ဆေးဝါးမှီဝဲနေစဉ် သတိပြုရမည့် အရာများ

တချို့ဆေးဝါးတွေက သင်စားတဲ့အစားအစာတွေ၊ ဖျော်ရည်တွေနဲ့ အတူတူတွဲ ဖက်ပြီး မှီဝဲလို့ မရနိုင်ပါဘူး။ ဆေးရဲ့အာနိသင်ကို ထိခိုက်မှုရှိနိုင်တာကြောင့်ပါ။ ဆေး ဝါးတွေကို အသုံးမပြုခင်မှာ ဆရာဝန်နဲ့ ဦးစွာတိုင်ပင်ရပါမယ်။

ဂရိတ်ဖရုသီး
ဂရိတ်ဖရုသီးဟာ ဆေးအမျိုးပေါင်း ၅၀ ကျော်ရဲ့ အာနိသင်ပေါ်မှာ သက်ရောက် မှုရှိပါတယ်။ တချို့ဆေးဝါးတွေ (ဥပမာအားဖြင့် ဓာတ်မတည့်မှုပျောက်ဆေး Allegra) ရဲ့ အာနိသင်လျော့နည်းသွားနိုင်သလို တချို့ဆေးဝါးတွေ (ဥပမာအားဖြင့် ကိုလက် စထရောကျဆင်းစေနိုင်တဲ့ဆေး Atorvastatin)ရဲ့ အာနိသင်ကို ပိုမိုပြင်းထန်သွား စေနိုင်တဲ့အတွက် သင့်အနေနဲ့ ဆေးဝါးအသစ်ကို မှီဝဲရမယ်ဆိုရင် ဂရိတ်ဖရုသီးကို ရှောင် ကြဉ်သင့်ပါတယ်။

နွားနို့
နွားနို့နဲ့ နို့ထွက်ပစ္စည်းတွေကို စားသုံးတာက ခန္ဓာကိုယ်က ပဋိဇီဝဆေးတချို့ရဲ့ အာနိသင်ရရှိဖို့ အခက်အခဲဖြစ်နိုင်ပါတယ်။ နွားနို့မှာ ပါဝင်တဲ့ ကယ်လ်စီယမ်နဲ့ မဂ္ဂနီ ဆီယမ်သတ္တုဓာတ်ကြောင့်ဖြစ်နိုင်သလို ကေစိမ်းပရိုတင်းကြောင့်လည်း ဆေးရဲ့အာနိ သင်အပေါ် ထိခိုက်မှုရှိတာ ဖြစ်ပါတယ်။ ဒါကြောင့် ပဋိဇီဝဆေးဝါးတွေကို နွားနို့နဲ့အတူ မမှီဝဲသင့်ပါဘူး။

နွယ်ချို
နွယ်ချိုကို တချို့လူတွေက အစာကြေဖို့အတွက် ဆေးဖက်ဝင်အပင်အဖြစ် အသုံးပြုကြပြီး တချို့ကျတော့ အနံ့အရသာကောင်းဖို့အတွက် သုံးလေ့ရှိကြပါတယ်။ ဒါပေမဲ့ နွယ်ချိုမှာ ပါဝင်တဲ့ ဓာတုပစ္စည်း Glycyrrhizin က တချို့ဆေးဝါးတွေရဲ့ အာနိသင်ကို လျော့ကျစေပါတယ်။ ဥပမာအားဖြင့် ကိုယ်တွင်းအင်္ဂါအစားထိုးကုသသူ တွေမှာ အသုံးပြုရတဲ့ ဆိုက်ကလိုစပိုရင်းဆေးရဲ့အာနိသင်က နွယ်ချိုကြောင့် ပျက်စီး နိုင်ပါတယ်။

ချောကလက်
အညိုရင့်ရောင်ချောကလက်က တချို့ဆေးဝါးတွေရဲ့ အာနိသင်ကို လျော့ကျ စေနိုင်ပါတယ်။ အထူးသဖြင့် စိတ်တည်ငြိမ်ဖို့ ဒါမှမဟုတ် အိပ်ပျော်ဖို့အတွက် သောက် ရတဲ့ Zolpidem Tartrate လိုမျိုးဆေးတွေပါ။ ချောကလက်ကပဲ တချို့ စိတ်ကိုလှုံ့ ဆော်မှုပေးနိုင်တဲ့ဆေး (ဥပမာအားဖြင့် ြMethyl Phenidate)ရဲ့ အာနိသင်ကို ပိုမို ပြင်းထန်သွားစေနိုင်ပါတယ်။ ဒါ့အပြင် သင့်အနေနဲ့ စိတ်ဓာတ်ကျဝေဒနာကို ကုသဖို့ အတွက် ဆေးဝါးမှီဝဲနေစဉ်အတွင်း အညိုရင့်ရောင်ချောကလက်စားမိခဲ့ရင် သင်ရဲ့ သွေးဖိအားက အန္တရာယ်ရှိလောက်အောင် မြင့်တက်သွားနိုင်ပါတယ်။

သံဓာတ်အားဆေး
ဒီဆေးဝါးတွေက သိုင်းရွိုက်အလုပ်မလုပ်တာအတွက် ပေးရတဲ့ သိုင်းရွိုက်ဟော် မုန်းဆေးဝါးတွေရဲ့အာနိသင်ကို လျော့ကျစေနိုင်ပါတယ်။ သင့်အနေနဲ့ သိုင်းရွိုက်ဟော် မုန်းဆေးနဲ့အတူ Multi Vitamin ကို မှီဝဲရမယ်ဆိုရင် သင်ရဲ့ ဗီတာမင် အားဖြည့် ဆေးထဲမှာ သံဓာတ် ပါ မပါ စစ်ဆေးပါ။ သံဓာတ်မှီဝဲဖို့ လိုအပ်ခဲ့ရင်လည်း သိုင်းရွိုက် ဆေးဝါးနဲ့အတူ တစ်ပြိုင်နက် တွဲမသောက်ဘဲ အချိန်ခွဲခြားပြီး မှီဝဲရပါမယ်။

အရက်
အရက်ဟာ တချို့ဆေးဝါးတွေရဲ့ အာနိသင်ကို လျော့ကျစေနိုင်ပါတယ်။ လုံး၀ အာနိသင်မရှိတဲ့အထိတောင် ဖြစ်သွားနိုင်ပါတယ်။ ဥပမာအားဖြင့် သွေးဖိအားကျဆေးနဲ့ နှလုံးရောဂါအတွက် မှီဝဲရတဲ့ဆေးဝါးတွေမှာပါ။ အရက်ကြောင့်ပဲ တချို့ဆေးဝါးတွေ ရဲ့ အာနိသင်က အလွန်ုပြင်းထန်သွားပြီး အန္တရာယ်ရှိလောက်တဲ့အထိ ဆိုးကျိုးတွေ ရရှိနိုင်ပါတယ်။

ကော်ဖီ
စိတ်ရောဂါကိုကုသဖို့အတွက် အသုံးပြုရတဲ့ဆေးဝါး ကလိုဆပင်းရဲ့ အာနိသင်ကို ကော်ဖီက လျော့ကျသွားစေပြီး အက်စပရင်၊ ဓာတ်မတည့်မှုအတွက် အသုံးပြုရတဲ့ ဆေးနဲ့ ရင်ကျပ်ပန်းနာအတွက် အသုံးပြုရတဲ့ ရှူဆေးတွေရဲ့ အာနိသင်ကို ပြင်းထန် စေနိုင်ပါတယ်။

Antihistamines
ဒီဆေးဝါးတွေက ဓာတ်မတည့်မှုကြောင့်ဖြစ်တဲ့ နှာစေး၊ နှာပိတ်တာနဲ့ နှာရည် ယိုတာတွေမှာ အသုံးပြုနိုင်ပေမယ့် သူ့ကို သွေးဖိအားကျဆင်းဆေးနဲ့အတူ တွဲသောက် မယ်ဆိုရင် သွေးဖိအားကျဆေးရဲ့ အာနိသင်ရဲ့ လျော့ကျသွားပြီး နှလုံးခုန်နှုန်းမြန်ဆန် နိုင်ပါတယ်။ သင့်အနေနဲ့ သွေးဖိအားကျဆေးမှီဝဲနေရစဉ်အတွင်း ဓာတ်မတည့်မှုဖြစ် စဉ်ဖြစ်ရင် ဆရာဝန်နဲ့ တိုင်ပင်ပြီးမှ ဆေးဝါးမှီဝဲပါ။

အတက်ကျဆေး (AEDs)
ဝက်ရူးပြန်ရောဂါရှိသူတွေမှာ အတက်ကျဖို့အတွက် အသုံးပြုရတဲ့ဆေးဝါးဟာ သန္ဓေတားဆေးရဲ့ အာနိသင်ကို လျော့ကျနိုင်တဲ့အတွက် ကိုယ်ဝန်မရအောင် ကာ ကွယ်ဖို့ ခက်ခဲနိုင်ပါတယ်။ ဒီဆေးဝါးတွေက တခြားဆေးဝါးတွေရဲ့ အာနိသင်ကိုတော့ ပြင်းထန်စေနိုင်ပြီး ဆိုးကျိုးတွေရရှိနိုင်ပါတယ်။

ဗီတာမင် ကေ
သွေးခဲမှုကိုကာကွယ်ဖို့အတွက် အသုံးပြုရတဲ့ သွေးကျဲဆေး ဝါဖရင်ဆေးဝါးကို မှီဝဲနေရရင် သင့်အနေနဲ့ ဗီတာမင် ကေ ရရှိမှုပမာဏကို သတိပြုရပါလိမ့်မယ်။ ဗီတာ မင် ကေ က သွေးကျဲဆေးရဲ့ အာနိသင်ကို လျော့နည်းစေနိုင်တဲ့အတွက် သွေးခဲမှု ကြောင့်ဖြစ်ပေါ်လာမယ့်ဆိုးကျိုးတွေ ပိုမိုမြင့်မားနိုင်ပါတယ်။ အစိမ်းရောင်ပန်းဂေါ်ဖီ၊ ကိုက်လန်၊ နံနံပင်နဲ့ ဟင်းနုနယ်တွေမှာ ဗီတာမင် ကေ ပါဝင်မှုပမာဏ အလွန်မြင့်မား ပါတယ်။ သွေးကျဲဆေးမှီဝဲနေသူတွေက ဒီအစားအစာ စားသုံးတဲ့ပမာဏကို ချင့်ချိန်ရ ပါလိမ့်မယ်။

ဂျင်ဆင်း
ဂျင်ဆင်းက သွေးကျဲဆေး ဝါဖရင်ရဲ့ အာနိသင်ကို လျော့ကျစေနိုင်ပါတယ်။ ဂျင် ဆင်းနဲ့အတူ သွေးကျဲဆေးမှီဝဲရင် ဒါမှမဟုတ် အက်စပရင် ဒါမှမဟုတ် စတီးရွိုက်မပါ ဝင်တဲ့ရောင်ရမ်းမှုပျောက်ဆေးတွေ မှီဝဲမိရင် အစာအိမ်မှ သွေးယိုစီးမှုဖြစ်နိုင်ပါတယ်။ စိတ်ကျဝေဒနာကုသဆေးမှီဝဲနေရသူတွေကလည်း ဂျင်ဆင်းကြောင့် ခေါင်းကိုက်တာ၊ အိပ်မပျော်တာနဲ့ စိတ်လှုပ်ရှားမှုများတာတွေဖြစ်လာနိုင်ပါတယ်။

နှစ်တစ်ရာပင်
တချို့လူတွေက နှစ်တစ်ရာပင်အရွက်ကို သွေးဖိအားမမြင့်တက်အောင်၊ သူငယ် ပြန်ရောဂါမဖြစ်အောင်၊ နားလေမထွက်အောင် ကာကွယ်ဖို့အတွက် အသုံးပြုကြပါ တယ်။ ဒါပေမဲ့ ဒီရောဂါတွေ ကုသပျောက်ကင်းနိုင်တယ်ဆိုတာကိုတော့ ဘယ်သုတေ သနကမှ အတည်မပြုနိုင်သေးပါဘူး။ သူက အတက်ကျဆေးရဲ့ အကျိုးအာနိသင်ကို လျော့နည်းစေနိုင်ပါတယ်။

ဆရာဝန်ညွှန်ကြားချက်အတိုင်း မှီဝဲပါ
ဆေးဝါးတွေရဲ့ ၅၀ ရာခိုင်နှုန်းခန့်ကိုသာ ညွှန်ကြားထားတဲ့အတိုင်း မှီဝဲကြတာဖြစ် ပါတယ်။ များသောအားဖြင့် လိုအပ်တဲ့ပမာဏထက်လျော့နည်းပြီး မှီဝဲတတ်သလို ဆေးသောက်တဲ့အချိန်ကိုလည်း ပုံမှန်အတိအကျ မထားကြပါဘူး။ တစ်ခါတလေ ဆေးတစ်ကြိမ်နဲ့ တစ်ကြိမ်ကြားမှာလည်း နာရီပေါင်းများစွာ ခြားတတ်ကြတာမို့ ဆေးရဲ့ အကျိုးအာနိသင်လျော့နည်းသွားနိုင်ပါတယ်။ ဒါကြောင့် ဆေးဝါးမှီဝဲတဲ့အခါမှာ ဆရာ ဝန်ညွှန်ကြားချက်အတိုင်း တိတိကျကျ လိုက်နာသင့်ပါတယ်။

ဒေါက်တာခင်မိုးမိုး

Post Author: Good Health Journal