အသည်းကင်ဆာရဲ့ ရောဂါလက္ခဏာတွေ ကို လူနာကိုယ်တိုင် သိရှိနိုင်တဲ့ အချက် တွေ ရှိပါသလား။
အသည်းကင်ဆာဖြစ်လာပြီဆိုရင် လူနာကိုယ်တိုင်ကလည်း သူ့မှာ ပြောင်း လဲလာတာကို သိနိုင်တယ်။ အသည်းက အနာဖြစ်ပြီ၊ အကျိတ်တွေရှိပြီ၊ အသည်း ကြွပ်ပြီဆိုရင် အစားအသောက်ပျက် တယ်။ အသည်းက ခန္ဓာကိုယ်တစ်ခုလုံးရဲ့ ဇီဝဖြစ်ပျက်မှုကို ထိန်းချုပ်ပေးပါတယ်။ အသည်းက အင်ဇိုင်းတွေ၊ သည်းခြေရည် တွေထွက်ပြီး ပရိုတင်း၊ ကာဗိုဟိုက်ဒရိတ်၊ အဆီတွေကို ချေဖျက်ပေးပါတယ်။
အသည်းမှာ ရောဂါတစ်ခုခုဖြစ်ပြီဆို ရင် လူနာက အစာအိမ်နဲ့အူလမ်းကြောင်း ဆိုင်ရာ ရောဂါလက္ခဏာမျိုးတွေဖြစ်တဲ့ အန်တာ၊ အစားအသောက်ပျက်တာ၊ စား ချင်စိတ်မရှိတာတွေဖြစ်တယ်။ ကိုယ်အ လေးချိန်နည်းနည်းကျတယ်။ အလိုလို နေရင်း နုံးတယ်။ ညနေခင်း နည်းနည်း ဖျားတာမျိုးတွေ ရှိတတ်တယ်။ မအီမသာ ဖြစ်တယ်။ ဒါတွေကတော့ ယေဘုယျဖြစ် တတ်တာတွေပါ။ ဘာစားစား နည်းနည်း ပိန်လာတာမျိုးလည်း ရှိတယ်။
တချို့တလေ သိပ်မြန်တဲ့ ကင်ဆာ အမျိုးအစားဆိုရင် မျက်လုံးနည်းနည်းဝါ လာတယ်၊ ဆီးဝါတယ်၊ ဝမ်းသွားရင် ဖြူ ရော်ရော်တွေ ဖြစ်တယ်။ အရေပြားတွေ နည်းနည်း ယားယံတာမျိုးတွေ ခံစားရ တတ်ပါတယ်။ အဓိကကတော့ နုံးတာမျိုး တွေ အဖြစ်များတာပါပဲ။ လူတိုင်းက ကိုယ့်ကိုယ်ကိုယ် သတိထားနေမယ်ဆို ရင် ကင်ဆာဖြစ်တာကို သတိထားမိနိုင်ပါ တယ်။ ခန္ဓာကိုယ်အလေးချိန်တွေ ကျ လာတယ်၊ အစားအသောက်ပျက်လာ မယ်၊ ဖျားမယ်၊ နုံးလာမယ်ဆိုရင် ဆရာဝန် တစ်ယောက်ယောက်နဲ့ ပြသသင့်ပါတယ်။
အသည်းကင်ဆာရောဂါကို ဘယ်လိုစမ်း သပ်စစ်ဆေးမှုတွေ ပြုလုပ်နိုင်ပါသလဲ။
ဆရာဝန်က အသည်းကင်ဆာရှိတဲ့ လူနာကို စမ်းသပ်ကြည့်ရင် အသည်းကြီး နေတာမျိုးကို တွေ့ရပါလိမ့်မယ်။ အသား ဝါတာမျိုးတွေကတော့ ယေဘုယျအနေနဲ့ တော့ တွေ့ရတတ်ပါတယ်။ အစားအ သောက်ပျက်ရင်လည်း သွေးဖြူဥနည်း တတ်တယ်။ သွေးနီဥ ပိုများလာတယ်။ သွေးထဲမှာTumor Marker လို့ခေါ်တဲ့ အသည်းကင်ဆာရဲ့ဖြစ်နှုန်းကို သိချင် ရင် ဘယ်ဆေးခန်းကြီးတွေမှာမဆို သွေး ဖောက်ပြီး Alpha Fetoprotein (AFP) စစ်နိုင်ပါတယ်။ AFP အရမ်းမြင့်နေတယ် ဆိုရင်တော့ အသည်းမှာ ကင်ဆာရှိပြီလို့ အများအားဖြင့် ပြောနိုင်ပါတယ်။ လူနာ ကို သိပ်အန္တရာယ်မရှိတဲ့ စမ်းသပ်မှုမျိုး (ဥပမာ အာထရာဆောင်း) နဲ့ စမ်းကြပါ တယ်။ အာထရာဆောင်းကလည်း အ သည်းမှာရှိတဲ့ အခြေအနေအတော်များ များကို သိရပါတယ်။ အာထရာဆောင်း က အလုံးနည်းနည်းသေးတယ်၊ စင်တီမီ တာလည်း နည်းသေးတယ်ဆိုရင် နောက် ပိုင်းပေါ်တဲ့ CT ဆို ပိုပြီးတွေ့နိုင်ပါတယ်။ အသားစယူ (Biospy) ဖို့တောင် မလိုပါ ဘူး။ ဒါဆိုရင် အသည်းမှာ ကင်ဆာဖြစ်ပြီ လို့ သေချာ ပြောနိုင်ပါတယ်။ ဒီထက် သေချာချင်ရင်တော့ အသားစယူပြီး စစ် ဆေးတာမျိုး လုပ်လို့ရပါတယ်။ ပုံမှန်အား ဖြင့် AFP များတယ်ဆိုရင် အသည်းကင် ဆာဖြစ်ပြီလို့ သေချာသိနေတဲ့အတွက် ခွဲစိတ်ဖို့လိုအပ်မှပဲ အသားစယူကြတယ်။
အသည်းကင်ဆာ ဖြစ်ပွားရတဲ့ အ ကြောင်းရင်းက ဘာကြောင့်ပါလဲ ဆရာ။
အသည်းကင်ဆာဖြစ်တဲ့ လူနာတွေ နည်းနည်းများလာတယ်။ များလာရတဲ့အ ကြောင်းရင်းကတော့ အသည်းရောင် အသားဝါ ဘီပိုး၊ စီပိုးကူးစက်မှုတွေနဲ့ ဆက်နွှယ်နေလို့ပါ။ နောက်တစ်ခုက အ ရက်သောက်တာ၊ အသည်းအဆီဖုံးတာ တွေကနေ အသည်းကြွပ်ပြီး အသည်း ကင်ဆာကို ပြောင်းသွားနိုင်ပါတယ်။ အဖ လာတောက်စင်(Afla Toxin) မှိုက လည်း အသည်းကင်ဆာကို ဖြစ်စေပါ တယ်။ မြေပဲမှိုတက်တာ၊ ငရုတ်သီးမှို တက်တာတွေမှာ အာဖလာတောက်စင်မှို ပါတယ်။ အများအားဖြင့် မြေကြီးနဲ့ကပ် ပြီး တံတောင်လောက်အကွာမှာ ပေါက် တဲ့အပင်တွေမှာ သဲကဖြစ်တဲ့ မှိုဆိုတာ ရှိ ပါတယ်။ ဆီကြိတ်စက်တွေရဲ့ တချို့နေ ရာတွေမှာလည်း မှိုတွေရှိနေပါတယ်။ ဆီကြိတ်တဲ့စက်တွေကို အမြဲတမ်းစစ် ဆေးပြီး သန့်ရှင်းအောင် ထားရပါမယ်။ မှိုစွဲတဲ့နေရာတွေများတယ်၊ ပြီးတော့ ဒီ နိုင်ငံက ဆီစားသုံးမှုက မြင့်တယ်၊ မှိုစွဲနိုင် ခြေကလည်း များတဲ့အတွက် အသည်း ကင်ဆာဖြစ်နှုန်းများတယ်။ အသည်း ကင်ဆာဖြစ်စေတဲ့ တခြားအကြောင်း အရာတွေရှိပေမယ့် အဓိကအဖြစ်များတာ က အာဖလာတောက်စင်မှိုတွေ စားသုံးမိ တာကြောင့်ပါပဲ။
အသည်းကင်ဆာရောဂါက ဖြစ်ပွားမှု များပါသလား၊ အမျိုးသားတွေက အမျိုး သမီးတွေထက် ပိုမိုဖြစ်ပွားကြပါသလား ဆရာ။
အသည်းကင်ဆာဆိုတာ အသည်း မှာဖြစ်တဲ့ မြန်မာလိုပြောရရင် မြစ်ပွားနာ၊ အင်္ဂလိပ်လိုပြောရင်တော့ ဆဲလ်တွေ ထိန်းချုပ်လို့ မရဘဲပွားများလာတာကို ခေါ်တာပါ။ အခုနောက်ပိုင်း မြန်မာနိုင်ငံ မှာ အသည်းကင်ဆာဟာ တဖြည်းဖြည်းနဲ့ အဖြစ်များလာတာတွေ့ရပါတယ်။
အမျိုးသားနဲ့ အမျိုးသမီး ဘယ်သူ ဖြစ်နှုန်းများလဲဆိုတာက မြန်မာနိုင်ငံအ နေနဲ့ ပြောရခက်ပါတယ်။ ကင်ဆာဝေဒ နာရှင်တွေကို သီးသန့်မှတ်ပုံတင်ထားတာ မျိုး မရှိဘူး။ ဓာတ်ရောင်ခြည်စက်တွေ ရှိတဲ့နေရာနဲ့ ကင်ဆာကုသမှုဌာနတွေရှိ တဲ့ ရန်ကုန်၊ နေပြည်တော်၊ မန္တလေးနဲ့ တောင်ကြီးတို့လောက်ပဲ ကင်ဆာဝေဒနာ ရှင်တွေကို မှတ်ပုံတင်ထားတာရှိပါတယ်။ အသည်းကင်ဆာရောဂါက အမျိုးသား ရော အမျိုးသမီးတွေမှာပါ ဖြစ်ပွားမှုက သိပ်အကွာကြီး မဟုတ်လှဘူး။ အမျိုး သားတွေက အရက်သောက်တာ ပိုများ တယ်၊ ဘီပိုး၊ စီပိုးကူးစက်ခံရမှု ပိုများ တာတွေကြောင့် အမျိုးသားတွေမှာ ယေ ဘုယျအားဖြင့် အသည်းကင်ဆာဖြစ်ပွား တာ နည်းနည်းပိုများတယ်လို့တော့ ပြော နိုင်ပါတယ်။ ဘီပိုး၊ စီပိုးက သွေးက တစ် ဆင့်ကူးစက်တယ်။ လိင်ဆက်ဆံတာက နေ ကူးစက်တယ်။ မျိုးရိုးဗီဇအရလည်း ပြောလို့ရပါတယ်။ တချို့ အသည်းကင် ဆာ ဝေဒနာရှင်တွေက ဆရာဝန်တွေဆီ ရောက်မလာဘဲ တိုင်းရင်းဆေးတွေ၊ ဆေးမြီးတိုတွေ၊ ပရဆေးပင်တွေနဲ့ ကုကြတာဆိုတော့ အသည်းကင်ဆာဖြစ် သူအရေအတွက်ကို အတိအကျတော့ ပြောဖို့တော့ ခက်ပါတယ်။
အသည်းကင်ဆာရောဂါက တခြားကင် ဆာရောဂါတွေထက် ကုသရ ပိုမိုခက်ခဲ နိုင်ပါသလား။
အသည်းကင်ဆာဖြစ်ရင် ကုရခက် တဲ့ အထဲမှာပါတယ်။ တကယ်လို့များ သေသေချာချာ မကုသဘူး၊ အသည်း အစားထိုးဖို့လည်း မရှိဘူးဆိုရင် အသက် ရှင်ဖို့က တခြားကင်ဆာရောဂါတွေထက် အခွင့်အလမ်း ပိုနည်းပါတယ်။ ရင်သား ကင်ဆာတို့၊ သားအိမ်ခေါင်းကင်ဆာတို့နဲ့ ယှဉ်လိုက်ရင် ဆဲလ်ပွားနှုန်းလည်း ပိုမြန် ပါတယ်။ ကုသရတာ နည်းနည်းခက်ပါ တယ်။ ဘာဖြစ်လို့လဲဆိုတော့ အသည်း ကင်ဆာမဖြစ်ခင်မှာ အသည်းကြွပ်တာ(Cirrhosis) ဖြစ်တယ်။ အသည်းက ဘယ်ဘက်ခြမ်းနဲ့ ညာဘက်ခြမ်းရှိတာမှာ ညာဘက်ခြမ်းက ပိုကြီးတယ်။ အသည်း ကြွပ်နေရင် ဓာတ်မှန်ရိုက်ကြည့်တဲ့အခါ အသည်းရဲ့ညာဘက်ခြမ်းမှာ အစက်အ ပြောက်လေးတွေရှိတာကို မြင်ရတယ်။ အသည်းကင်ဆာက လယ်ကွင်းထဲ ပိုးကျ သလိုပဲ၊ တစ်နေရာမှာ ပိုးကျရင် စပါးခင်း တစ်ခုလုံး ပိုးကျတယ်။ ပိုးက တစ်နေရာ ထဲကွက်ပြီး မကျဘူး။ စပါးပင်အားလုံးကို ထိတယ်။ အသည်းကင်ဆာကလည်း လယ်ကွင်းထဲ ပိုးကျသလိုပဲ တစ်နေရာ တည်းမှာ ဖြစ်ပေမယ့်လည်း တဖြည်း ဖြည်းနဲ့ နောက်ပိုင်းမှာ အသည်းတစ်ခုလုံး ဖြစ်တယ်။ အသည်း ကြွပ်တဲ့နေရာတွေ အားလုံးက ပြန်ပြီးတော့ ဖြစ်နိုင်တယ်။ ဒါပေမဲ့ အသည်းကင်ဆာရဲ့ အမျိုးအစား ပေါ်လည်း မူတည်ပါတယ်။
ပါမောက္ခဒေါက်တာစိန်လင်း
ခွဲစိတ်နှင့် ကင်ဆာပါရဂူ