြီးသူတွေမှာ လက်သည်း ခြေသည်း မှိုစွဲတာ ဘာကြောင့်အဖြစ်များတာလဲ

လက်သည်း၊ ခြေသည်းတွေမှာ ဖြစ်တတ်တဲ့ မှိုစွဲခြင်းအကြောင်း ဆွေးနွေးပေးပါဆရာ။
လက်သည်း၊ ခြေသည်းမှာ ကြုံ တတ်တဲ့ ပြဿနာပေါင်းများစွာထဲမှာမှ မှိုစွဲတာဟာ အတွေ့အများဆုံးလို့ ဆိုနိုင် ပါတယ်။ လက်သည်း၊ ခြေသည်းပြဿနာ တွေရဲ့ ၅၀ ရာခိုင်နှုန်းဟာ မှိုစွဲတဲ့ကိစ္စပါ။ ပြောရရင် အသက် ၄၀ ကနေ ၆၀ အ ရွယ်အတွင်းမှာ နှစ်ရာခိုင်နှုန်းလောက် အထိ ဖြစ်နေတဲ့ ပြဿနာပါ။ အသက်ကြီး လေ ပိုကြုံနိုင်လေပါ။

လက်သည်း၊ ခြေသည်းမှာ မှိုစွဲတဲ့အခါ ဘယ် လိုလက္ခဏာမျိုးတွေ ဖြစ်ပေါ်တတ်ပါသလဲ ဆရာ။
လက်သည်းထက် ခြေသည်းက ပိုပြီး မှိုစွဲတတ်ပါတယ်။ အရေပြားမှာ မှိုစွဲတော့ ပွေးလို့ခေါ်သလို လက်သည်း၊ ခြေသည်းမှာ မှိုစွဲတော့ လက်သည်းပွေး၊ ခြေသည်းပွေးလို့လည်း ခေါ်တတ်ပါ တယ်။ အရေပြားမှာ ပွေးဖြစ်တော့ ယား ပေမယ့် လက်သည်း၊ ခြေသည်းမှာ ပွေး ဖြစ်တော့ မယားပါဘူး။ ဒီတော့ အနည်းနဲ့ အများ အသိနောက်ကျတာ များပါတယ်။ မူလအရောင်အတိုင်းကနေ ဝါကျင့်ကျင့်၊ ညိုတိုတို၊ နက်ပြာပြာ၊ စိမ်းဝါဝါ စတဲ့ အရောင်တွေ ပြောင်းလာမှ သိကြတာ များပါတယ်။ ရှားရှားပါးပါး တချို့ကျတော့ မြေဖြူလို ဖြူဆွတ်နေတဲ့ အစက်အ ပြောက်တွေလည်း ပေါ်တတ်ပါတယ်။ ဒီ လိုအရောင်ပြောင်းလဲလာရုံတင်မဟုတ် ဘူး ကြာရင် လက်သည်း၊ ခြေသည်းတွေ ဟာ မာဆတ်ဆတ်ဖြစ်လိုဖြစ်၊ ကြွတက် လာလိုလာ၊ တွန့်ခေါက်မွဲခြောက်ဖြစ်လို ဖြစ်နဲ့ ပုံပျက်ပါလေရော။

လက်သည်း၊ ခြေသည်းမှာ မှိုစွဲတာက အလှ ပျက်တာအပြင် ဘာတွေဖြစ်နိုင်ပါသေးလဲဆရာ။
တချို့ကျတော့ လက်သည်းတင် မကပါဘူး၊ မှိုတွေဟာ လက်သည်းအရင်း ပိုင်း အရေပြားထဲအထိ ဝင်သွားပြီး လက် ပန်းခုံးရောင်တာမျိုးအထိ ဖြစ်တတ်ပါ တယ်။ ရှင်းရှင်းပြောရရင် လက်သည်းက လည်း ပုံပျက်ပန်းပျက်၊ လက်သည်း ပတ် ဝန်းကျင်ကလည်း နီရဲပြီး ဖောင်းကားကား နဲ့ တကယ့်ကို အလှပျက်တဲ့ ပြဿနာပါ။ အလှပျက်ရုံတင်မဟုတ်ဘူး။ လက်သည်း ပန်းခုံးရောင်တဲ့ နေရာက ဘက်တီးရီးယား ပိုးတွေပါ ဝင်သွားတော့ ပြည်စလေးတွေ ထွက်ပြီး တဆစ်ဆစ်နဲ့ ကိုက်တတ်ပါ တယ်။

လက်သည်းမှိုဆိုတာမှာ ဘာတွေပါဝင်ပါသလဲ ရှင်းပြပေးပါဆရာ။
လက်သည်းမှိုဆိုတာ အရေပြားပွေး ပေါက်စေတဲ့မှိုတွေပါပဲလို့ ယေဘုယျအား ဖြင့် ပြောနိုင်ပါတယ်။ (Spidermophy-ton)၊ မိုက်ခရိုစပိုရမ်  (Microsporum) နဲ့ ထရိုင်ခိုဖိုင်တန် (Trichophyton) မှို အုပ်စုတွေပါပဲ။ ဒီမှိုတွေအပြင် ကန်ဒီဒါ (Candida) ဆိုတဲ့ ယိစ်မှိုတွေကြောင့် လည်း ဖြစ်နိုင်ပါသေးတယ်။ ဖြစ်စေတဲ့ မှိုရဲ့ အမျိုးအစားပေါ်မူတည်ပြီးတော့ လက်သည်း၊ ခြေသည်းတွေဟာ ထိခိုက် ပျက်စီးမှုဟာ ပုံသဏ္ဌာန်အနည်းနဲ့ အများ ကွာသွားတတ်ပါတယ်။ တချို့မှိုက လက် သည်းထိပ်၊ တချို့မှိုက လက်သည်းရင်း၊ တချို့မှိုက လက်သည်းစောင်း၊ တချို့မှို က လက်သည်းမျက်နှာပြင်ပေါ်မှာ စတဲ့ အနေအထား ကွာတတ်ပါတယ်။

လက်သည်း၊ ခြေသည်းမှာ မှိုစွဲတဲ့အခါ တခြား နေရာတွေကိုရော ပျံ့နှံ့ကူးစက် နိုင်ပါသလား ဆရာ။
တကယ်တော့ အရေပြားမှိုတွေဟာ အရေပြားရဲ့ အပေါ်ဆုံးအလွှာမှာရှိတဲ့ ကာရာတင် (Keratin) ပရိုတင်း ဓာတ်ကို ကြိုက်နှစ်သက်တတ်ပါတယ်။ လက် သည်း၊ ခြေသည်းဆိုတာကလည်း ကာရာ တင်ဖြစ်လေတော့ သူတို့ရဲ့ အစားအစာ အဖြစ် ကြိုက်နှစ်သက်တာပေါ့။ ဒါကြောင့် ခန္ဓာကိုယ်ရဲ့ တစ်နေရာရာမှာ ပွေးရှိခဲ့ရင် လက်သည်း၊ ခြေသည်းကို ကူးစက်သွား တတ်သလို လက်သည်း၊ ခြေသည်းမှာ မှို ရှိခဲ့ရင်လည်း အခြားနေရာကို ပျံ့သွား နိုင်ပါတယ်။ ဒါကြောင့် အရေပြားဆရာဝန် တွေဟာ ပွေးပေါက်တဲ့ လူနာတစ်ယောက် တွေ့ရင် ခြေသည်း၊ လက်သည်းတွေပါ မှိုဝင်နေပြီလားဆိုတာ စစ်ကြည့်လေ့ရှိ သလို ခြေသည်း၊ လက်သည်းမှိုစွဲတဲ့ လူ နာဆိုရင်လည်း တခြားနေရာတွေမှာ ပွေး ပေါက်၊ မပေါက် စစ်ဆေးကြရပါတယ်။

လက်သည်း၊ ခြေသည်း မှိုစွဲတာက ဘယ် သူတွေမှာ အဖြစ်များပါသလဲ ဆရာ။
လွယ်လွယ်နဲ့ဖြစ်တတ်တဲ့ ရောဂါ မဟုတ်ပေမယ့် အသက်ကြီးသူတွေမှာ အတော်ကြုံရတတ်တဲ့ ကိစ္စပါ။ များသော အားဖြင့် အသက် ၇၀ ကျော်ပြီဆိုရင် ဒီ ပြဿနာနဲ့ ရင်ဆိုင်ရဖွယ်ရှိပါတယ်။ ကိုယ် ခံအားက ကျသွားပြီကိုး။ ခက်တာက အ သက်ကြီးလာလေ၊ အရိုးအဆစ်တွေက ခိုင်လာလေဆိုတော့ ကိုယ့်ခြေသည်းကို ကိုယ်တိုင်ညှပ်ဖို့၊ သန့်ရှင်းရေးလုပ်ဖို့ ခါး ကွေး၊ လက်ကွေး လုပ်ရတော့ မလွယ်ပါ ဘူး။ မျက်စိကလည်း မှုံလာတော့ ပိုဆိုးပါ လေရော။

ဘယ်လိုလူတွေမှာ လက်သည်း၊ ခြေသည်း တွေ မှိုစွဲတာ ဖြစ်လွယ်ပါသလဲ ဆရာ။
ဆီးချိုဝေဒနာရှင်တွေကတော့ လက် သည်း၊ ခြေသည်းမှိုစွဲလွယ်ပါတယ်။ ဆီးချို ရှိတာချင်းအတူတူ အမျိုးသားတွေက အမျိုးသမီးတွေထက် သုံးဆပိုဖြစ်နိုင်ပါ တယ်။ ဘယ်လိုပဲဖြစ်ဖြစ် ဆီးချိုရှိပြီဆို တာနဲ့ လက်သည်းခြေသည်းနဲ့ အရေ ပြားကို နေ့စဉ် ဂရုတစိုက် သန့်ရှင်းပေးဖို့ လိုပါတယ်။ အကြောင်းအမျိုးမျိုးကြောင့် ကိုယ်ခံအားကျဆင်းနေသူတွေမှာလည်း ခြေသည်း၊ လက်သည်းမှိုစွဲလွယ်ပါတယ်။ HIV/AIDS ဝေဒနာရှင်တွေဆို ဒီပြဿ နာအလွန်ကြုံရတတ်ပါတယ်။ ဒက်ဆာ၊ ပရက်နီစလုံး စတဲ့ စတီးရွိုက်ဆေးတွေ ရေရှည်သုံးစွဲနေရတဲ့သူတွေမှာလည်း အလွယ်တကူ မှိုစွဲတတ်ပါတယ်။

လက်သည်း၊ ခြေသည်း မှိုစွဲတာ ဖြစ်နိုင်ခြေ များတဲ့ တခြားအကြောင်းတွေကော ရှိပါသေး လားဆရာ။
ရေနဲ့လက်နဲ့ မပြတ်ထိတွေ့နေရတဲ့ အခါမျိုးမှာလည်း လက်သည်းမှိုစွဲတတ်ပါ တယ်။ အိမ်ရှင်မတွေ၊ အိမ်အကူတွေ၊ လက်ဖက်ရည်ဆိုင်၊ စားသောက်ဆိုင်မှာ ပန်းကန်ဆေးသူတွေ ကြုံရတတ်တယ်။ ဒီလိုပါပဲ ခြေထောက်မှာ ရေတစိုစိုနဲ့ အ လုပ်လုပ်ရတဲ့သူလည်း ခြေသည်းမှိုကြုံ နိုင်ပါတယ်။ ရှူးဖိနပ် ကျပ်ကျပ်စီးတဲ့သူ တွေလည်း ခြေသည်းမှို အလွန်ရတတ်ပါ တယ်။ အသုံးပြုတဲ့ ခြေအိတ်၊ ခြေစွပ်တွေ မသန့်ရှင်းရင် ပိုလို့တောင် ဖြစ်နိုင်ပါတယ်။
အများသုံး ရေချိုးခန်းကို သုံးရတဲ့ သူတွေမှာလည်း ခြေသည်းမှိုစွဲတတ်ပါ တယ်။ မိုးတွင်းကာလ မြောင်းပုပ်တွေ ရေလျှံတော့ ရေဆိုးတွေထဲ မကြာခဏ ဖြတ်သန်းသွားလာ နေရသူတွေလည်း မှို စွဲတဲ့ အန္တရာယ်ကြုံနိုင်တာပါပဲ။ အကြောင်း တစ်ခုခုကြောင့် လက်သည်း၊ ခြေသည်း တွေမှာ ဒဏ်ရာတစ်စုံတစ်ရာရှိခဲ့ရင် အဲဒီ နေရာကတစ်ဆင့် မှိုတွေ အလွယ်တကူ ဝင်နိုင်ပါတယ်။
ဖိနပ်မစီးတဲ့သူတွေ၊ ရေကူးကန်မှာ မကြာခဏ ရေကူးသူတွေ၊ ဂျင် (Gym) ဆော့သူတွေ၊ ခြေထောက်မှာ ချွေးတစိုစို နဲ့နေသူတွေလည်း ခြေသည်းမှိုစွဲနိုင်တဲ့ အန္တရာယ်ရှိပါတယ်။
တချို့ကျတော့ လက်နဲ့ တစ်ခုခုကိုင် ပြီးတိုင်း လက်ကို ရေခဏခဏ ဆေးတဲ့ အကျင့်ရှိပါတယ်။ သူတို့လည်း စောစော က ပြောခဲ့တဲ့ ရေနဲ့လက်နဲ့ မပြတ်ထိတွေ့ နေရတဲ့ အိမ်ရှင်မ၊ အိမ်အကူတွေလိုပဲ လက်သည်း မှိုစွဲတတ်ပါတယ်။ ဒါကြောင့် လက်ဆေးပြီးရင်လည်း လက်ကို မြန်မြန် ခြောက်အောင် သုတ်ပေးဖို့လိုပါတယ်။

ဒေါက်တာဦးကျော်ကျော်
အရေပြားအထူးကုဆရာဝန်ကြီး

Post Author: Good Health Journal

Leave a Reply

Your email address will not be published. Required fields are marked *