ဆေးလောကက အမှားများနှင့် ရှောင်ကြဉ်ရန် နည်းလမ်းများ

ဆေးလောကက အမှားများကြောင့် သေဆုံးနိုင်ခြေဟာ ကင်ဆာရောဂါနဲ့ နှလုံးရောဂါအပြီးမှာ တတိယလိုက်ပါတယ်လို့ ဂျွန်ဟော့ကင်းစ်မှ သုတေသီတွေက ခန့်မှန်းထားပါတယ်။ သူတို့တွေရဲ့ ထုတ်ဖော်ချက်အရ နှစ်စဉ်နှစ်တိုင်း ဆေးလောကအမှားကြောင့် သေဆုံးသူပေါင်းဟာ နှစ်သိန်းခွဲလောက်ရှိတယ်လို့ သိရပါတယ်။ ဒီလိုအမှားတွေ မဖြစ်အောင် ရှောင်ကြဉ်နိုင်ဖို့ အောက်ပါအချက်တွေကို သိထားဖို့ လိုအပ်ပါတယ်။

၁။ ဆေးဝါးအသုံးပြုပုံမှားခြင်း
သင့်အနေနဲ့ မမှန်ကန်တဲ့ဆေးဝါး ဒါမှမဟုတ် မမှန်ကန်တဲ့ ဆေးပမာဏရရှိခဲ့ရင် ဆိုးရွားတဲ့ပြဿနာအထိ ဖြစ်ပေါ်လာနိုင်ပါတယ်။ တချို့ဆေးတွေက အလွန်အစွမ်းထက်တဲ့အတွက် အဲဒီဆေးဝါးတွေကို အန္တရာယ်ကင်းစွာနဲ့ ထိရောက်မှုရှိနိုင်တဲ့ အတိုင်းအတာအထိပဲ ပေးဖို့ လိုအပ်ပါတယ်။ သင်တန်းလိုအပ်ချက်၊ လူတွေရဲ့အမှား၊ တစ်ဦးနဲ့တစ်ဦး လွဲမှားစွာ နားလည်မှုတွေကြောင့် ဒီလိုအမှားမျိုးဖြစ်တတ်ပါတယ်။ ဆေးဝါးတစ်ခုကို မှီဝဲရတော့မယ်ဆိုရင် ဆရာဝန်ပြောတဲ့စကားကို သေချာလိုက်နာ မှတ်သားပါ။ မသိရင် မေးပါ။ သင်ရဲ့ လက်ရှိသောက်ရမယ့်ဆေးတွေကို စာရင်းပြုစုပါ။

။ ပဋိဇီဝဆေးဝါးကိုလွဲမှားစွာ အသုံးပြုခြင်း
ပဋိဇီဝဆေးဝါးတွေက ဘက်တီးရီးယားတွေကိုသာ တိုက်ခိုက်နိုင်တာမို့ ဗိုင်းရပ်စ် ပိုးကြောင့်ဖြစ်စေတဲ့ အအေးမိရောဂါနဲ့ တုပ်ကွေးရောဂါလိုမျိုးတွေကို ဘာအကူအညီမှ မပေးနိုင်ပါဘူး။ သင်ဟာ ပဋိဇီဝဆေးဝါးတွေကို မလိုအပ်ဘဲမကြာခဏ အသုံးပြုနေမိတယ်ဆိုရင် ဆေးဝါးတွေက အစွမ်းထက်တော့မှာ မဟုတ်ဘဲ ယဉ်ပါးသွားနိုင်ပါတယ်။ သင့်ဆရာဝန်အနေနဲ့ မှန်ကန်တဲ့အကြောင်းပြချက်နဲ့သာ ပမာဏမှန်ကန်စွာ သင့်ကို ဆေးဝါးအသုံးပြုဖို့ ညွှန်ကြားပေးဖို့ အလွန်အရေးကြီးပါတယ်။ ဆရာဝန်ကို မလိုအပ်ဘဲ ဒီပဋိဇီဝဆေးဝါးတွေကို ညွှန်ကြားဖို့ မတောင်းဆိုပါနဲ့။

၃။ ဆေးရုံတက်ရက် ရှည်လွန်းခြင်း သို့မဟုတ် တိုလွန်းခြင်း
ဆေးရုံတက်နေရတာက အလုပ်ရှုပ်နေပေမယ့် သင့်ရောဂါကောင်းကောင်း မပျောက်သေးခင်မှာ ဆေးရုံဆင်းဖို့ မတောင်းဆိုပါနဲ့။ လေ့လာမှုအများအပြားအရ ခွဲစိတ်ကုသမှုခံယူအပြီး မကြာခင်မှာ အိမ်ကို ပြန်ဖို့ တောင်းဆိုတဲ့လူနာတွေအနေနဲ့ ဒီရောဂါနဲ့ပတ်သက်တဲ့ နောက်ဆက်တွဲပြဿနာဖြစ်နိုင်ခြေအလွန်များပြားတယ်လို့ သိရပါတယ်။ ဆေးရုံမှာလည်း မလိုအပ်ဘဲ ရက်အကြာကြီးမနေသင့်ပါဘူး။ ရောဂါပိုး ကူးစက်နိုင်ခြေ အလွန်မြင့်မားတာမို့ပါ။ သင့်အနေနဲ့ ဆရာဝန်ကို သင်ခံစားရတဲ့ဝေဒနာကို မှန်မှန်ပြောပြနိုင်ပါမှ သင့်အတွက် လိုအပ်တဲ့ကုသမှုကို ရရှိနိုင်သလို ဆေးရုံဆင်းရမယ့်ရက်ကိုလည်း မှန်ကန်စွာ ဆုံးဖြတ်ပေးနိုင်မှာပါ။

၎။ နေရာဘက်မှား ခွဲစိတ်ခြင်း
ဥပမာ ခြေထောက်တစ်ချောင်းလုံးကို ခွဲစိတ်ဆရာဝန်က မှားယွင်းဖြတ်တောက်နိုင်သလို ကိုယ်တွင်းအင်္ဂါတွေ ဘက်မှားပြီး ခွဲစိတ်တာ ဒါမှမဟုတ် လူမှားပြီး ခွဲတာ တွေလည်း ဖြစ်တတ်ပါတယ်။ သင့်အနေနဲ့ သင့်ခန္ဓာကိုယ်ပေါ်က ခွဲစိတ်ခံရမယ့်နေရာကို ခွဲစိတ်ကုသမှု မပြုလုပ်ခင်မှာပဲ အမှတ်အသားတစ်ခု ပြုလုပ်ထားပါ။

၅။ ခန္ဓာကိုယ်တွင်း ပစ္စည်းကျန်ခဲ့ခြင်း
သင့်ကို ခွဲစိတ်ကုသသူတွေက မတော်တဆ သင့်ဗိုက်ထဲမှာ သွေးသုတ်တဲ့ ဂွမ်းစ ဒါမှမဟုတ် ကတ်ကြေးလိုမျိုး ပစ္စည်းတွေ ကျန်ရစ်ခဲ့ရင် ကိုယ်တွင်းမှာ နောက်ဆက်တွဲ ပြဿနာတွေ ဖြစ်ပေါ်လာနိုင်ပါတယ်။ ၀မ်းဗိုက်အတွင်း ပြည်တည်တာ၊ ရောဂါပိုးဝင်တာ၊ ရောင်ရမ်းတာ၊ အနာမကျက်တာနဲ့ ပိတ်ဆို့မှုတွေအထိ ဖြစ်နိုင်ပါတယ်။ အလွန်အမင်း နာကျင်တာ၊ အဖျားရှိတာ၊ ပျို့တာ၊ ၀မ်းသွားတဲ့ရွေ့လျားမှု ပြောင်းလဲသွားတာတွေက ကိုယ်တွင်းမှာ ပစ္စည်းတစ်ခုခု ကျန်ခဲ့တဲ့လက်္ခဏာပါ။ သင် ခွဲစိတ်ကုသမှု ခံယူအပြီး အဲဒီလက္ခဏာတွေ တစ်ခုခုရှိခဲ့ရင် ဆရာဝန်ကို ပြောပြပါ။

၆။ ကုသမှု နှောင့်နှေးခြင်း
ရောဂါရှာဖွေနေချိန် ဒါမှမဟုတ် အချိန်မီ ကျန်းမာရေးစစ်ဆေးမှုတွေ မပြုလုပ်နိုင်တာကြောင့် ရောဂါသတ်မှတ်ချိန် နောက်ကျတာ ဒါမှမဟုတ် ရောဂါမှားပြီး နာမည်တပ်မိတာတွေကြောင့် ရောဂါကုသမှုမှာ နှောင့်နှေးတတ်ပါတယ်။ လူတွေရဲ့ မှားယွင်းမှု၊ Communication မှားယွင်းတာနဲ့ စီမံချက်ညံ့ဖျင်းတာတွေကြောင့် ဒီလိုပြဿနာတွေ ဖြစ်တတ်ပါတယ်။ ဆရာဝန်ဆီက သင့်ရောဂါအကြောင်း မကြားရရင် OK နေတယ် မထင်ပါနဲ့။ သင်ကို စစ်ဆေးထားတဲ့ ဆေးအဖြေကို မေးမြန်းကြည့်ပြီး ပြုလုပ်ရမယ့် အရာတွေကိုလည်း မေးမြန်းပါ။

၇။ အိပ်ရာထဲမှာ နားနေခြင်း
အိပ်ရာထဲမှာ နားနေတာက ပထမ ၁၀ ရက်အတွင်းမှာပဲ ကြွက်သားထုနဲ့ အရိုးသိပ်သည်းဆတွေ ဆုံးရှုံးသွားနိုင်ပါတယ်။ ၁၀ ရက်ထက်ပိုပြီး အိပ်ရာထဲမှာ နေရရင်တော့ နှလုံး၊ အဆုတ်နဲ့ ဦးနှောက်ကို ထိခိုက်ပြီး အိပ်ရာနာတွေပါ ဖြစ်နိုင်ပါတယ်။ ဒါကြောင့် တတ်နိုင်ရင် အိပ်ရာထဲမှာ မနေဘဲ လှုပ်လှုပ်ရှားရှားနေပေးပါ။

သင် ဘာလုပ်နိုင်သလဲ

ဆေးရုံတက်နေစဉ်အတွင်းမှာ သင် သောက်နေကျဆေးဝါးအကြောင်းကို ဆေးဝန်ထမ်းတစ်ဦးဦးကို ပြောထားရုံနဲ့ ဆေးဝန်ထမ်းအားလုံး သိရှိသွားတာ မဟုတ်တဲ့အတွက် လိုအပ်ရင် အကြိမ်ကြိမ်အခါခါ ပြောပြပါ။ ဖြစ်နိုင်ရင် သင်သောက်တဲ့ဆေးတွေကို စာအုပ်တစ်အုပ်မှာ ရေးမှတ်ထားပြီး သင့်ကို အနီးကပ်ပြုစုသူတွေကိုလည်း ပြောပြထားပါ။

သင့်ကျန်းမာရေးအခြေအနေနဲ့ သင့်ကို ကုသပုံအကြောင်း ဆရာဝန်ကို မေးမြန်းပါ။ ပြီးရင် အင်တာနက်မှာ သင့်ရောဂါအကြောင်း ရှာဖွေပြီး လေ့လာပါ။

သင့်အနေနဲ့ မေးမြန်းစရာတွေ ရှိနေရင် မကြောက်မရွံ့မေးမြန်းပါ။ သင့်အနေနဲ့ သင့်ကို ကုသပေးတဲ့ ဆေးဝန်ထမ်းအားလုံးကို မေးမြန်းပိုင်ခွင့်ရှိပါတယ်။

သင့်မှာ ကျန်းမာရေးပြဿနာ အများအပြားရှိနေရင် သင်ရဲ့ မိသားစုဆရာဝန်တစ်ယောက်ထားပြီး သူ့ကို တိုင်ပင်ပါ။

သင် ဆေးရုံတက်နေစဉ်အတွင်း သင့်ကို အနီိးကပ်စောင့်ကြည့်မယ့် မိသားစုဝင် ဒါမှမဟုတ် သူငယ်ချင်းတစ်ယောက် အနားမှာ ခေါ်ထားပါ။

သင့်အတွက် အကောင်းဆုံးဆေးရုံကို ရွေးချယ်ပါ။ အတွေ့အကြုံများများရှိတဲ့ ဆရာဝန်၊ နာမည်ကောင်းရတဲ့ ဆေးရုံတွေကို ရွေးချယ်တာကြောင့် သင့်အနေနဲ့ ဆေးလောကအမှားနဲ့ အတတ်နိုင်ဆုံး လျော့နည်းနိုင်မှာပါ။

♥  ဒေါက်တာခင်မိုးမိုး  ♥
Good Health Journal

Post Author: Good Health Journal

Leave a Reply

Your email address will not be published. Required fields are marked *