အအေးမိ၊ တုပ်ကွေးရောဂါနဲ့ပတ်သက်ပြီး သင်ထင်ထားတာတွေ မှန်ကန်ရဲ့လား

ကျွန်မတို့ဟာ အအေးမိရောဂါကူးစက်ခံရတဲ့အခါမှာ ရာသီဥတုနဲ့ အဲကွန်းလိုမျိုး အကြောင်း အရာတွေကို အပြစ်ဖို့တတ်ကြပါတယ်။ တချို့လူတွေက တစ်ရာသီတည်းမှာ အအေးမိရောဂါနှစ်ခါ မဖြစ်နိုင်ဘူးလို့ ထင်ကြသလို တချို့တွေကလည်း အအေးမိရောဂါကနေ တုပ်ကွေးရောဂါအဖြစ် မပြောင်းလဲနိုင်ဖို့ အတွက် ပဋိဇီဝဆေးမှီဝဲရမယ်လို့ ထင်မှတ်ကြပါတယ်။ ဒါကြောင့် အအေးမိတုပ်ကွေး ရောဂါနဲ့ပတ်သက်ပြီး မှားယွင်းနေတဲ့အယူအဆတွေကို ဖော်ပြပေးလိုက်ပါတယ်။

ထင်မြင်ချက် (၁)
အအေးမိရောဂါကနေ တုပ်ကွေးရောဂါအဖြစ် ပြောင်းလဲသွားနိုင်ပါတယ်

အအေးမိရောဂါနဲ့ တုပ်ကွေးရောဂါကို ဖြစ်စေ တဲ့ ဗိုင်းရပ်စ်အမျိုးအစားချင်း မတူညီတဲ့အတွက် ရောဂါတစ်ခုကနေ နောက်တစ်ခုအဖြစ် မပြောင်းလဲ နိုင်ပါဘူး။ ဒီရောဂါနှစ်ခုကို လူတွေက အမြဲတမ်းရော ထွေးနေတတ်ကြတဲ့အတွက် တစ်ခုနဲ့တစ်ခု ခွဲခြား နိုင်အောင် လက္ခဏာတွေကို ဖော်ပြပေးလိုက်ပါတယ်။
– အအေးမိရောဂါက လည်ချောင်းနာတာ၊ ခေါင်း ကိုက်တာ၊ အဖျားရှိတာနဲ့ နှာရည်ယိုတဲ့လက္ခဏာ တွေနဲ့ စတင်ပြီး တဖြည်းဖြည်းဖြစ်ပေါ်တာပါ။ အအေးမိရောဂါက သုံးရက်ကနေ ငါးရက်အတွင်း ဖြစ်ပေါ်နိုင်ပါတယ်။ တုပ်ကွေးရောဂါကတော့ အဖျား ရှိတာ၊ ခေါင်းကိုက်တာ၊ ကြွက်သားနာကျင်တာ၊ ကိုယ်လက်ကိုက်ခဲတာလိုမျိုး လက္ခဏာတွေ မြန်မြန် ဆန်ဆန်ဖြစ်ပေါ်နိုင်ပါတယ်။
– အအေးမိရောဂါဝေဒနာခံစားရရင် ခန္ဓာကိုယ်ရဲ့ အပူချိန်က အလွန်အမင်း မြင့်တက်လေ့မရှိပါဘူး။ တုပ်ကွေးရောဂါဖြစ်ရင် ခန္ဓာကိုယ်အပူချိန်က ၁၀၀ ဒီဂရီဖာရင်ဟိုက်နဲ့အထက်မှာ မြင့်တက်နေပါတယ်။
– အအေးမိရောဂါဖြစ်နေရင် မကြာခဏ နှာချေ နေတတ်ပြီး တုပ်ကွေးရောဂါ ဖြစ်ရင်တော့ နှာချေ လေ့မရှိပါဘူး။

ထင်မြင်ချက် (၂)
အအေးမိရောဂါကို ပဋိဇီဝဆေးဝါးနဲ့ ကုသနိုင်ပါတယ်


ပဋိဇီဝဆေးတွေက ဗိုင်းရပ်စ်ပိုးမွှားကို မတွန်း လှန်နိုင်ပါဘူး။ ပဋိဇီဝဆေးဝါးမှီဝဲမိရင် ရောဂါဝေဒနာ ပိုမိုဆိုးရွားနိုင်ပါတယ်။ ပဋိဇီဝဆေးဝါးကြောင့် ခုခံ အားစနစ်တွေအားနည်းသွားပြီး ဗိုင်းရပ်စ်ပိုးမွှားတွေ ပေါက်ဖွားဖို့ ကောင်းမွန်တဲ့အခြေအနေဖြစ်သွားပါ တယ်။ ဒါ့အပြင် ဒီဆေးဝါးတွေကို မကြာခဏ သုံးစွဲ တာကြောင့် ဆေးယဉ်ပါးမှုတွေဖြစ်လာနိုင်ပါတယ်။

ထင်မြင်ချက် (၃)
အအေးမိရောဂါကို ကုသမှုခံယူစရာမလိုအပ်ပါဘူး


ပုံမှန်အားဖြင့် အအေးမိဝေဒနာက သုံးရက်ခန့် သာ ဖြစ်တတ်ပါတယ်။ ဒါပေမဲ့ ရောဂါဖြစ်နေစဉ်မှာ မကုသဘဲ ဒီအတိုင်းထားမယ်ဆိုရင် နောက်ဆက်တွဲ ပြဿနာတွေရရှိလာနိုင်ပြီး ရက် ၂၀-၃၀ ခန့်အထိ ဝေဒနာကြာရှည်နိုင်ပါတယ်။ ဒါကြောင့် အအေးမိ ဝေဒနာ ခံစားရပြီး အသက်ရှူမဝတာ၊ အသက်ရှူရ ခက်ခဲတာတွေဖြစ်နေရင် ဆေးရုံသို့ ချက်ချင်းသွားပါ။

ထင်မြင်ချက် (၄)
သင့်အနေနဲ့ အအေးမိဝေဒနာခံစားရရင်
]ဖျားနာခွင့်}ယူစရာမလိုအပ်ပါဘူး


လူအများစုကတော့ နှာစေး၊ ချောင်းဆိုးဖြစ်တာ လောက်နဲ့ အလုပ်က ခွင့်မယူဘဲ အလုပ်သွားလေ့ ရှိကြပါတယ်။ အလုပ်လုပ်မှ အအေးမိဝေဒနာ မြန် မြန်ပျောက်လိမ့်မယ်လို့လည်း ယုံကြည်ကြပါတယ်။ အမှန်မှာတော့ နေမကောင်းဖြစ်နေစဉ်မှာ အလုပ် သွားတာကြောင့် ပျောက်ကင်းနှုန်းနှေးကွေးသွား နိုင်ပါတယ်။ တစ်ရက်၊ နှစ်ရက်လောက် ဆေးခွင့်ယူ ပြီးမှ အလုပ်ဆင်းတာက ပိုမိုအဆင်ပြေပါလိမ့်မယ်။ ဒါ့အပြင် မိမိမှာ ရောဂါဖြစ်ခါစ တစ်ရက်၊ နှစ်ရက် အတွင်း တခြားသူကို ကူးစက်နိုင်တဲ့အတွက် အိမ် မှာ အနားယူတာက ပိုမိုသင့်တော်ပါတယ်။

ထင်မြင်ချက် (၅)
လေစိမ်းတိုက်ခံရတာကြောင့် အအေးမိရောဂါရရှိနိုင်ပါတယ်


အအေးမိဝေဒနာက သူ့ကိုဖြစ်စေတဲ့ ဗိုင်းရပ်စ် ပိုးမွှားနဲ့ ထိတွေ့မှသာ ရောဂါကူးစက်ခံရတာပါ။ သင့်အနေနဲ့ လေတိုက်မခံရအောင် ဦးထုပ်ဆောင်း ဆောင်း မဆောင်းဆောင်း ဗိုင်းရပ်စ်နဲ့ ထိတွေ့မှု များရင်တော့ အအေးမိရောဂါရရှိနိုင်ပါတယ်။ လေ စိမ်းတိုက်ခံရတာ၊ အဲကွန်းအေးတာ၊ ရာသီဥတု ပြောင်းလဲတာတွေကို အပြစ်မဖို့ပါနဲ့။ လေယာဉ်နဲ့ ခရီးသွားလို့ အအေးမိရောဂါရရှိတာက လေယာဉ်ထဲ မှာ အအေးဓာတ်လွန်ကဲလို့ မဟုတ်ပါဘူး။ လေထု ခြောက်သွေ့မှုကြောင့် အမြှေးပါးတွေ ခြောက်သွားပြီး ခန္ဓာကိုယ်အတွင်း ဗိုင်းရပ်စ်ပိုး မဝင်ရောက်အောင် မကာကွယ်နိုင်လို့ပါ။

ထင်မြင်ချက် (၆)
အအေးမိရောဂါဖြစ်ရင် အမြဲတမ်းအိပ်ရာထဲမှာပဲ နားနေသင့်ပါတယ်


သင့်အနေနဲ့ အအေးမိရောဂါရပြီး တစ်ချိန်လုံး အိပ်ရာထဲမှာပဲ နားနေရင် လေပြွန်ရောင်တာ ဒါမှ မဟုတ် အဆုတ်ရောင်တာလိုမျိုး ရောဂါတွေ ရရှိနိုင် ပါတယ်။ အိပ်ရာထဲမှာ နေနေတာကြောင့် သွေးလှည့် ပတ်မှုတွေ နှေးကွေးသွားနိုင်ပါတယ်။

ထင်မြင်ချက် (၇)
အအေးမိရောဂါက တစ်ရာသီမှာ တစ်ကြိမ်တည်းပဲ ဖြစ်နိုင်ပါတယ်

တူညီတဲ့ဗိုင်းရပ်စ်ပိုးကြောင့်ဖြစ်တဲ့ အအေးမိ ရောဂါကတော့ တစ်ရာသီတည်းမှာ နှစ်ကြိမ်မဖြစ် နိုင်ပါဘူး။ ခန္ဓာကိုယ်တွင်း ဝင်ရောက်တဲ့ ဗိုင်းရပ်စ်ကို ခုခံအားစနစ်ကတိုက်ထုတ်တဲ့အခါမှာ ဒီဗိုင်းရပ်စ် အတွက် ပဋိပစ္စည်းတွေ ထွက်လာတာကြောင့်ပါ။ ဒါပေမဲ့လည်း အအေးမိရောဂါဖြစ်စေတဲ့ ဗိုင်းရပ်စ်ပိုး အမျိုးအစားပေါင်း ၂၀၀ ကျော်ရှိတာကြောင့် တစ် ရာသီတည်းမှာ အအေးမိဝေဒနာ နှစ်ကြိမ်မက ကူး စက်နိုင်ပါတယ်။

ထင်မြင်ချက် (၈)
အအေးမိရောဂါက တစ်ရက်အတွင်းမှာ သက်သာသွားနိုင်ပါတယ်

အအေးမိရောဂါ ပျောက်ကင်းဖို့အတွက် ဆေး ဝါးတွေမျိုးစုံ ထွက်ရှိနေတာမို့ ဒီဆေးတွေကြောင့် တစ်ရက်အတွင်း ရောဂါသက်သာသွားနိုင်တယ်လို့ ထင်မှတ်ကြပါတယ်။ အမှန်တကယ်တော့ ဒီဆေး ဝါးတွေက ရောဂါလက္ခဏာကိုသာ သက်သာနိုင်ပြီး တကယ့်ရောဂါပျောက်ဖို့ အတွက်ကတော့ အချိန်ယူ ရပါတယ်။ ဒါ့အပြင် ဆေးဝါးတွေ အသုံးပြုတဲ့အခါမှာ ပါရာစီတမောပါဝင်တဲ့အတွက် အညွှန်းကို သေချာ ဖတ်ရပါမယ်။ ပါရာစီတမော သုံးစွဲတဲ့ပမာဏများ လွန်းရင် အသည်းကိုထိခိုက်နိုင်တာကြောင့်ပါ။

ထင်မြင်ချက် (၉)
ဆံပင်ရေစိုနဲ့အပြင်ထွက်ရင် အအေးမိရောဂါရရှိနိုင်ပါတယ်


ဆံပင်ရေစိုနဲ့ အပြင်ထွက်တာဖြစ်ဖြစ်၊ မိုးရေထဲ သွားလို့ ဆံပင်စိုသွားတာပဲဖြစ်ဖြစ်၊ ဒီလိုအကြောင်း ရင်းတွေကြောင့်တော့ အအေးမိရောဂါ ဒါမှမဟုတ် တုပ်ကွေးရောဂါမကူးစက်နိုင်ပါဘူး။ ဒီဗိုင်းရပ်စ်တွေ အောက်ဖော်ပြပါနေရာတွေကတစ်ဆင့် ကူးစက်တာ ဖြစ်ပါတယ်။ ဗိုင်းရပ်စ်ပိုးတွေက အလွန်အသက်ပြင်း ပါတယ်။ သူတို့က –

– အိမ်တွင်းမျက်နှာပြင်မှာ ခုနစ်ရက်ကျော်ကြာတဲ့ အထိ အသက်ရှင်နိုင်ပါတယ်။

– အဝတ်အစား ဒါမှမဟုတ် စက္ကူပေါ်မှာ ၁၂ နာရီ ကြာအသက်ရှင်နိုင်ပါတယ်။

– ဗိုင်းရပ်စ်အမျိုးအစားပေါ်မူတည်ပြီး လက်ပေါ် မှာ မိနစ်အနည်းငယ်ကနေ နာရီပိုင်းအထိ အသက် ရှင်နိုင်ပါတယ်။

– တံခါးလက်ကိုင်ဖုပေါ်မှာ ခြောက်နာရီကြာ အောင် အသက်ရှင်ပါတယ်။
ဒါပေမဲ့ အေးတဲ့ရာသီမှာ ဆံပင်ရေစိုနဲ့ အိမ်ပြင် မထွက်သင့်ပါဘူး။ အေးတဲ့ရာသီဥတုက ခုခံအား စနစ်ကို အားနည်းစေတဲ့အတွက် ရောဂါပိုးဝင်ရောက် ဖို့ လွယ်ကူသွားနိုင်တာကြောင့်ပါ။

ထင်မြင်ချက် (၁၀)
ရောဂါကြောင့်ဖြစ်တဲ့လက္ခဏာတွေအားလုံး ကင်းစင်မှ ပုံမှန်ဘဝကို ပြန်ရနိုင်မှာဖြစ်ပါတယ်

ဗိုင်းရပ်စ်ကြောင့် ရောဂါရရှိပြီး နောက်ပိုင်းမှာ ချောင်းဆိုးတာနဲ့ နှာစေးတာက လေးပတ်အထိ ကြာမြင့်တတ်တာမို့ ဒီလက္ခဏာတွေအားလုံး ပျောက် တဲ့အထိ စောင့်ဆိုင်းစရာမလိုအပ်ပါဘူး။ သင့်အနေနဲ့ နေကောင်းနေရင် ပုံမှန်ဘဝနေထိုင်မှုပုံစံအတိုင်း ပြုမူနေထိုင်နိုင်ပါတယ်။

ဒေါက်တာခင်မိုးမိုး 

Post Author: Good Health Journal