ကော်ဖီသောက်ခြင်း အန္တရာယ်မကင်း

ကော်ဖီဆိုတဲ့ စကားလုံးက လူတိုင်းနဲ့ ရင်းနှီးပြီးသား စကားလုံးတစ်ခု ဖြစ်ပါတယ်။ ဒါ့အပြင် လူတော်တော်များများရဲ့ သည်းခြေကြိုက် စကားတခုလည်း ဖြစ်နေပြန်တယ်။ ဒီနေ့ခေတ်မှာ လူကြီး၊လူငယ်၊ကျားမ မရွေး လူတိုင်းနီးပါး ကော်ဖီ သောက်ကြတယ်။ ကော်ဖီမကြိုက်တဲ့သူတောင် ကော်ဖီဆိုင်တွေ သွားထိုင်ဖြစ်ကြတယ် မလား။ ကော်ဖီခရေစီတွေကတော့ ကော်ဖီသောက်လို့ ကျန်းမာရေးအပေါ် ကောင်းကျိုး၊ဆိုးကျိုး ဘယ်လိုအကျိုးသက်ရောက်မလဲ သိချင်နေကြတယ်။

 

ကော်ဖီအကြောင်းပြောရင် အရေးကြီးတဲ့ ကဖင်းဓာတ်ကို ချန်ထားလို့မရပါဘူး။ ဘာ့ကြောင့်လဲဆိုတော့ ကော်ဖီထဲမှာ ပါဝင်တဲ့ ကဖင်းဆိုတဲ့ဓာတ်ကပဲ ဒီအချက်အပေါ် အဓိကသက်ရောက်စေတယ်။ ကော်ဖီမှ မဟုတ်ပါဘူး။ ကော်ဖီ၊လက်ဖက်ရည်၊ချောကလက်၊ကိုလာစတဲ့ ကဖင်းပါဝင်တဲ့ အစားအစာတွေအားလုံးနီးပါးလည်း အတူတူပါပဲ။ လူတွေစွဲလန်းတာက အထဲမှာပါဝင်တဲ့ စိတ်ကို လန်းဆန်းတက်ကြွစေတဲ့ ကဖင်းအာနိသင်ကြောင့် ဖြစ်တယ်။ ဒါ့ကြောင့်လဲ တကမ္ဘာလုံးအတိုင်းအတာနဲ့ အသုံးအများဆုံး ဖြစ်လာတယ်။ နှစ်စဉ် ကဖင်းထုတ်လုပ်မှု မက်ထရစ်တန် ၁၂၀၀၀၀ လောက် ရှိမယ်။အမေရိကန်တနိုင်ငံတည်းမှာကို လူကြီးပိုင်းရဲ့ ၉၀ရာခိုင်နှုန်းကျော်ဟာ သုံးစွဲနေကြတယ်။ ကမ္ဘာပေါ်မှာ ကဖင်းဓာတ်သုံးစွဲမှုအများဆုံးနိုင်ငံကတော့ ဖင်လန်နိုင်ငံဖြစ်ပါတယ်။ သူတို့ရဲ့ ပျမ်းမျှနေ့စဉ်သုံးစွဲမှုက 400mg လောက်ရှိတယ်။ အမေရိကားမှာ သုံးစွဲမှုထက် ၂ဆလောက် ရှိတယ်။

 

ကဖင်းကို ဘီစီ ၃၀၀၀ ကျော်လောက်ကစတင်ပြီး တရုတ်နိုင်ငံမှာ သုံးစွဲခဲ့တယ်။အဲဒီအချိန်ကတည်းက လက်ဖက်ရွက်မှာပါဝင်တဲ့ ကဖင်းဓာတ်ကို နှစ်ခြိုက်သုံးစွဲခဲ့တာဖြစ်တယ်။ ၁၈၂၁ခုနှစ်ရောက်မှ လူကိုစွဲလန်းစေတဲ့ဓာတ်ဟာ ကဖင်းဓာတ်လို့ စတင်သိရှိခဲ့တယ်။ ကဖင်းဓာတ်ပါဝင်တဲ့ အပင်အမျိုးအစားပေါင်း ၆၀ကျော်လောက် ရှိတယ်။ ဒီလိုအပင်တွေရဲ့ အသီး၊အရွက်၊အစေ့တွေထဲမှာ ကဖင်းဓာတ်ရှိတယ်။ ကော်ဖီကို ကော်ဖီစေ့ကနေရတယ်။ လက်ဖက်ရည်ကို လက်ဖက်ရွက်ကနေရတယ်။ အချိုရည်တွေမှာထည့်တဲ့ ကဖင်းကို ကိုလာသီးက ရတယ်။ ချောကလက်မှာပါတဲ့ ကဖင်းဓာတ်ကို ကိုကိုးစေ့ကနေ ထုတ်ယူရရှိတယ်။ အပင်တွေမှာပါဝင်တဲ့ ကဖင်းဓာတ်က အင်းဆက်ပိုးမွှားတွေကို သေစေတဲ့ pesticide သဘောရှိတယ်။

 

ကဖင်းမှာ ဘာအာနိသင်တွေ ရှိလဲ။

အာနိသင်က သွေးကြောတွေကို ကျဉ်းစေတယ်။ စိတ်အာရုံ ကြည်လင် လန်းဆန်းစေပြီး စွဲလန်းစေတယ်။ ဝမ်းပျော့စေတယ်။ ဆီးရွှင်စေတယ်။ ဒါပေမယ့် လူတယောက်နဲ့တယောက် ကဖင်းဓာတ်ကို တုံပြန်ပုံချင်း မတူညီကြဘူး။ တချို့က ညနေသောက်ပြီး အိပ်မပျော်ကြဘူး။ နှလုံးခုန်တာ၊ရင်တုန်တာကလည်း ကဖင်းပမာဏပေါ်မူတည်ပြီး မတူညီကြဘူး။ တူညီတာကတော့ စွဲလန်းတတ်တာပဲဖြစ်တယ်။ တချို့က တရက်ကို ကော်ဖီတခွက် မသောက်ရရင်ကို နေမထိထိုင်မသာ ဖြစ်ကြတယ်။ caffeinismဆိုတဲ့ ဝေါဟာရလည်း ရှိတယ်။ ကော်ဖီကို အကြီးအကျယ်စွဲလန်းသူတွေကို ခေါ်တာပေါ့။ တရက်ကို ကော်ဖီ(၁၀)ခွက်ထက် ပိုသောက်သူတွေမှာ caffeinism ဖြစ်လာမယ်။ မသောက်ရရင် မနေနိုင်အောင် စွဲလန်းလာတယ်။ မသောက်ရင် တခုခုလိုသလို ခံစားရတယ်။

 

ကော်ဖီ၊လက်ဖက်ရည်ထဲမှာ ကဖင်းပါဝင်မှု ခြားနားကြတယ်။ ကော်ဖီထဲမှာ ကဖင်းအပြင် theophylline နဲ့ theobromide ဆိုတာတွေလည်း အနည်းအကျဉ်း ပါဝင်တယ်။ ဒါပေမယ့် လက်ဖက်ရည်ကျတော့ theophylline ပိုများလို့ ရင်တုန်တာ၊မောတာ ပိုရှိတယ်။ ကော်ဖီအမျိုးအစားပေါ်မူတည်ပြီး ပါဝင်တဲ့ ပမာဏတွေ အမျိုးမျိုး ရှိတယ်။ ရိုးရိုးကော်ဖီခွက်မှာ caffeine 100mgလောက်ပါဝင်တယ်။ decaffeinated ဆိုတာကျတော့ ကဖင်းပါဝင်မှုကို ပုံမှန်ထက် ၁၀ ဆ လောက် နည်းအောင်လုပ်ထားတာ ဖြစ်တယ်။ ဒါ့ကြောင့် decaffeinated ကော်ဖီတခွက်မှာ ပါဝင်တဲ့ caffeine က 10mgလောက် ရှိတယ်။ လုံးဝမပါဝင်တာတော့ မဟုတ်ပါဘူး။ကိုလာတစ်ဗူးမှာ ပါဝင်တဲ့ ကဖင်းက 30mg လောက်ရှိတယ်။

ဒါ့ကြောင့် ကိုလာသုံးဗူးသောက်မှ ကော်ဖီတခွက်စာနဲ့ ညီမျှတယ်

ပက်စီကျတော့ ကိုလာတလုံးမှာပါဝင်တာထက် ၂ဆလောက် ပိုတယ်။

ကျွဲရိုင်းမှာလည်း 80mg လောက် ပါဝင်တယ်။

ကလေးတွေစားတဲ့ ချောကလက်တချောင်းမှာ ကဖင်း 10mg လောက်ပါဝင်တယ်။

ရိုးရိုးကော်ဖီစေ့နဲ့ သေချာလှော်ထားတဲ့ ကော်ဖီစေ့မှာ ပါဝင်တဲ့ ကဖင်းကလည်း ကွာခြားသေးတယ်။ အပူပေးလှော်ထားတဲ့ ကော်ဖီစေ့မှာ ကဖင်းပါဝင်မှု ပိုနည်းသွားတယ်။ ကော်ဖီမဲလေ ကဖင်းနည်းလေ ဖြစ်တယ်။

ကျန်းမာရေးရှုထောင့်က ဘာတွေကောင်းလဲ

လေ့လာမှုတွေက အမျိုးမျိုး ဆိုပါတယ်။ခေါင်းကိုက်၊ခေါင်းခဲဝေဒနာတွေကို သက်သာစေတယ်။ အာရုံစူးစိုက်မှုနဲ့ မှတ်ဥာဏ်ကို အားပေးလို့ အယ်လ်ဇိုင်းမားရောဂါနဲ့ ADHD ရောဂါတွေမှာလည်း အကျိုးရှိသတဲ့။ တချို့လေ့လာမှုမှာ အသည်း ကင်ဆာ၊သားအိမ်ကင်ဆာနဲ့ အူမကြီးကင်ဆာတွေကို ကာကွယ်နိုင်တယ်လို့ တွေ့ရတယ်။ ဒါပေမယ့် အလွန်အကျွံသောက်ပြန်ရင် ဆီးအိမ်ကင်ဆာ ဖြစ်နိုင်တယ်။ မျက်လုံးအတွင်းပိုင်း ဖိအားများစေလို့ မျက်စိရေတိမ်ရှိသူတွေ ရှောင်သင့်တယ်။ နောက်အာနိသင်တခုက အစာမစားမှီသောက်မိရင် အစာခံတာမျိုးကို ဖြစ်စေတယ်။ ဒီအာနိသင်ကိုယူပြီး အဆီချကော်ဖီတွေ ပေါပေါက်လာတာဖြစ်တယ်။

 

ကိုယ်ဝန်ဆောင်တွေလည်း သောက်လို့ရသလားဆိုတော့ ရတယ်။ ကိုယ်ဝန်ဆောင်တွေနေစဉ် တရက်ကို နှစ်ခွက်ထိ သောက်နိုင်သတဲ့။ ကိုယ်ဝန်ပျက်၊ကလေးထိခိုက်တာ မရှိဖူးလို့ သိရတယ်။ ဒါပေမယ့် တခြားတဖက်မှာ ဟော်မုန်းပမာဏ အပြောင်းအလဲ ဖြစ်စေနိုင်လို့ ရှောင်သင့်တယ်လို့လဲ ဆိုပြန်တယ်။ ကောက်ချက်ချရရင်တော့ မသောက်ရမနေနိုင်တဲ့ ကိုယ်ဝန်သည်တွေ တခွက်၊နှစ်ခွက်ထိ သောက်နိုင်တယ်။ ဖြစ်နိုင်ရင်တော့ မသောက်တာ ပိုကောင်းမယ်။

ကဖင်းဓာတ်အလွန်အကျွံများတာလည်း ကျန်းမာရေးအတွက် မကောင်းပြန်ဘူး။ သာမန်အားဖြင့် နေ့စဉ် ကဖင်း 500mg ထိသောက်နိုင်တယ်။ ပြဿနာမရှိသေးပါ။ ဒါပေမယ့် တထိုင်တည်း ဒီပမာဏလောက်ထိ သောက်မိရင်တော့ ခေါင်းကိုက်တာ၊ရင်တုန်တာ၊နှလုံးခုန်မမှန်တာ၊မောဟိုက်တာတွေ ဖြစ်လာနိုင်တယ်။ အကယ်၍ 10g ထက်များရင်တော့ လူကိုသေသည်ထိ ဒုက္ခပေးနိုင်တယ်။ ဒီပမာဏဟာ ကော်ဖီခွက် (၁၀၀)လောက် သောက်တဲ့ပမာဏနဲ့ ညီမျှတယ်။ ခန္ဓာကိုယ်အလေးချိန်နဲ့ တွက်ရင် 5mg/kg လောက် နေ့စဉ်သောက်နိုင်တယ်။ 200mg/kgထက် ပိုရင် အဆိပ်အတောက် ဖြစ်စေတယ်။

 

ဆေးကုသတဲ့အခါမှာလည်း ကဖင်းကို အသုံးပြုနိုင်တယ်။ စိတ်ကျသူ၊ခေါင်းကိုက်သူအချို့မှာ ကဖင်းပါဝငိတဲ့ အကိုက်အခဲပျောက်ဆေးမျိုး ပေးတဲ့အခါသက်သာလာတယ်။ သွေးကြောတွေကျယ်လာလို့ဖြစ်တဲ့ မိုက်ဂရိန်းခေါင်းကိုက်ဝေဒနာမှာ ကဖင်းပေးရင် အကျိုးရှိတယ်။ အခုနောက်ပိုင်းလာတဲ့ ပါရာစီတမောအချို့မှာ ကဖင်းဓာတ်ကို ထည့်သွင်းလာကြသည်။ ကဖင်းရဲ့အာနိသင်က ဆေးရဲ့အာနိသင်ကို ၄၀ ရာခိုင်နှုန်းထိ ပိုကောင်းစေသလို ဆေးရဲ့ စုပ်ယူမှုကို ပိုမြန်လာစေတယ်။ ဒါပေမယ့် ဆေးအများစုကိုတော့ ကော်ဖီနဲ့တွဲမသောက်သင့်ဘူး။

 

ကော်ဖီသောက်တဲ့သူထဲမှာ တကယ်ကြိုက်လို့သောက်တဲ့သူရှိတယ်။ စိတ်တက်ကြွအောင်၊လန်းဆန်းအောင် သောက်တဲ့သူတွေလည်း ရှိမယ်။ စာရေးဆရာတွေလည်း အတွေးအခေါ်ကောင်းအောင် ကော်ဖီလေးသောက်ရင်း အတွေးယူကြတယ်။ လူတကိုယ်၊စိတ်တမျိုး အကြောင်းပြချက်မျိုးစုံနဲ့ သောက်ကြတယ်။ ဘယ်ကြောင့်ပဲသောက်သောက် နည်းနည်းသောက်တာ ပြဿနာမရှိပါ။ ဒါပေမယ့် အလွန်အကျွံသောက်ပြီး စွဲလန်းလာရင်တော့ ကျန်းမာရေးအတွက် မကောင်းပါဘူး။ များများသောက်လေ စွဲလန်းဖို့ အခွင့်အရေးများလေဖြစ်တယ်။ ဒါ့ကြောင့် ကော်ဖီချစ်သူများကို တိုက်တွန်းချင်တာက တရက်ကို ကော်ဖီနှစ်ခွက်လောက် ပိုမသောက်မိပါစေနဲ့။ ဒီထက်များရင် လျှော့သောက်ပါ။ အကောင်းဆုံးကတော့ အခုကတည်းက ကော်ဖီ၊လက်ဖက်ရည်၊အချိုရည်တွေ လျှော့သောက်ကြဖို့ တိုက်တွန်းနှိုးဆော်လိုက်ပါရစေ။

 

ကော်ဖီက ကင်ဆာကို ဖြစ်စေပါသလား၊ တခြားဘာဆိုးကျိုးတွေများ ရှိလာနိုင်မလဲ?

ကော်ဖီစေ့ကို မီးပြင်းပြင်းနဲ့ ခပ်ကြာကြာလှော်မိရင် Acrylamideဆိုတဲ့ ဓာတ်တမျိုး ထွက်လာတယ်။ ဒီဓာတ်က ကင်ဆာရောဂါကို ဖြစ်စေတယ်။ အရောင်မဲသွားလေ Acrylamide ဓာတ် ပိုများလာလေဖြစ်တယ်။ ကော်ဖီများများသောက်ရင် cortisol, epinephrine နဲ့norepinephrine စတဲ့ stress hormone တွေ ထွက်လာတယ်။ ဒီဟော်မုန်းတွေက သွေးကြောတွေကို ကျဉ်းစေမယ်။ သွေးပေါင်တက်လာပြီး နှလုံးခုန်မြန်လာတယ်။ ရင်တုန်လာတယ်။ ကဖင်းဓာတ်ကြောင့် ရင်ပူစေတယ်။ အစာမကြေတာမျိုး ရှိမယ်။ နေ့စဉ် သောက်သုံးရင် အစာအိမ်ကို ထိခိုက်စေတယ်။

ဒါ့ပြင် အူလမ်းကြောင်းက အာဟာရဓာတ်စုပ်ယူမှုကို တားဆီးပေးတယ်။ အထူးသဖြင့် သံဓာတ်၊ကယ်စီယမ်၊မဂ္ဂနီစီယမ်နဲ့ ဇင့်ဓာတ်တွေ စုပ်ယူမှုကို ဟန့်တားတယ်။ ဒါ့ပြင် စိတ်ခံစားမှုနဲ့ စိတ်ဖိစီးမှုကို ဖြစ်စေတဲ့ GABA ဇီဝဖြစ်ပျက်မှုကို ပြောင်းလဲစေတယ်။

 

ကော်ဖီပရိသတ်တွေ ပြောနေ၊ရေးနေကြတဲ့ ကော်ဖီဘယ်နှစ်ခွက်သောက်ရင် ဘယ်ရောဂါကာကွယ်မယ်ဆိုတာ မလာခင် ဇီဝကမ္မပြောင်းလဲမှု၊ သွေးတိုး၊ ဆီးချိုစတာတွေ အရင်လာလိမ့်မယ်။ နေ့စဉ်ကော်ဖီ (၄)ခွက်ထက် ပိုသောက်ရင် အသေအပျောက်နှုန်း ၂၁% ထိ တက်လာတာ တွေ့ရတယ်။ ဒါပေမယ့် ၂ခွက်အောက် သောက်လို့ သေနှုန်းတက်လာတယ်လို့လည်း မတွေ့မိသေးဘူး။ သေချာတာတော့ ကော်ဖီများများ သောက်တာက လူ့ခန္ဓာကိုယ်အတွက် မကောင်းဘူးဆိုတာပဲ။ ဒါ့ကြောင့် ကျွန်တော့်အနေနဲ့ ကော်ဖီလျှော့သောက်ဖို့သာ အလေးထား တိုက်တွန်းပါရစေ။

ဒေါက်တာ အေးမင်းထူး
၉.၁၀.၁၇

 

Post Author: Good Health Journal

Leave a Reply

Your email address will not be published. Required fields are marked *