ဦးနှောက်စွမ်းရည်ကို ထိခိုက်စေနိုင်သော အမူအကျင့် ၁၀

အသက်ကြီးလာတာနဲ့အမျှ ဦးနှောက်အတွင်းက ဆဲလ်တွေ တဖြည်းဖြည်းပျက်စီးလာပြီး မှတ်ဉာဏ်တွေ ယုတ်လျော့လာပါတယ်။ အသက်ကြီးလာတာအပြင် နေ့စဉ်ပြုလုပ်နေတဲ့ အမူအကျင့်တွေကလည်း ဦးနှောက်ပျက်စီးမှုကို ပိုမိုမြန်ဆန်စေတယ် ဆိုတာ သင်သိပါရဲ့လား. . . ။

မနက်စာ မစားခြင်း

မနက်စာ မစားဘဲနေတာကြောင့် သွေးထဲမှာ သကြားဓာတ် လျော့နည်းသွားစေပါတယ်။ အဲဒီအခါ ဦးနှောက်ဆီ ထောက်ပံ့ မယ့် အာဟာရဓာတ်တွေ မလုံလောက်တာကြောင့် ဦးနှောက်ကို ထိခိုက်စေနိုင်ပါတယ်။

အစာ အလွန်စားခြင်း

အစာ မစားဘဲနေတာက မကောင်းသလို အလွန်အကျွံ စားတာကလည်း မကောင်းပြန်ပါဘူး။ အစာအလွန်စားတာကြောင့် ဦးနှောက်မှာရှိတဲ့ သွေးလွှတ်ကြောတွေ မာကျောပြီး ဦးနှောက်ရဲ့ စွမ်းအားကို ကျဆင်းစေပါတယ်။

ဆေးလိပ်သောက်ခြင်း

ဆေးလိပ်သောက်တာကြောင့် ဦးနှောက်ကျုံ့စေပြီး အယ်လ် ဇိုင်းမားရောဂါဖြစ်နိုင်ခြေ များစေပါတယ်။

သကြားများများ စားခြင်း

သကြားပါတဲ့အစာတွေ အစားများတာကြောင့် ပရိုတင်းနဲ့ တခြားအာဟာရဓာတ်တွေကို စုပ်ယူမှုနည်းသွားစေလို့ အာဟာရ ဓာတ်ချို့တဲ့စေပြီး ဦးနှောက်ဖွံ့ဖြိုးမှုကို အနှောင့်အယှက်ဖြစ်စေ ပါတယ်။

လေထုညစ်ညမ်းခြင်း

ခန္ဓာကိုယ်မှာ ဦးနှောက်က အောက်ဆီဂျင်သုံးစွဲမှုအများဆုံး နေရာတစ်ခုဖြစ်ပါတယ်။ မသန့်ရှင်းတဲ့လေတွေ ရှူရှိုက်နေရတဲ့ အခါ ဦးနှောက်ဆီကို အောက်ဆီဂျင်ရောက်ရှိမှုနည်းသွားတာကြောင့် ဦးနှောက်ရဲ့စွမ်းဆောင်ရည်ကျဆင်းသွားစေပါတယ်။

အိပ်ပျက်များခြင်း

ဦးနှောက်ကို အနားပေးတဲ့ အကောင်းဆုံးနည်းလမ်းက နှစ်နှစ်ခြိုက်ခြိုက် အိပ်စက်တာပဲဖြစ်ပါတယ်။ အိပ်ပျက်ရက်တွေ များနေမယ်ဆိုရင် ဦးနှောက်အတွင်းရှိ ဆဲလ်တွေ သေဆုံးနှုန်း ကို မြန်စေပါတယ်။

စောင်ခေါင်းမြီးခြုံအိပ်ခြင်း

အိပ်စက်တဲ့အခါ စောင်ကိုခေါင်းမြီးခြုံပြီး အိပ်စက်တာကြောင့် အောက်ဆီဂျင်ရရှိမှုနည်းပြီး ကာဗွန်ဒိုင်အောက်ဆိုဒ်တွေကို ပိုမိုရှူရှိုက်မိလို့ ဦးနှောက်ပျက်စီးမှုများစေပါတယ်။

ဖျားနာနေစဉ် အလုပ်လုပ်ခြင်း

လေ့လာမှုအရ ဖျားနာနေစဉ်မှာ အလုပ်လုပ်တာကြောင့် ဦးနှောက်ရဲ့လုပ်ငန်းဆောင်တာတွေ လျော့နည်းသွားစေပြီး ဦး နှောက်ဆဲလ်တွေ ပျက်စီးမှုကိုလည်း မြန်စေပါတယ်။

ဦးနှောက်ကို အလုပ်ပေးသော တွေးတောမှု မရှိခြင်း

ဦးနှောက်ကို အလုပ်ပေးတဲ့၊ လှုံ့ဆော်တဲ့ တွေးတောမှုတွေက ဦးနှောက်အတွက် အကောင်းဆုံး လေ့ကျင့်ခန်းပါပဲ။ ဒီလိုတွေ မရှိဘူးဆိုရင် ဦးနှောက်ကျုံ့နိုင်ခြေ များစေပါတယ်။

စကားနည်းခြင်း

လူမှုပေါင်းသင်းဆက်ဆံရေးမှာ စကားနည်းတာကြောင့် လည်း ဦးနှောက်ရဲ့ စွမ်းရည်ကို ကျဆင်းစေနိုင်ပါတယ်။

◘ ဇာခြည်ဝင်း (ဆေးဝါးတက္ကသိုလ်)

Post Author: Good Health Journal

Leave a Reply

Your email address will not be published. Required fields are marked *