အားကစားကို တစ်စိုက်မတ်မတ်ပြုလုပ်သွားသည့်အတွက် ဆီးချိုရောဂါကို ထိန်းချုပ်နိုင်ခဲ့သူ

ကျန်းမာခြင်းသည် လာဘ်ကြီးတစ်ပါးလို့ ဆိုကြပါတယ်။ ကျန်းမာနေမှလည်း စိတ်သွားတိုင်း ကိုယ်ပါနိုင်မှာပါ။ ယနေ့ခေတ်မှာ ကျန်းမာရေးကောင်းတဲ့ ဘ၀ကို ပိုင်ဆိုင်နိုင်ဖို့ ဘက်ပေါင်းစုံက ကြိုးစားလာကြတာ တွေ့ရပါတယ်။ ဒီထဲမှာ အားကစားလုပ်တာက ကျန်းမာတဲ့ Lifestyle အတွက် မရှိမဖြစ် အရေးပါတဲ့အရာတစ်ခု ဖြစ်ပါတယ်။ ဒီအတွက် အားကစားကို ၀ါ သနာပါတဲ့ စာဖတ်ပရိသတ်တွေ ဗဟုသုတ တိုးပွားစေဖို့ ရည်ရွယ်ပြီး အားကစား နည်းပြ အောင်ကြယ်ဝင်း (Be Fit Gym & Fitness Studio) ၏ ဘ၀နှင့် အတွေ့အကြုံများကို တွေ့ဆုံမေးမြန်းပြီး ပြန်လည်မျှဝေပေးလိုက်ပါတယ်။
xxx

 
Q  ဆရာရဲ့ အခုလက်ရှိခန္ဓာကိုယ်ရဖို့အတွက် ဘယ်အသက်အရွယ်ကစပြီး လေ့ကျင့်ခဲ့တာလဲ သိချင်ပါတယ်။
အသက်အပိုင်းအခြားဆိုရင်တော့ ကျွန်တော် အသက် ၃၃ နှစ်မှာ စဆော့ ဖြစ်ပါတယ်။ အခု အသက် ၃၈ နှစ်ဆို တော့ စဆော့ပြီးတော့မှ အခုဆိုရင် ခြောက်နှစ်ပေါ့။ ခြောက်နှစ်ရှိသွားပါပြီ။

Q  အားကစားကို ဘယ်လိုဖြစ်ပြီး လုပ်ဖြစ်သွားတာပါလဲ။
အရင်တုန်းကတည်းက ၀ါသနာပါတယ်။ အရင်တုန်းက ကစားရမယ့်နေရာ မရှိဘူး၊ နယ်မှာဆိုတော့လေ၊ ရန်ကုန်ရောက်ဖြစ်တော့မှ ဆော့ဖြစ်သွားတာပါ။ အဓိကဆော့ဖြစ်သွားတာကတော့ ကျွန်တော်က ဆီးချို စဖြစ်တယ်။ ဆီးချိုဖြစ်သွားတဲ့အခါ အားကစားလုပ်ရမယ်ဆိုတာ သိပြီး စကစားဖြစ်သွားတာပါ။ အရင်ဦးဆုံးကတော့ ကျန်းမာရေးအတွက် စဆော့တာပေါ့။ ကျန်းမာရေးအတွက် စဆော့ရင်းနဲ့မှ နောက်ပိုင်းမှာ Body Builder အဖြစ်ကို ပြောင်းသွားတာ။

Q  အခုလက်ရှိမှာကော ဆီးချိုရောဂါရှိနေပါသေးသလား ဆရာ။
ဆီးချိုက အသက် ၃၃ နှစ်မှာ စဖြစ်တာပေါ့။ အားကစားနဲ့ ထိန်းထားတော့ ပိုမဆိုးလာတော့ဘူး။ ဆီးချိုဆေးတွေ မသောက်ချင်လို့ကို ဒီအားကစားလုပ်ဖြစ်သွားတာပါ။ အခုထိလည်း ဆီးချိုအတွက် ဆေးသောက်ရတာ၊ ဆေးထိုးရတာ ဘာမှ မရှိပါဘူး။ လူကောင်းတစ်ယောက် အတိုင်းပဲ ဖြစ်သွားပါတယ်။

Q  ဆရာ့အနေနဲ့ အိပ်ချိန်ကို သတ်မှတ်ထားတာမျိုးကော ရှိပါသလား။
သတ်မှတ်ထားတာ ရှိပါတယ်။ တစ်နေ့ကို ခြောက်နာရီခွဲ၊ ခုနစ်နာရီလောက်တော့ အိပ်မယ်လို့ Target ထားထားတယ်။ ဒါ ကျွန်တော့်အတွက် နေ့တိုင်း ပုံမှန်အိပ်ချိန်က ခုနစ်နာရီရှိပါတယ်။ ခုနစ်နာရီ ပြည့်အောင်လည်း အိပ်ရာကို စောစောဝင်တယ်။ Gym က ၁၀ နာရီ လောက်ပိတ်တယ်ဆိုရင် ၁၁ နာရီ လောက်ကို အိပ်ရာဝင်ဖြစ်အောင် ၀င်တယ်၊ အိပ်ပျော်ဖြစ်အောင် အိပ်တယ်။ မနက်ဆိုရင် ၆ နာရီခွဲ၊ ၇ နာရီလောက် ပုံမှန်ထတယ်။ ဒါကအမြဲတမ်း Right Time ပဲပေါ့၊ နေ့တိုင်းပဲ။ အားကစား စလုပ်ကတည်းက ဒီလိုမျိုး အလေ့အထ လုပ်ဖြစ် သွားတာပါ။

Q  Body Builder တစ်ယောက်အနေနဲ့ ခန္ဓာကိုယ်ပုံသဏ္ဌာန် ထိန်းသိမ်းဖို့အတွက် ဘာတွေလုပ်ရပါသလဲ သိချင်ပါတယ်။
ကျွန်တော် Body ကို အမြဲတမ်းတော့ ထိန်းသိမ်းထားတယ်။ ထိန်းသိမ်းထားတဲ့နေရာမှာ ဘာလဲဆိုတော့ ပုံမှန်ကစားတယ်၊ ပုံမှန်လေ့ကျင့်ခန်းလုပ်တယ်၊ Training ကို အနည်းဆုံး တစ်နေ့ကို နှစ်နာရီ၊ နှစ်ကြိမ်ကစားတယ်။ မနက် တစ်ကြိမ်၊ ညနေတစ်ကြိမ် ဆော့တယ်။ တစ်ကြိမ်ကို နှစ်နာရီနဲ့ တစ်နေ့ကို အ နည်းဆုံး လေးနာရီလောက် ကစားဖြစ်ပါ တယ်။ မဆော့ဖြစ်တဲ့ရက်ဆိုရင်တောင် နှစ်နာရီတော့ ပုံမှန် ဆော့ဖြစ်တယ်။

Q  ဆရာ့အနေနဲ့ ကျန်းမာရေးအတွက် တခြားမှီဝဲနေတဲ့ဆေးတွေကော ရှိလား သိချင်ပါတယ်။
ကျန်းမာရေးအတွက် သောက်နေရတဲ့ ဆေးကတော့ ဘာမှမရှိပါဘူး။ ဒါပေမဲ့ ဒီအားကစားနဲ့ပတ်သက်တဲ့ ကစားတဲ့အချိန်မှာ သောက်တဲ့ ဆေးတွေကတော့ ရှိတာပေါ့နော်။

Q  အားကစားအတွက် သောက်နေတဲ့ဆေးတွေကိုကော ပြောပြပေးနိုင်မလားဆရာ။
ကျွန်တော် အားကစားလုပ်နေတာ ဆိုတော့ ခန္ဓာကိုယ်အတွက် လိုအပ်တဲ့ Amino သောက်တယ်၊ BCCA သောက်တယ်၊ ပရိုတင်းသောက်တယ်။ ပရိုတင်းကို ကျွန်တော်ကတော့ Dymatize ဆို တဲ့ တံဆိပ်တစ်မျိုးတည်းပဲ သောက်တယ်။ ကျန်တဲ့ ဟိုဟာ၊ ဒီဟာတွေတော့ လျှောက်မသောက်ဘူး။ အားကစားလုပ်တဲ့နေ့တွေတိုင်းမှာ သောက်ဖြစ်ပါတယ်။ မကစားခင် နာရီဝက်အလိုမှာ Supplememts တွေ သောက်တယ်။ ကစားပြီး သွားတဲ့အခါကျရင် ပရိုတင်းဆက်သောက်တယ်။

Q  ဆရာရဲ့ Diet Plan ကိုလည်း သိချင်ပါတယ်။
Diet Plan ကိုတော့ ပြိုင်ပွဲနီးမှပဲ Plan လုပ်တယ်။ ကျန်တဲ့ ပြိုင်ပွဲနဲ့ဝေးနေတဲ့ ကာလတွေမှာတော့ ပုံမှန်ပဲ စားတယ်။ ပုံမှန်ပဲ စားတယ်ဆိုတာက သာမန်လူ စားသောက်တဲ့ပုံစံမျိုးပဲ စားတယ်။ ပြိုင်ပွဲနီးရင်တော့ ထမင်းလုံးဝမစားတော့ဘူး။ စား ဖြစ်တယ်ဆိုရင်တောင် တစ်ကြိမ်လောက် ပဲ စားတယ်။ အသားများများစားတယ်။ အသားပြုတ်များများ စားတယ်၊ အသီးအရွက်တွေ စားတယ်။

Q  စိတ်ဖိစီးမှု ကြုံလာရင်ကော ဘယ်လို Handle လုပ်လဲ သိချင်ပါတယ်။
အရမ်းစိတ်ဖိစီးလာရင် ကျွန်တော်ကတော့ အားကစားပဲ လုပ်လိုက်တာ။ အားကစားကို ပိုပြီးတော့ ဖိလုပ်ဖြစ်တယ်။ အဲဒီအခါကျရင် လူက ပေါ့သွားတယ်။ ခန္ဓာကိုယ်လည်း ပေါ့သွားတယ်၊ စိတ်လည်း ပေါ့သွားတယ်။ နေရထိုင်ရတာ သက်သာသွားတယ်လို့ ခံစားရတယ်။ ဒီ အားကစားက အတော်လေးကို အကျိုးပြုတယ်ပေါ့။ စိတ်ဖိစီးမှုဒဏ်၊ စိတ်ကျဉ်းကျပ်မှုဒဏ်တွေကို အားကစားနဲ့ပဲ ဖြေရှင်းလိုက်တယ်။

Q  ခန္ဓာကိုယ်ကြီးထွားဖွံ့ဖြိုးစေတဲ့ ထိုးဆေးတွေလည်းရှိတယ်လို့ ကြားဖူးပါတယ်။ ဒီအပေါ်မှာကော ဆရာ့အမြင်ကို သိ ချင်ပါတယ်။
ထိုးဆေးတွေက နိုင်ငံတကာမှာ သုံးနေကျပါပဲ။ အဓိကကတော့ သုံးတာက သုံးနိုင်တယ်၊ အလွန်အကျွံတော့ မဖြစ်စေနဲ့ပေါ့။ အလွန်အကျွံ ဖြစ်သွားရင်တော့ ဒီလူတစ်ယောက်အတွက် မကောင်းနိုင်ဘူး။ လိုအပ်သလောက်ပဲ သုံးမယ်ဆိုရင် ကောင်းကျိုးတွေ ရနိုင်ပါတယ်။ ဒါက တော့ ထိုးဆေးအနေနဲ့ ပြောတာပေါ့။ ဘယ်အရာပဲဖြစ်ဖြစ် အလွန်အကျွံမဖြစ်ဖို့တော့ လိုပါတယ်။

Q  အားကစားလုပ်တာအပြင် တခြားဝါသနာပါတာတွေကောရှိလား သိချင်ပါတယ် ဆရာ။
ကျွန်တော် အားကစားလုပ်တာအပြင် စာဖတ်တယ်၊ သီချင်းနားထောင်တယ်။ ဒါပါပဲ။ ကျန်တာတွေတော့ သိပ် ပြီး ၀ါသနာမပါဘူး။

Q  ဆရာ Gym Trainer တစ်ယောက်အဖြစ် ဘယ်လိုစပြီး လုပ်ဖြစ်သွားတာလဲ။
အရင်တုန်းက ကျွန်တော် NGO မှာ လုပ်တယ်။ NGO မှာက စိတ်ဖိစီးမှု နည်းနည်း များတယ်။ နောက်ပိုင်း အရင် ဦးဆုံး လုပ်ဖြစ်တာကတော့ Personal Home Trainer ပေါ့။ တစ်နှစ်လောက် လုပ်ဖြစ်ခဲ့တယ်။ ဒီကနေ ပြီးတော့မှ အား ကစားရုံဘက် ပြန်ပြောင်းလိုက်ပြီး Gym Trainer လုပ်ဖြစ်သွားတာပါ။

Q  ဆရာ့ဆီမှာ လာကစားတဲ့သူတွေထဲမှာကော ဆီးချိုရောဂါရှိတာမျိုး ကြုံဖူးပါသလား။
ဟုတ် ရှိပါတယ် ခင်ဗျာ့။ ကျွန်တော် အမြဲ Train ပေးနေတဲ့ အစ်ကိုတစ်ယောက်ဆိုရင် ဆီးချိုရှိတယ်ပေါ့။ ကျွန်တော်နဲ့ မတွေ့ခင်က ဆီးချိုဆေး တစ်နေ့ကို နှစ်ကြိမ်၊ သုံးကြိမ်လောက် ပုံမှန် သောက်နေရတယ်။ သောက်နေရင်းနဲ့မှ ကျွန်တော် Train ပေးပြီး တစ်နှစ်လောက် ကြာတဲ့အခါ ဆီးချိုပြန်စစ်ကြည့်တော့ ဆီးချိုက မရှိတော့ဘူး။ သူ ဆီးချိုဆေးတော့ မဖြတ်ဘူး။ ဒါပေမဲ့ သူ တစ်ကြိမ်ပဲ သောက် တော့တယ်။ တစ်လုံးပဲ သောက်တော့တယ်။ ဒီလိုမျိုးလေးတွေ ပြန်ကောင်းသွားတာ တော့ရှိတယ်။ ဒီနောက်ပိုင်း ဆီးချိုရှိတဲ့သူ တွေကိုလည်း ကျွန်တော် အားပေးတယ်။ အားကစားလုပ်ပါ။ ကျွန်တော်ကိုယ်တိုင်လည်း ခံစားခဲ့ရတဲ့အတွက်ကြောင့်မို့လို့ လက်တွေ့သမားမို့လို့ ပြောပြတာပါ။

Q  ဆရာရဲ့ Fitness Goal ကကော ဘာတွေလဲ သိချင်ပါတယ်။
ကျွန်တော်ကတော့ အားကစားကို ဆက်လုပ်သွားမှာပါ။ အသက်ကြီးသွားတဲ့ အထိလည်း ကစားအုံးမှာပဲ။ ကျွန်တော်ရဲ့ Goal က ဘာလဲဆိုတော့၊ ကျွန်တော်ရဲ့ Body Structure က လှနေတယ်ဆိုရင် ဘာပဲပြောပြော၊ သူများတွေ ကြည့်တဲ့အ ကြည့်မှာ အရမ်းပီတိဖြစ်တယ်။ သူများ တွေကြည့်တဲ့ အကြည့်က ဘယ်လိုခေါ်မလဲ၊ အားကျတဲ့ အကြည့်နဲ့ ကြည့်ခံရတဲ့ အတွက်ကြောင့်မို့လို့ ကိုယ် ပီတိဖြစ်တယ်။ အဲဒါက ကျွန်တော်ရဲ့ Goal ပဲ။ အဓိကက ကျွန်တော်သည် ခန္ဓာကိုယ် အသက်ကြီးသွားတဲ့အထိ ဆော့သွားမယ်။ မပျက်စီးသွားတဲ့အထိ အားကစား ပုံမှန် လုပ်သွားမယ်။ ပြိုင်ပွဲတွေတော့ ၀င် ပြိုင်တယ်။ ဆုရရမယ်လို့တော့ စိတ်မရှိဘူး၊ ပိုကောင်းတဲ့သူကတော့ ရသွားလိမ့်မယ်။ ကိုယ်ကတော့ ပိုကောင်းအောင် ဆက်ကြိုးစားနေမှာပဲ။

Q  ဒီနေ့ခေတ်မှာ Body Building အတွက် ကြိုးစားနေတဲ့ ယောက်ျားလေး တွေရော၊ မိန်းကလေးတွေရောများလာ တာ တွေ့ရတယ်၊ သူတို့အတွက်ကိုကော ဆရာ ဘယ်လို အကြံပေးချင်ပါသလဲ။
အဓိက ကတော့ Gym ဆော့တယ် ဆိုတာ ၀ါသနာက အရမ်းအရေးကြီးပါတယ်။ ကိုယ်ဖြစ်ချင်တာတစ်ခုတည်း မဟုတ်ဘဲနဲ့ ၀ါသနာလည်းပါမယ်၊ ကိုယ်တိုင်လည်း တကယ်ဇောက်ချပြီး လုပ်မယ်ဆိုရင် လူငယ်တွေအတွက် သူတို့ရဲ့ Goal ကို ရမှာပါ။ သူတို့လိုချင်တဲ့ ခန္ဓာ ကိုယ်အချိုးအစားတွေ၊ သူတို့လှပချင်တဲ့ ခန္ဓာကိုယ်အချိုးအစားတွေ ရမှာပါ။ အဓိကကတော့ ပုံမှန်ကစားမယ်၊ ပုံမှန်ဆော့ ဖြစ်မယ်၊ အရက်သေစာ၊ ဆေးလိပ်၊ ကွမ်းတွေ မစားဘဲ ကျန်းမာရေးအတွက် ကစားသွားမယ်ဆိုရင် အနာဂတ်အတွက် လည်း ပိုကောင်းသွားမှာပါ။

♥ ထူးဒါလီကိုကို တွေ့ဆုံမေးမြန်းသည်။

Post Author: Good Health Journal

Leave a Reply

Your email address will not be published. Required fields are marked *