အိမ်တွင်းကုထုံး ဘယ်လိုသုံးမလဲ

သင်ဟာ အိမ်တွင်းကုထုံးကို အသုံးပြုတော့မယ်ဆိုရင် အသုံးမပြုခင် ဆရာဝန် ဒါမှမဟုတ် ဆေးဝါးကျွမ်းကျင်တွေနဲ့ အရင်တိုင်ပင်ဖို့ လိုပါတယ်။ ဆရာဝန်ပေးတဲ့ ဆေးဝါးမှီဝဲသူ ဒါမှမဟုတ် ဆေးဆိုင်ပေါ်မှာ တင်ရောင်းနေတဲ့ ဆေးတွေကို မှီဝဲသူဖြစ် နေရင် ဆရာဝန်နဲ့တိုင်ပင်ဖို့ ပိုပြီး အရေးကြီးပါတယ်။ တချို့အိမ်တွင်းကုထုံးတွေက ဆေးဝါးတွေရဲ့ အကျိုးအာနိသင်ပေါ်မှာ သက်ရောက်မှုရှိနေတာကြောင့်ပါ။ ဆေးဝါး အဖြစ်အသုံးပြုနိုင်တဲ့ မီးဖိုချောင်သုံးပစ္စည်းတွေကို အောက်မှာ ဖော်ပြလိုက်ပါတယ်။

◘  ပျားရည်
ချောင်းဆိုးပျောက်ဆိုးအနေနဲ့ အသုံးပြုနိုင်ပါတယ်။ အထူးသဖြင့် သလိပ်မခတ် နိုင်တဲ့ ကလေးငယ်တွေအတွက် အလွန်အသုံးဝင်ပါတယ်။ ဒါပေမဲ့ နို့စို့အရွယ်ကလေး ဒါမှမဟုတ် တစ်နှစ်အောက်အရွယ်ကလေးတွေကိုတော့ ပျားရည်မပေးသင့်ပါဘူး။ ပျားရည်ကြောင့် အဲဒီကလေးတွေမှာ အစာအဆိပ်သင့်နိုင်တဲ့အတွက်ပါ။ ပျားရည်က ဓာတ်မတည့်မှုဖြစ်စဉ်အတွက် အသုံးပြုနိုင်တယ်လို့ ပြောဆိုနေကြပေမယ့် လေ့လာမှုအရတော့ သက်သေမပြနိုင်သေးပါဘူး။

◘  နနွင်း
နနွင်းက ရောင်ရမ်းမှုဖြစ်စဉ်ကို လျော့ကျစေနိုင်တယ်ဆိုပေမယ့် သုတေသနပြုချက်အရ အခုထိ သက်သေမပြနိုင်သေးပါဘူး။ လေ့လာမှုသေးသေးလေးတွေအရ နနွင်းဟာ ဒူးဆစ်ရောင်တာနဲ့ ကင်ဆာရောဂါအတွက် ဓာတ်ကင်ရသူတွေမှာ ဖြစ်တတ်တဲ့ အရေပြား ယားယံမှုကို သက်သာစေနိုင်တယ်လို့ သိရပါတယ်။ အလွန်အကျွံ အသုံးမပြုသင့်ပါဘူး။ နနွင်းကို အများအပြား အသုံးပြုတာကြောင့် အစာမကြေဖြစ်နိုင်လို့ ပါ။

◘  ချင်း
အာရှနိုင်ငံတွေမှာ ချင်းကို လွန်ခဲ့တဲ့ နှစ်ပေါင်း ၁၀၀၀ ကျော်လောက်ကတည်းက ဗိုက်အောင့်တာ၊ ဝမ်းပျက်တာနဲ့ ပျို့တာတွေအတွက် အသုံးပြုကြပေမယ့် လေ့လာမှုအရ ချင်းဟာ ပျို့တာနဲ့ အန်တာကို သက်သာစေနိုင်တယ်လို့သာ သိရပါတယ်။ ချင်းက အအေးမိရောဂါကို သက်သာနိုင်တယ်လို့ တချို့လေ့လာမှုအရသိရပေမယ့် လူတိုင်းအတွက်တော့ မဟုတ်ဘူးလို့ ဆိုပါတယ်။ တချို့လူတွေက ချင်းအသုံးပြုတာကြောင့် အစာမကြေတာ၊ ဝမ်းပျက်တာနဲ့ လေပွတာတွေဖြစ်တတ်ပါတယ်။ ချင်းက တချို့ဆေးဝါးတွေရဲ့ အာနိသင်ကိုလည်း ပျက်ပြယ်စေနိုင်ပါတယ်။

◘  Green Tea
လက်ဖက်ရည်ကြမ်းသောက်တာက သင့်ကို အိပ်ငိုက်ပြေစေပြီး တက်ကြွမှုရှိစေနိုင်ပါတယ်။ အစွမ်းထက် ဓာတ်တိုးဆန့်ကျင်ပစ္စည်းတွေ ပါဝင်တဲ့အတွက်လည်း ဆဲလ်ပျက်စီးမှုမှ ကာကွယ်နိုင်ပြီး ရောဂါတွေကိုလည်း တွန်းလှန်နိုင်ပါတယ်။ ဒါ့အပြင် Green Tea က နှလုံးရောဂါဖြစ်နိုင်ခြေနဲ့ အရေပြား၊ သားမြတ်၊ အဆုတ်နဲ့ အူမကြီးလိုမျိုး တချို့ကင်ဆာဖြစ်နိုင်ခြေတွေကိုလည်း လျော့နည်းနိုင်ပါတယ်။

◘  ကြက်သွန်ဖြူ
လေ့လာမှုအများအပြားအရ ကြက်သွန်ဖြူများများစားသုံးသူတွေက တချို့ကင်ဆာအမျိုးအစားဖြစ်နိုင်ခြေနည်းတယ်လို့ သိရပါတယ်။ ကြက်သွန်ဖြူကို ဆေးဝါးအနေနဲ့ အသုံးပြုတာကတော့ တူညီတဲ့အကျိုးကျေးဇူးကို ရရှိနိုင်မှာ မဟုတ်ပါဘူး။ ကြက်သွန်ဖြူက သွေးတွင်းကိုလက်စထရောကျဆင်းတာနဲ့ သွေးဖိအားကျဆင်းတာအတွက်လည်း ကူညီပေးပါတယ်။

◘  ကြက်စွပ်ပြုတ်ရည်
ကြက်စွပ်ပြုတ်ရည်က အအေးမိရောဂါအတွက် ကောင်းမွန်ပါတယ်။ လေ့လာမှုအများအပြားအရ ရောဂါဝေဒနာကို အမြန်သက်သာစေနိုင်တယ်လို့ သိရပါတယ်။ နှာစေးနှာပိတ်တာတွေလည်း သက်သာနိုင်ပါတယ်။

◘  ဆားရည်
ဆားနဲ့ ရေနွေးကို ဖျော်ပြီး အစက်ချဆေးပုလင်းထဲထည့်ပြီး နှာခေါင်းတစ်ဖက်မှာ အစက်ချပေးတာက ဓာတ်မတည့်မှုဖြစ်တာ ဒါမှမဟုတ် အအေးမိဝေဒနာတွေကို အမြန်သက်သာစေနိုင်ပါတယ်။ ရေစစ်ထားတဲ့ ရေကို အသုံးပြုပြီး ဆေးပုလင်းက သန့်စင်ဖို့တော့ လိုပါတယ်။

◘  သစ်ကြံပိုးခေါက်
ဆီးချိုရောဂါရှိသူနဲ့ ဆီးချိုရောဂါဖြစ်နိုင်သူတွေမှာ သစ်ကြံပိုးခေါက်က သွေးတွင်းသကြားဓာတ်ကို ထိန်းချုပ်ပေးနိုင်ပါတယ်။ ဒါပေမဲ့ သတိထားပြီး အသုံးပြုသင့်ပါတယ်။ သုံးစွဲတဲ့ ပမာဏများလွန်းရင် အသည်းကို ဒုက္ခပေးနိုင်တာကြောင့်ပါ။

◘  ပူဒီနာ(ပူရှိမ်း)
ပူရှိမ်းဆီကို ဗိုက်အောင့်တာ၊ လေပွတာ၊ ဝမ်းပျက်တာနဲ့ ဝမ်းချုပ်တာတွေ ဖြစ်စေတဲ့ အူမကြီးပြဿနာအတွက် လွန်ခဲ့တဲ့နှစ်ပေါင်းများစွာကတည်းက အသုံးပြု ခဲ့ပါတယ်။ ခေါင်းကိုက်ဝေဒနာလည်း သက်သာနိုင်တယ်လို့ ဆိုပါတယ်။ အဲဒီဝေဒနာတွေ သက်သာဖို့ ဘယ်လောက်အသုံးပြုရမလဲ၊ ဘယ်လိုကြောင့် သုံးသင့်သလဲဆိုတာကို လေ့လာမှုပြုလုပ်နေဆဲဖြစ်ပါတယ်။

◘  ရေနွေးစိမ်ခြင်း
အဆစ်ရောင်တာ၊ ခါးနာတာ၊ အဆစ်ကိုက်တာလိုမျိုး အရိုး၊ ကြွက်သားနဲ့ အရွတ် ပြဿနာတွေအတွက် ရေနွေးကပ်တာက အလွန်ကောင်းမွန်သင့်တော်ပါတယ်။ ရေနွေးကြောင့် ဒဏ်ရာရတဲ့အစိတ်အပိုင်းတွေကို သွေးစီးဆင်းမှုကောင်းမွန်စေပြီး ကြွက်သား ဆွဲဆန့်နိုင်ဖို့လည်း လွယ်ကူသွားပါတယ်။ ရေနွေးကို ပူလွန်းတာတော့ အသုံးမပြုသင့်ပါဘူး။ ၉၂-၁၀၀ ဒီဂရီဖာရင်ဟိုက်ကြား အပူချိန်လောက်ဆို သင့်တော်ပါတယ်။

◘  ရေခဲကပ်ခြင်း
ဒဏ်ရာရပြီးပြီးချင်း ၄၈ နာရီအတွင်း ရေခဲကို ပလတ်စတစ်အိတ် ဒါမှမဟုတ် ပိတ်စနဲ့ ထုပ်ပြီး ဒဏ်ရာပေါ်မှာ ကပ်ပေးပါ။ နာကျင်တာနဲ့ ရောင်ရမ်းတာ သက်သာနိုင်ပါတယ်။ ရေခဲကို မိနစ် ၃၀ ထက် ပိုမကပ်သင့်ပါဘူး။

◘  ရေနံဂျယ်လီ
အရေပြားအတွက် အစိုဓာတ်ရရှိစေနိုင်တဲ့အတွက် အသားမပပ်အောင် ကာကွယ်ပေးနိုင်ပါတယ်။ နို့စို့ကလေးငယ်တွေ သေးခံဘောင်းဘီ မပွန်းအောင်လည်း ကာကွယ်ပေးနိုင်ပါတယ်။

♥ ဒေါက်တာခင်မိုးမိုး ♥

Good Health Journal

Post Author: Good Health Journal

Leave a Reply

Your email address will not be published. Required fields are marked *