အူမကြီးကို သန့်စင်ရအောင်

ကျွန်မတို့ဟာ အရှည် ငါးပေကျော်ရှိတဲ့ အူမကြီးကို သူ့မှာရောဂါမဖြစ်သရွေ့ သိပ်ဂရုစိုက်လေ့မရှိကြပါဘူး။ အူမကြီးဟာ နေ့စဉ်လှုပ်ရှားမှုအတွက် အရေးကြီးတဲ့ အစိတ်အပိုင်းတစ်ခုဖြစ်တဲ့အတွက် အမြဲတမ်းကျန်းမာနေဖို့ လိုအပ်ပါတယ်။ အောက် ပါတို့ဟာ အူမကြီးအတွင်း အဆိပ်အတောက်တွေကင်းစင်ပြီး ကျန်းမာစေနိုင်တဲ့နည်း လမ်းတွေပါ။

ဗီတာမင် စီ ပါဝင်အောင် စားပါ
သစ်သီးဝလံနဲ့ ဟင်းသီးဟင်းရွက်အများစုမှာ ပါဝင်တဲ့ ဗီတာမင် စီ ဟာ အူမ ကြီးကို သန့်စင်နိုင်တယ်လို့ ၂၀၁၅ ခုနှစ်လေ့လာမှုအရ သိရပါတယ်။ ပန်းဂေါ်ဖီစိမ်း၊ စတော်ဘယ်ရီ၊ ကိုက်လန်နဲ့ ရှောက်ရည်တို့ ပေါင်းစပ်ထားတဲ့ ဖျော်ရည်တွေကို နေ့စဉ် သောက်သုံးတာကြောင့် အူမကြီးသန့်စင်ပြီး ကျန်းမာနိုင်ပါတယ်။

လူ့အကျိုးပြုဘက်တီးရီးယားကို အသုံးပြုပါ
လေ့လာမှုအရ လူ့အကျိုးပြုဘက်တီးရီးယားတွေက အူမကြီးကင်ဆာကို ကာကွယ်နိုင်ပြီး ရောဂါဖြစ်ရင်လည်း ကုသနိုင်တယ်လို့ သိရပါတယ်။ ဒီဘက်တီးရီး ယားတွေက ရောင်ရမ်းမှုဖြစ်စဉ်ကို ရပ်တန့်ပြီး အူရွေ့လျားမှုကို ကောင်းမွန်နိုင်တာ ကြောင့်ပါ။ ဒိန်ချဉ်၊ ပန်းသီးရှလကာရည်၊ ကင်မ်ချီ၊ မီဆိုလိုမျိုး အချဉ်ဖောက်ထားတဲ့ အစားအစာတွေမှာ လူ့အကျိုးပြုဘက်တီးရီးယားတွေ များစွာ ပါဝင်ပါတယ်။

ချေဖျက်ဖို့ ခက်ခဲတဲ့ ကစီဓာတ်တွေ ပိုမိုပါဝင်အောင် စားသုံးပါ
အာလူး၊ ဆန်၊ ပဲအမျိုးမျိုး၊ ငှက်ပျောသီးအစိမ်းနဲ့ အစေ့အဆန်လိုမျိုး ချေဖျက်ဖို့ ခက်ခဲတဲ့ကစီဓာတ်တွေက အူအတွင်း လူ့အကျိုးပြုဘက်တီးရီးယားတွေ ပွားများစေတဲ့ အတွက် အူမကြီးကျန်းမာရေးကောင်းမွန်အောင် ကူညီနိုင်ပါတယ်။ သူတို့ကို စားသုံး တာကြောင့် အူမကြီးကင်ဆာဖြစ်နိုင်ခြေလျော့ကျသွားနိုင်ပါတယ်။

အစာခြေစနစ်ကို ထိန်းချုပ်နိုင်ဖို့အတွက် ရေများများသောက်ပါ
ရေသောက်နည်းတာက ဝမ်းချုပ်တာရဲ့ အဓိကအချက်ပါ။ တစ်နေ့ကို ရေ ၁.၅ လီတာ-၂ လီတာ ရရှိအောင် သောက်ပေးပါ။ ရေဓာတ်ပါဝင်မှုများပြားတဲ့ သခွားသီး၊ ခရမ်းချဉ်သီး၊ ဖရဲသီး၊ စတော်ဘယ်ရီသီးတွေကိုလည်း ပါဝင်အောင် စားပေးပါ။

အမျှင်ဓာတ်ပါဝင်မှုများတဲ့အစားအစာတွေ ပါဝင်အောင် စားသုံးပါ
အမျှင်ဓာတ်ပါဝင်မှုများတဲ့အစားအစာတွေကို များများစားသုံးတာက အူမကြီး ကင်ဆာဖြစ်နိုင်ခြေလျော့နည်းတာနဲ့ ဆက်စပ်မှုရှိတယ်လို့ လေ့လာမှုအများအပြားအရ သိရပါတယ်။ ဒီအစားအစာတွေက အူထဲမှာရှိတဲ့ လူ့အကျိုးပြုဘက်တီးရီးယားတွေရဲ့ အစာလည်း ဖြစ်တဲ့အတွက် အူအတွင်း ရောင်ရမ်းမှုဖြစ်စဉ်တွေလျော့ကျပြီး အူရောဂါ တွေလည်း သက်သာနိုင်တယ်လို့ သိရပါတယ်။ အစိမ်းရောင်ပန်းဂေါ်ဖီ၊ ပဲနီလေး၊ ပဲ အမျိုးမျိုးနဲ့ ကောက်နှံတစ်ခုလုံးပါဝင်စာတွေမှာ အမျှင်ဓာတ်များစွာ ပါဝင်ပါတယ်။

ဆေးဖက်ဝင်လက်ဖက်ရည်သောက်ပါ
Ginger Tea, Lavender Tea, Lemon Balm Tea နဲ့ Enchinacea tea လိုမျိုး ဆေးဖက်ဝင်လက်ဖက်ရည်တွေက အူမကြီးသန့်စင်ဖို့အတွက် အလွန်အသုံးဝင် ပါတယ်။ ဩစတြေးလျနိုင်ငံက သုတေသီတွေရဲ့ လေ့လာမှုအရ ဆေးဖက်ဝင်လက် ဖက်ရည်သောက်တာနဲ့ အူမကြီးကင်ဆာဖြစ်နိုင်ခြေဆက်စပ်မှုရှိတယ်လို့ သိရပါတယ်။ ဝမ်းပျော့စေတဲ့ဆေးဖက်ဝင်သစ်သီးသစ်ဖုတွေဖြစ်တဲ့ ပွေးကိုင်း၊ ရှားစောင်းလက်ပပ် တွေကိုတော့ ဆရာဝန်နဲ့ တိုင်ပင်ပြီးမှသာ အသုံးပြုသင့်ပါတယ်။ သူတို့က အန္တရာယ် ပေးနိုင်တာကြောင့်ပါ။

ဆားရည်နဲ့ သန့်စင်ပါ
၂၀၁၀ ပြည့်နှစ်က လေ့လာမှုအရ ဆားရည်ဟာ အူမကြီးကို သန့်စင်ပေးနိုင်တယ် လို့ သိရပါတယ်။ မနက်အိပ်ရာထ မနက်စာ မစားခင်မှာ လက်ဖက်ရည်ဇွန်း နှစ်ဇွန်းစာ ဆားကို ရေနွေးထဲထည့်ပြီး တစ်ကျိုက်တည်းမော့သောက်လိုက်ပါ။ ညနေပိုင်းမှာလည်း တစ်ခွက်သောက်ဖို့ အကြံပေးထားပါတယ်။

ဒေါက်တာခင်မိုးမိုး

Post Author: Good Health Journal