ဂေါ်ရခါးသီး ဘာကြောင့် စားသင့်သလဲ

ဂေါ်ရခါးသီးမှာ အမျှင်ဓာတ်၊ ဗီတာမင်ဓာတ်နဲ့ သတ္တုဓာတ်တွေ များစွာ ပါရှိတဲ့ အတွက် သင်စားတဲ့အစားအစာထဲမှာ မဖြစ်မနေ ထည့်သွင်းသင့်တဲ့အစားအစာတစ်မျိုးဖြစ်ပါတယ်။ ကယ်လိုရီနဲ့ အဆီဓာတ်လည်း နည်းပါးစွာ ပါဝင်တာကြောင့် ခန္ဓာ

ကိုယ်အလေးချိန်လျှော့ချသူတွေအတွက် အလွန်အသုံးဝင်တဲ့အစားအစာပါ။ ဒါ့အပြင် ဂေါ်ရခါးသီးမှာ အောက်ပါကျန်းမာရေးအကျိုးကျေးဇူးတွေ များစွာ ရှိပါတယ်။

ခုခံအားစနစ် မြှင့်တင်နိုင်ခြင်း
ဂေါ်ရခါးသီးတစ်ခွက်စာမှာ နေ့စဉ် ဗီတာမင် စီ လိုအပ်ချက်ရဲ့ ၁၇ ရာခိုင်နှုန်း ပါဝင်ပါတယ်။ ဗီတာမင် စီ ဟာ ခုခံအားစနစ်ကို သန်မာစေနိုင်ပါတယ်။ ဒါကြောင့် ဂေါ်ရခါးသီးနေ့စဉ်စားသုံးသူတွေက ရောဂါပိုးမွှားတွေ မ၀င်ရောက်အောင်နဲ့ ဓာတ်မတည့်မှုဖြစ်စဉ် မဖြစ်အောင် ကာကွယ်ပြီးသားဖြစ်ပါတယ်။

အရွယ်တင်နုပျိုနိုင်ခြင်း
ဂေါ်ရခါးသီးမှာ များစွာပါဝင်တဲ့ ဗီတာမင် စီ က အသားအရေအတွက် အထူး ကောင်းမွန်စေပါတယ်။ သူက ကော်လာဂျင်ထုတ်လုပ်မှုအတွက် လိုအပ်တဲ့ပစ္စည်း ဖြစ်ပြီး အနာကျက်မြန်စေနိုင်ကာ အရွယ်တင်နုပျိုတဲ့အသွင်ဖြစ်စေနိုင်ပါတယ်။ ဗီတာ မင် စီ ဟာ အစွမ်းထက်ဓာတ်တိုးဆန့်ကျင်ပစ္စည်းအဖြစ်နဲ့လည်း ဓာတ်တိုးပစ္စည်းတွေက အရေပြားဆဲလ်တွေကို မဖျက်ဆီးပစ်နိုင်ခင်မှာပဲ တိုက်ထုတ်လိုက်ပါတယ်။

ကင်ဆာဖြစ်နိုင်ခြေကို လျှော့ချနိုင်ခြင်း
ဗီတာမင် စီ ရဲ့ ဓာတ်တိုးဆန့်ကျင်နိုင်တဲ့ ဂုဏ်သတ္တိတွေကြောင့် ဂေါ်ရခါးသီးကို စားသုံးသူတွေက ကင်ဆာဖြစ်နိုင်ခြေ လျော့နည်းနိုင်ပါတယ်။ အထူးသဖြင့် သူ့မှာ ပါဝင်တဲ့ များစွာသော အမျှင်ဓာတ်တွေကြောင့်လည်း အူမကြီးကင်ဆာမဖြစ်အောင် ကာကွယ်နိုင်ပါတယ်။

မွေးကင်းစကလေးတွေမှာ အာရုံကြောချို့ယွင်းချက်မဖြစ်အောင် ကာကွယ်နိုင် ခြင်း
ကိုယ်ဝန်ဆောင် ပထမ သုံးလအချိန်အတွင်းမှာ မွေးကင်းစကလေးတွေရဲ့ ဦးနှောက်နဲ့ အာရုံကြောမချို့ယွင်းမှုပြဿနာတွေ ဖြစ်တတ်ပါတယ်။ ဒီလိုမဖြစ်အောင် ဗီတာမင် ဒီ တစ်မျိုးဖြစ်တဲ့ ဖောလိတ်ပါဝင်မှုများတဲ့အစားအစာတွေကို စားသုံးရမယ်လို့ ကျွမ်းကျင်သူတွေက ညွှန်ကြားထားပါတယ်။ ဂေါ်ရခါးသီးတစ်လုံးမှာ ကိုယ်ဝန်ဆောင်မိခင်တွေ နေ့စဉ် လိုအပ်တဲ့ ဖောလိတ် ၃၁ ရာခိုင်နှုန်းတောင် ပါဝင်ပါတယ်။

အရိုးသန်မာစေနိုင်ခြင်း
ဂေါ်ရခါးသီးမှာ ပါဝင်တဲ့ တခြားအာဟာရဓာတ်ကတော့ ဗီတာမင် ကေ ပါပဲ။ သူက အရိုးသန်မာဖို့အတွက် အလွန်လိုအပ်ပါတယ်။ အထူးသဖြင့် ကယ်လ်စီယမ် များစွာ ပါဝင်တဲ့ အစားအစာတွေနဲ့ တွဲစားရပါမယ်။ ဂေါ်ရခါးသီးမှာ ပါဝင်တဲ့ ဗီတာမင် ကေ က သွေးခဲဖို့အတွက် လိုအပ်တာမို့ သွေးဆုံးရှုံးမှုမဖြစ်အောင် ကာကွယ်နိုင်ပါ တယ်။

ဝမ်းမချုပ်အောင် ကာကွယ်နိုင်ခြင်း
ခန္ဓာကိုယ်အတွင်းမှာရှိတဲ့ အညစ်အကြေးနဲ့ အဆိပ်အတောက်တွေကို ဖယ်ရှားနိုင်ဖို့ ပုံမှန်ဝမ်းသွားဖို့ လိုအပ်ပါတယ်။ အမျှင်ဓာတ်နည်းတဲ့အစားအစာစားတာ၊ ရေ လုံလုံလောက်လောက်မသောက်တာနဲ့ အထိုင်များတဲ့ပုံစံတွေကြောင့် ၀မ်းချုပ်နိုင်ပါ တယ်။ ၀မ်းမချုပ်အောင် ကာကွယ်ဖို့အတွက် အမျှင်ဓာတ်ပါဝင်မှုများတဲ့ ဂေါ်ရခါးသီး လိုအစားအစာတွေ စားပေးရပါမယ်။

ကိုယ်အလေးချိန်ကျဆင်းအောင် ကူညီနိုင်ခြင်း
ဂေါ်ရခါးသီးမှာ အမျှင်နဲ့ ရေဓာတ်တွေ များစွာ ပါဝင်ပြီး ကယ်လိုရီနဲ့ အဆီဓာတ် တွေ အနည်းငယ်သာ ပါဝင်တဲ့အတွက် သူ့ကို စားသုံးပေးတာက အချိန်အကြာကြီး ဗိုက်ပြည့်တင်းမှု ရစေနိုင်ပြီး ခန္ဓာကိုယ်အလေးချိန်ကျဆင်းနိုင်ပါတယ်။

သိုင်းရွိုက်ဂလင်းကျန်းမာရေးကောင်းမွန်နိုင်ခြင်း
သိုင်းရွိုက်ဂလင်းက ကောင်းစွာ အလုပ်မလုပ်နိုင်ရင် ဇီဝရုပ်ဖြစ်စဉ်ကလည်း နှေးကွေးသွားတဲ့အတွက် ကိုယ်အလေးချိန်တက်လာနိုင်ပါတယ်။ သိုင်းရွိုက်ဂလင်း ကျန်းမာဖို့အတွက် ကော့ပါးပါဝင်မှုများတဲ့ ဂေါ်ရခါးသီးလိုမျိုး အစားအစာတွေ စားသုံး ပေးရပါမယ်။ ကော့ပါးက ခန္ဓာကိုယ်မှ အိုင်အိုဒင်းစုပ်ယူမှုကို ကောင်းမွန်စေနိုင်တာကြောင့်ပါ။ အိုင်အိုဒင်းက သိုင်းရွိုက်ဂလင်းအတွက် အရေးကြီးတဲ့အာဟာရဓာတ်ဖြစ်ပါတယ်။

♥ ဒေါက်တာခင်မိုးမိုး ♥

Post Author: Good Health Journal

Leave a Reply

Your email address will not be published. Required fields are marked *