အားကစားဝတ်စုံ ရွေးချယ်မယ် ဆိုရင် . . .

အားကစားလုပ်တဲ့အခါ ဝတ်ဆင်တဲ့ အဝတ်အစားက သင်ရဲ့ Fitness Goal အပေါ် အများကြီး အကျိုးသက်ရောက်နိုင်ပါတယ်။ အားကစားဝတ်စုံပုံစံနဲ့တူတဲ့ ဖက်ရှင် Trend က သပ်သပ်ပါ။ ဒီဖက်ရှင်က ကြည့်လိုက်ရင် အားကစား လိုက်စားပြီး ကျန်းမာတဲ့အသွင်ကို ရစေပါတယ်။ ဒါပေမယ့် တစ်ကယ်တမ်း အားကစားလုပ်တဲ့အခါ သက်သောင့်သက်သာ မဖြစ်စေပါဘူး။ ဒီတစ်ပတ်မှာတော့ အားကစားဝတ်စုံ ရွေးချယ်တဲ့အခါ မမှားယွင်းအောင် အားကစားဝတ်စုံဆိုတာ ဘာလဲ၊ အားကစားဝတ်ကိုရွေးတဲ့အခါ ဘာတွေကို အဓိကထားမလဲ. . . ဆိုတာကို ဖော်ပြပေးလိုက်ပါတယ်။ 

အားကစားဝတ်စုံဆိုတာဘာလဲ
– အားကစားဝတ်စုံတွေကို (Active wear, Leisurewear, Workout clothes, Gymwear, Sports wear, Sports apparel, Athletic clothes, Playwear) စသဖြင့် ခေါ်ဝေါ်ကြပါတယ်။

– အားကစားဝတ်စုံမှာ Yoga Pants, Sports Bras, Tops, Tights Pants, Long Pants, Long Tops, Walk Shorts, Joggers, Workour Capris စတာတွေ ပါဝင်ပါတယ်။ အများအားဖြင့် နိုင်လွန်၊ ကော့တွန်၊ လိုက်ခရာ၊ ပေါ်လီအီစတာ၊ သိုးမွေး စတာတွေနဲ့ ရောစပ်ချုပ်လုပ်ထားတာ ဖြစ်ပါတယ်။

– အားကစားလုပ်ဖို့ ထုတ်လုပ်ထားတဲ့ ဝတ်စုံတွေက တစ်မျိုးနဲ့တစ်မျိုး အသား မတူကြသလို အားကစားနည်းအမျိုးမျိုး အပေါ်မူတည်ပြီး ပုံစံကွဲသွားပါတယ်။

အားကစားဝတ်စုံရွေးချယ်တဲ့အခါ ဘာတွေကို အဓိကထားသင့်လဲ

– အားကစားဝတ်စုံရွေးတဲ့အခါ လူအများစုက လှတာကိုရွေးကြပါတယ်။ သင်ဝတ်လိုက်လို့ သင်နဲ့ကြည့်ကောင်းမယ့်ပုံစံကို ဦးစားပေးရွေးချယ်တာ မှားတော့မမှားပါဘူး။ ဒါပေမဲ့ သင်လုပ်မယ့်လေ့ကျင့်ခန်းနဲ့ ကိုက်ညီမယ့်ဝတ်စုံမျိုးဖြစ်ဖို့လိုပါတယ်။

– သင်ဟာ အားကစားအပြင်းအထန် လုပ်သူဆိုရင် ဝတ်တဲ့ဝတ်စုံကလည်း သင်လုပ်မယ့် အားကစားရဲ့ ဒဏ်ကို ခံနိုင်ရည်ရှိပြီး သင့်ကို ပိုပြီး သက်သောင့်သက်သာ ဖြစ်စေဖို့ လိုပါတယ်။

– အားကစားလုပ်လို့ ရလာနိုင်တဲ့ ဒဏ် (ဥပမာ-ကြွက်သားနာတာ) အပြင် ဝတ်စုံကြောင့် လိုရင်း မရောက်ဘဲ ဒဏ်ပိုပိစေပြီး အရေပြားပွန်းတာပါထပ်ဖြစ်တာကိုတော့ ဘယ်အားကစားသမားမှ လိုချင်မှာ မဟုတ်ပါဘူး။

– အားကစားဝတ်စုံတွေမှာ သူ့ activity အလိုက် ရည်ရွယ်ပြီး ထုတ်ထားတဲ့ ပုံစံမျိုးစုံ ရှိပါတယ်။ ဥပမာ – စက်ဘီးစီးဖို့ အတွက်ဆိုရင် Padded Cycling Shorts တွေရှိမယ်၊ ယောဂကျင့်ဖို့ဆိုရင် အရမ်း သက်သောင့် သက်သာရှိတဲ့ Yoga Pants တွေနဲ့ ပြေးဖို့အတွက် Running Tights တွေ ရှိပါတယ်။

– ဘယ်အားကစားပဲလုပ်လုပ် သက်သောင့်သက်သာ ဖြစ်တဲ့ ဝတ်စုံတစ်မျိုးပဲ ဝတ်ရင်မရတာတော့ မဟုတ်ပါဘူး။ ရပါတယ်။ ဒါပေမယ့် သူ့ activity အလိုက် ဝတ်စုံတွေ ဝတ်တာကတော့ အားကစားကို ပိုပြီးထိထိ ရောက်ရောက်လုပ်နိုင်မှာ ဖြစ်ပါတယ်။

– မဝယ်ခင် စမ်းကြည့်ဝတ်ပါ။ လက် အကွေးအဆန့်၊ ခြေထောက် အကွေးအဆန့်၊ ထိုင်ထ လုပ်ကြည့်ပါ။ သင်လှုပ်ရှားတိုင်းမှာ ဝတ်စုံက အလိုက်သင့် ဖြစ်နေပြီး တင်းမနေရပါဘူး။

– ပေါ့ပေါ့ပါးပါးနဲ့ အကွေး၊ အဆန့် လုပ်ရလွယ်တဲ့ အားကစားဝတ်စုံတွေက သင် ရဲ့ အရိုး၊ အဆစ်တွေပေါ် ဒဏ်မပိစေဘဲ အားကစားကြောင့် ရလာနိုင်တဲ့ Injury Risk ကိုလည်း နည်းစေပါတယ်။

– ရွေးချယ်စရာ အားကစားဝတ်စုံ အမျိုးမျိုးရှိတာမှာ နောက်တစ်ချက် အဓိက ထားပြီး ရွေးချယ်သင့်တာကတော့ အားကစားဝတ်စုံရဲ့ အသားဖြစ်ပါတယ်။

– အားကစားလုပ်တဲ့အခါ ပုံမှန်ထက် ခန္ဓာကိုယ် အပူချိန်မြင့်မားပြီး ချွေးပို ထွက်စေပါတယ်။ ဒီအတွက် ချွေးနဲ့ အပူတွေ ပိတ်လှောင်နေတာမျိုး မဖြစ်စေဘဲ အပြင်ကို ထွက်သွားပြီး ခန္ဓာကိုယ် အေးမြ၊ ခြောက်သွေ့စေမယ့် ဝတ်စုံမျိုး ဖြစ်ဖို့ လိုအပ်ပါတယ်။

– ချွေးတွေ အားကစားဝတ်စုံထဲမှာ ပိတ်မိနေရင် ချွေးနဲ့အအေးပတ်တာမျိုး ဖြစ်တတ်ပါတယ်။

– ဒီနေ့ခေတ်မှာ အားကစားနည်းပညာတွေ တိုးတက်လာတာနဲ့အမျှ ဝတ်စုံတွေလည်း အဆင့်မြင့်လာကြပါတယ်။ Compression Gear လို့ ခေါ်တဲ့ ကြွက်သားပေါ် သက်ရောက်တဲ့ ဒဏ်လျော့စေတဲ့ Compression shorts, Compression tops, Compression tights တွေလည်းရှိနေပါပြီ။ သူတို့ကို လိုက်ခရာအသားနဲ့ ချုပ်လုပ်ထားတာ ဖြစ်ပါတယ်။ သင်ဟာ ပြိုင်ပွဲဝင်ဖို့ အားကစား အပြင်းအထန် လေ့ကျင့်ရမှာဖြစ်ရင်တော့ Compression Gear တွေကအထူး အသုံးဝင်မှာ ဖြစ်ပါတယ်။

– အားကစားလုပ်မယ့် အမျိုးသမီးတွေ အတွက် မရှိမဖြစ်ကတော့ Sports Bras တွေ ဖြစ်ပါတယ်။ သူတို့ကို ကျန်းမာရေး ရှုထောင့်က ကြည့်မယ်ဆိုရင် ရင်သား ပုံမပျက်အောင် ထိန်းပေးတာ၊ သက်သောင့်သက်သာရှိစေတာ စတဲ့ ကောင်းကျိုးတွေ ပေးနိုင်ပါတယ်။

– နောက်တစ်ခုက အားကစားလုပ်တဲ့ အခါ သင်ရဲ့ ခြေထောက်လေးတွေ အပေါ် ဒဏ်မပိစေဘဲ သက်သောင့်သက် သာရှိစေတဲ့ ဖိနပ်တစ်စုံ ဖြစ်ပါတယ်။ ကွာလတီကောင်းတဲ့ ရှူးဖိနပ်တွေက သင်ခြေတစ်ဖက် လှမ်းလိုက်တိုင်း ဖိနပ် ရဲ့အလေးချိန်က မရှိသလောက်ပေါ့နေပြီး ထိထိရောက်ရောက် အားကစား လုပ်စေနိုင်ပါတယ်။

– သင်ဟာ အလေးတုံး၊ အလေးတန်းတွေနဲ့ ကစားမှာဆိုရင် လက်ဖဝါးကို အထောက်အပံ့ပေးနိုင်ပြီး မပေါက်ပြဲစေအောင် ကာကွယ်ပေးတဲ့ လက်အိတ်မျိုး ဝတ်ဖို့ လိုအပ်ပါတယ်။

– ဆွဲသားမဟုတ်တဲ့ အဝတ်တွေ၊ ဂျင်းထည်တွေကို အားကစားလုပ်တဲ့အခါ ဘယ်တော့မှ ဝတ်မသွားပါနဲ့။ သူတို့က သင့်ကို သက်သောင့်သက်သာ မဖြစ် စေတဲ့အပြင် Injury Risk ပိုများစေပါတယ်။

– နောက်ဆုံးတစ်ချက်အနေနဲ့ မှာချင်တာကတော့ အားကစားလုပ်တဲ့အခါ လိုအပ်မယ့် ရေသန့်ဘူး၊ ချွေးသုတ်ဖို့ တဘက်၊ ဆံပင်ရှည်သူဆိုရင် ချွေးထွက်တဲ့အခါ စည်းနှောင်ဖို့ ခေါင်းစည်းကြိုး စတာတွေ ယူသွားပါ။ သင်ဟာ ချွေးအရမ်း ထွက်တတ်သူဆိုရင်အားကစားလုပ်ပြီး ပြန်လဲဖို့ အဝတ်အစားအပို ထည့်သွားပါ။

 

 ♥ #Darliko (Mahidol University) ♥

Post Author: Good Health Journal

Leave a Reply

Your email address will not be published. Required fields are marked *