ကျောက်ကပ်ကျောက်တည်နေကြောင်း သတိပေးလက္ခဏာများ

ကျောက်ကပ်ကျောက်တည်တဲ့ဝေဒနာကို လွန်ခဲ့တဲ့နှစ်ပေါင်း ၆၀၀ ဘီစီက တည်းက စတင်သိရှိခဲ့ပါတယ်။ ဒီဝေဒနာဟာ အမျိုးသားတွေမှာ အမျိုးသမီးတွေထက် ပိုမိုအဖြစ်များပါတယ်။ ကျောက်ကပ်ရဲ့ ကျောက်ဟာ ကျောက်ကပ်ထဲမှာပဲရှိနေရင် ဘာရောဂါလက္ခဏာမှ မတွေ့ရှိနိုင်ပါဘူး။ ဒါပေမဲ့ သူက ရွေ့လျားလာတဲ့အခါမှာတော့ အလွန်အမင်းနာကျင်တဲ့ဝေဒနာခံစားရနိုင်ပါတယ်။ ဒီလိုနာကျင်နေရင်တော့ ဆရာဝန် နဲ့ ချက်ချင်းပြသသင့်ပါပြီ။ အောက်ပါတို့ဟာ ကျောက်ကပ်ကျောက်တည်နေကြောင်း သိရှိနိုင်တဲ့ လက္ခဏာတွေပါ။

အလွန်အမင်းနာကျင်နေခြင်း
ချက်၊ ခါးနောက်ကျော ဒါမှမဟုတ် ပေါင်ခြံတစ်ဝိုက်မှာ အလွန်အမင်းနာကျင်တဲ့ ဝေဒနာခံစားရနိုင်ပါတယ်။ ဒီလိုဝေဒနာမျိုးဟာ ကျောက်က ကျောက်ကပ်ကနေ ဆင်းလာပြီး ဆီးပို့ပြွန်အတွင်း ပိတ်ဆို့နေတဲ့အတွက် ကျောက်ကပ်ကို ဖိအားပေးတာ ကြောင့် ဖြစ်ပေါ်တာဖြစ်ပါတယ်။ ကျောက်ရွေ့လျားတာနဲ့အမျှ ခါးကနေ ပေါင်ခြံတစ် လျှောက် နာကျင်မှုဝေဒနာခံစားရနိုင်ပါတယ်။

ဆီးအသွင်အပြင်ပြောင်းလဲခြင်း
ကျောက်ကပ်ကျောက်တည်တာကြောင့် ဆီးသွားတဲ့အသွင်အပြင်က အောက်ပါ အတိုင်း ပြောင်းလဲသွားနိုင်ပါတယ်။
– ကျောက်ကပ်ရွေ့လျားလာပြီး ဆီးအိမ်ထဲရောက်တဲ့အခါမှာ ချက်ချင်းဆီးသွားချင် စိတ် မကြာခဏ ဖြစ်ပေါ်တတ်ပါတယ်။ ဆီးသွားတဲ့အခါမှာ နာကျင်ပြီး ပူစပ်ပူလောင် လည်း ဖြစ်နေတတ်ပါတယ်။
– ဆီးထွက်တဲ့ပမာဏ လျော့နည်းသွားနိုင်ပါတယ်။ ဒါက ကျောက်က ဆီးထွက်ပြွန် ကို ပိတ်ဆို့နေတာကြောင့်ပါ။ တစ်ခါတလေမှာ ဆီးလုံးဝမသွားတဲ့အထိ ဖြစ်နိုင်ပါတယ်။
– ဆီးထဲမှာ သွေးပါနေတတ်တာက ဆီးလမ်းကြောင်းထဲ ကျောက်ရှိနေတာကြောင့် ပါ။
– ဆီးအနံ့နံနေတာက ကျောက်ကပ်တွင်း ရောဂါပိုးဝင်နေတာကြောင့်ဖြစ်ပြီး တစ်ခါ တလေ ဆီးမှာ အနည်ပါနေတတ်ပါတယ်။

တုန်ချမ်းပြီး ဖျားခြင်း
တုန်ချမ်းပြီး ဖျားတာက ဆီးလမ်းကြောင်းအတွင်း ရောဂါပိုးဝင်နေတဲ့ လက္ခဏာ ပါ။ ဆီးကျောက်ကြောင့် ဖြစ်ပေါ်လာတဲ့ နောက်ဆက်တွဲဆိုးကျိုးလည်း ဖြစ်ပါတယ်။

ပျို့ ခြင်း
ပျို့တာအပြင် အန်တာပါ တွဲဖြစ်တတ်ပါတယ်။ ဒါက ကျောက်ကပ်နဲ့ အစာအိမ် အူလမ်းကြောင်းက အာရုံကြောတွေကို မျှဝေပြီး သုံးစွဲနေရတာကြောင့်ပါ။ အလွန်အ မင်း နာကျင်တာကြောင့်လည်း ပျို့တာအန်တာတွေ ဖြစ်တတ်ပါတယ်။
အလွန်အမင်း အားနည်းနေခြင်း၊ မောပန်းနေခြင်း
ကျောက်ကပ်ကျောက်ရှိနေရင် ကျောက်ကပ်ရဲ့ လုပ်ငန်းဆောင်တာလည်း လျော့ ကျသွားပါတယ်။ ဒီလိုဖြစ်တာကြောင့် ခန္ဓာကိုယ်အတွင်း အဆိပ်အတောက်တွေ စု ဆောင်းမှုများလာပြီး ခါတိုင်းထက်ပိုမောပန်းတာ၊ အားနည်းတာတွေ ဖြစ်နေတတ်ပါ တယ်။

ဘယ်သူတွေမှာ ကျောက်ကပ်ကျောက်တည်နိုင်ခြေများသလဲ
– ရေသောက်နည်းသူ
– မိသားစုမျိုးရိုးထဲမှာ ကျောက်ကပ်ကျောက်တည်ဖူးသူ

– သကြား၊ ဆားနဲ့ ပရိုတင်း စားသုံးမှုများသူ
– ဗီတာမင် ဒီ နဲ့ ကယ်လ်စီယမ်အားဖြည့်ဆေးကို အလွန်အမင်းမှီဝဲသူ
– အဝလွန်သူ

ကျောက်ကပ်ကျောက်ကို သဘာဝအတိုင်းဖယ်ရှားနိုင်အောင်
ကျောက်ကပ်ကျောက်ကို သဘာဝအတိုင်းဖယ်ရှားနိုင်ဖို့အတွက် ကျောက်ကို ပျော်ဝင်စေပြီး ဆီးနဲ့အတူထွက်သွားနိုင်စေဖို့ အောက်ပါနည်းလမ်းတွေနဲ့ ပြုလုပ်နိုင်ပါ တယ်။

– ရေသန့်သောက်ပါ
ရေသန့်မှာ ဘက်တီးရီးယား၊ ဗိုင်းရပ်စ်ပိုး၊ သတ္တုဓာတ်နဲ့ အနည်တွေ မပါဝင် အောင် သန့်စင်ထားတဲ့အတွက် ကျောက်တွေကို ရေနဲ့အတူ ဖယ်ရှားပေးနိုင်ပါတယ်။ အနည်ထိုင်မှုမရှိတဲ့အတွက် ကျောက်ကလည်း ပိုပြီး ကြီးထွားလာမှာ မဟုတ်တော့ပါ ဘူး။

– ရှောက်ရည်သောက်ပါ
ရှောက်သီးမှာ ပါဝင်တဲ့ စီးထရစ်အက်စစ်ဟာ ကယ်လ်စီယမ်ကြောင့်ဖြစ်တဲ့ ကျောက်ကပ်ကျောက်တွေကို ပျော်ဝင်ဖို့ ကူညီနိုင်ပါတယ်။ ဒါကြောင့် သင်သောက် မယ့်ရေထဲမှာ ရှောက်သီးစိတ်ထည့်ပြီး သောက်ပေးပါ။

– လေ့ကျင့်ခန်းပြုလုပ်ပါ
လေ့ကျင့်ခန်းပြုလုပ်တာကြောင့် ကျောက်ကပ်ကျောက်တည်တာ မဖြစ်အောင် ကာကွယ်နိုင်သလို ခန္ဓာကိုယ်တွင်းစုဆောင်းနေတဲ့ အဆိပ်အတောက်တွေ၊ အညစ်အ ကြေးတွေနဲ့ ကယ်လ်စီယမ်တွေကို ဖယ်ရှားပေးနိုင်ပါတယ်။ ဒါ့အပြင် လေ့ကျင့်ခန်း လုပ်တာကြောင့် ရေဆာတဲ့အတွက် လေ့ကျင့်ခန်းမလုပ်သူတွေထက် ရေ နှစ်ဆ လောက် ပိုသောက်မိသွားနိုင်ပါတယ်။

– စီးထရိတ်မှီဝဲပါ
စီးထရိတ်ဟာ ယူရစ်အက်စစ်စုဆောင်းမှုကို နည်းပါးစေပြီး ကျောက်ဖြစ်စေတဲ့ ကယ်လ်စီယမ်ဓာတ်ဆားတွေကိုလည်း ဖယ်ရှားပေးပါတယ်။ ရေနဲ့အတူ စီးထရိတ် ပါဝင်တဲ့ စပျစ်သီး၊ မုန်လာဥနီ ဒါမှမဟုတ် လိမ္မော်သီးဖျော်ရည်တွေကို သောက်ပေးပါ။

– ကာကွယ်ပါ
ကာကွယ်တာကတော့ အကောင်းဆုံးနည်းလမ်းပါပဲ။ ကျောက်ကပ်ကျောက်တည် တာမဖြစ်ရလေအောင် အချိုဓာတ်တွေကို လျှော့စားပါ။ အချိုစာများများစားသုံးသူတွေ က ကျောက်ကပ်ကျောက်တည်နိုင်ခြေ အလွန်များပြားပါတယ်။

ဒေါက်တာခင်မိုးမိုး

Post Author: Good Health Journal