နေရောင်နှင့်ကျန်းမာရေး

နေရောင်နဲ့ ထိတွေ့မှုခံယူရမယ်လို့ ပြောရင် ပထမဆုံးတွေးမိတာက နေရောင်ကြောင့် အသားအရေပျက်စီးမှာကိုပါ။ နေရောင်ခြည်နဲ့ ထိတွေ့မှုသိပ်များလွန်းတာက ကျန်းမာရေးပြဿနာမျိုးစုံ ဖြစ်နိုင်ပါတယ်။ ဒါပေမဲ့ မနက်ခင်းစောစော နေရောင်အတောက်ပဆုံးအချိန်မရောက်ခင်မှာ နေရောင်နဲ့ အနည်းငယ်ထိတွေ့တာက သင့်ကျန်းမာရေးကို ကောင်းမွန်စေနိုင်ပါတယ်။ နေရောင်ခြည်ဟာ ကျန်းမာရေးအတွက် အောက်ပါအကျိုးကျေးဇူးတွေ ရရှိနိုင်ပါတယ်။ ဒါ့အပြင် နေရောင်ခြည်နဲ့ပတ်သက်ပြီး ရှောင်သင့်ဆောင်သင့်တာလေးတွေကိုပါ ဖော်ပြပေးလိုက်ပါတယ်။

ဘယ်လောက်ပမာဏ ထိတွေ့ဖို့လိုအပ်ပါသလဲ
လူတစ်ယောက်နဲ့တစ်ယောက် မတူညီပါဘူး။ အသားအရောင်၊ အသက်အရွယ်၊ ကျန်းမာရေးရာဇ၀င်၊ စားတဲ့အစားအစာနဲ့ သင်နေထိုင်ရတဲ့နေရာဒေသပေါ်မူတည် ပြီး နေရောင်ခြည်နဲ့ထိတွေ့ရမယ့်အချိန်ကွာခြားသွားနိုင်ပါတယ်။ ယေဘုယျအားဖြင့်တော့သိပ္ပံပညာရှင်တွေက ငါးမိနစ်ကနေ ၁၅ မိနစ်အထိ နေရောင်နဲ့ထိတွေ့ဖို့ အကြံ ပေးထားကြပြီး အသားမည်းသူ၊ အသားညိုလွန်းသူတွေက မိနစ် ၃၀ အထိ နေရောင် ခံနိုင်ပါတယ်။ Sunscreen အသုံးပြုခဲ့ရင်တော့ နေရောင်ဒဏ်ကို ကြာကြာခံနိုင်ပါတယ်။

ဗီတာမင် ဒီ
နေရောင်ခြည်ဟာ ခန္ဓာကိုယ်က ဗီတာမင် ဒီ ထုတ်လုပ်ဖို့အတွက် ကူညီနိုင်ပါတယ်။ ဗီတာမင် ဒီ ဟာ အရိုး၊ သွေးဆဲလ်နဲ့ ခုခံအားစနစ်အတွက် အရေးတကြီးလိုအပ်ပါတယ်။ ဒါ့အပြင် ကယ်လ်စီယမ်နဲ့ ဖော့စပရပ်စ်လိုမျိုး တချို့သတ္တုဓာတ်တွေကို ခန္ဓာကိုယ်ကစုပ်ယူဖို့အတွက်လည်း ကူညီနိုင်ပါတယ်။ လူအများစုက အစားအစာကနေ ဗီတာမင် ဒီ လုံလုံလောက်လောက် ရရှိနိုင်ပါတယ်။ ကလေးတွေအနေနဲ့ ဗီတာမင် ဒီ လုံလုံလောက်လောက် မရရှိခဲ့ရင် Ricket ခေါ်တဲ့ အရိုးပျော့ အရိုးအားနည်းရောဂါ ရရှိနိုင်ပါတယ်။

အချို့သောကျန်းမာရေးအခြေအနေများကို ကာကွယ်နိုင်ခြင်း
နေရောင်နဲ့ အချိန်အကြာကြီးထိတွေ့သူတွေအနေနဲ့ အရေပြားကင်ဆာဖြစ်နိုင် ခြေ အခွင့်အလမ်းများနိုင်ပေမယ့် နေရောင်နဲ့ ထိတွေ့မှုနည်းတဲ့ နေရာဒေသမှာ နေထိုင်တဲ့သူတွေကတော့ သားမြတ်၊ အူမကြီး၊ ဆီးကျိတ်နဲ့ အဆုတ်အပါအ၀င် တခြားကျန်းမာရေးပြဿနာတွေ များစွာ ဖြစ်နိုင်ပါတယ်။ နေရောင်ခြည်ရရှိမှုနည်းသူတွေ က သွေးတိုးရောဂါ၊ ဆီးချိုရောဂါ၊ နှလုံးရောဂါနဲ့ multiple sclerosis လိုမျိုး ဆိုးရွားတဲ့ ကျန်းမာရေးပြဿနာတွေ ဖြစ်နိုင်ခြေများပါတယ်။

အိပ်စက်မှုကောင်းမွန်နိုင်ခြင်း
သင့်ခန္ဓာကိုယ်အတွင်းက ဇီဝနရီပုံမှန်ဖြစ်ဖို့အတွက် သင့်မျက်လုံးက အလင်း ရောင်နဲ့ထိတွေ့ဖို့ လိုအပ်ပါတယ်။ မနက်စောစောနေရောင်ခြည်နဲ့ ထိတွေ့မှုများတာ က ညအိပ်စက်မှုကို ကောင်းမွန်စေနိုင်ပါတယ်။ အသက်ကြီးသူတွေမှာ မနက်နေရောင် ခြည်နဲ့ ထိတွေ့ဖို့အလွန်အရေးကြီးပါတယ်။ ဘာကြောင့်လဲဆိုတော့ သူတို့ရဲ့ မျက်လုံး တွေက အလင်းကို ခံယူနိုင်စွမ်း လျော့နည်းသွားတဲ့အတွက် အိပ်စက်မှုပြဿနာတွေ ဖြစ်နိုင်တာကြောင့်ပါ။

ကိုယ်အလေးချိန်ကျဆင်းနိုင်ခြင်း
မနက်စောစောနေရောင်ခြည်ကို ခံယူတာက ခန္ဓာကိုယ်မှ အဆီတွေလျော့ကျ သွားဖို့ ကူညီနိုင်ပါတယ်။ မနက် ၈ နာရီနဲ့ ၁၂ နာရီကြား နေရောင်ခြည်ကို မိနစ် ၂၀-၃၀ အထိ ထိတွေ့ဖို့ လိုအပ်ပါတယ်။ စောစောစီးစီးထိတွေ့လေ အဆီကျနှုန်းများလေ လေပါ။ နေရောင်ခြည်တွေက အရေပြားအောက်မှာ ရှိတဲ့အဆီဆဲလ်တွေကို ကျုံ့သွားနိုင်တာကြောင့်လို့ သိပ္ပံပညာရှင်တွေက မှတ်ချက်ပေးပါတယ်။ နေရောင်ခြည် နဲ့ များများထိတွေ့တယ်ဆိုတာက လေ့ကျင့်ခန်းလုပ်ချိန်များတယ်လို့ ဆိုလိုတဲ့သဘော ဖြစ်ပြီးလေ့ကျင့်ခန်းလုပ်တာက ကိုယ်အလေးချိန်ကျဆင်းနိုင်တဲ့ အကောင်းဆုံးနည်း လမ်းပဲ ဖြစ်ပါတယ်။

စိတ်ခံစားမှုကောင်းမွန်ခြင်း
နေရောင်ခြည်ဟာ သင့်ဦးနှောက်ထဲမှာ ဆီရိုတိုနင်ခေါ်တဲ့ ဓာတုပစ္စည်းတွေ အများအပြားထွက်လာဖို့အတွက် ကူညီနိုင်ပါတယ်။ ဆီရိုတိုနင်က သင့်စွမ်းအင် ပိုမို ရရှိနိုင်တာ၊ အကောင်းမြင်တာနဲ့ အာရုံစူးစိုက်မှုကောင်းမွန်စေနိုင်ပါတယ်။

မျက်စိကျန်းမာရေးကောင်းမွန်စေနိုင်ခြင်း
ဆယ်ကျော်သက်အရွယ်နဲ့ လူလတ်ပိုင်းအရွယ်တွေမှာ နေရောင်ခြည်နဲ့ တွေ့ထိ တာက မျက်စအဝေးမှုန်ပြဿနာဖြစ်နိုင်ခြေလျော့နည်းနိုင်ပါတယ်။ ဒါပေမဲ့ နေရောင် ခြည်ကို တိုက်ရိုက်ထိတွေ့မှုများတာကတော့ မျက်စိအတွက် အန္တရာယ်ရှိပါတယ်။ အမြင်ေ၀၀ါးတာနဲ့မျက်စိအတွင်းတိမ်ဖြစ်နိုင်ခြေ အလွန်များပါတယ်။

အရေပြားကျန်းမာရေး
မယ်လနိုးမား၊ Basal Cell Carcinoma နဲ့ Squamous Cell Carcinoma ခေါ်တဲ့ အရေပြားကင်ဆာသုံးမျိုးဟာ နေရောင်ခြည်နဲ့ထိတွေ့မှုများတာကြောင့် ဖြစ် တယ်လို့ သုတေသီတွေက ထင်မှတ်ကြပါတယ်။ ဒါကြောင့် နေရောင်ခြည်နဲ့ မထိတွေ့ ခင်မှာ Sunscreen ကိုအသုံးပြုဖို့ အလွန်အရေးကြီးပါတယ်။ နေရောင်ခြည်နဲ့ ၁၅ မိနစ်ကျော် ထိတွေ့တော့မယ်ဆိုရင် အရေပြားပေါ်မှာ Sunscreen အရင်လိမ်းပြီးမှ အပြင်ထွက်ပါ။ ဒါပေမဲ့ နေရောင်ခြည်ကို ပမာဏအနည်းငယ်နဲ့ ပုံမှန်ထိတွေ့နေတာက နှင်းခူ၊ ဆိုရီယေးစစ်နဲ့ သမင်ဖြူလိုမျိုး အရေပြားပြဿနာတွေသက်သာသွားနိုင်ပါ တယ်။

နေရောင်ခြည်ကို ကုထုံးအဖြစ် အသုံးပြုခြင်း
နေရောင်ခြည်ကို အသားဝါလိုမျိုး ပြဿနာ(အထူးသဖြင့် မွေးကင်းစကလေး တွေမှာ ဖြစ်တဲ့ အသားဝါရောဂါ)ကို ကုသဖို့အတွက် အသုံးပြုပါတယ်။ သွေးထဲမှာ ဘီလူရီဘင်တွေ သိပ်များလွန်းရင် မွေးကင်းစကလေးတွေရဲ့ အရေပြားဟာ အ၀ါ ရောင်ဖြစ်နေပါတယ်။ဒီကလေးတွေကို နေရောင်နဲ့ ပြတာက ဘီလူရီဘင်တချို့ကို ဖယ်ရှားပေးနိုင်ပါတယ်။ ဒါပေမဲ့ ကလေးငယ်တွေကို အပြင်ထွက်ပြီး နေရောင်နဲ့ တိုက် ရိုက်ထိတွေ့တာမျိုးတော့ ဘယ်တော့မှ မလုပ်ပါနဲ့။

နေရောင်ခြည်နှင့်ထိတွေ့မှု မလွန်ပါစေနဲ့
သင်ရဲ့ အရေပြားပေါ်မှာ SPF လိုမျိုး လိမ်းဆေးအကာအကွယ်တွေ အသုံးမပြု ထားဘဲ နေရောင်နဲ့ တိုက်ရိုက်ထိတွေ့မှုများတာက အရေပြားကင်ဆာ၊ အရွယ်အိုမင်း တာ၊ အရေးကြောင်းပေါ်တာ၊ အညိုရောင်အစက်တွေထွက်တာတွေ ဖြစ်နိုင်ခြေ အလွန်များပါတယ်။

ဒါ့အပြင် နေလောင်ထားတဲ့အသားအရေက ပြန်လည်ကောင်းမွန် ဖို့အတွက် ခုခံအားစနစ်ဆီက သွေးဖြူဥတွေကို အသုံးပြုရပါတယ်။ ဒီလိုအသုံးပြုတာ ကြောင့် ခန္ဓာကိုယ်က ရောဂါပိုးတွေကို တွန်းလှန်နိုင်စွမ်း လျော့နည်းသွားတာကြောင့် အလွယ်တကူ ရောဂါဝင်နိုင်ပါတယ်။

မျက်စိကို အကာအကွယ်ထားပါ
သင်က နေရောင်ထဲ ထွက်တဲ့အခါမှာ UV အလင်းတန်းတွေကို ပိတ်ပင်ဖို့အ တွက် နေကာမျက်မှန်နဲ့ အနားသတ်အ၀ိုင်းကြီးပါတဲ့ဦးထုပ်မျိုးကို ၀တ်ဆင်သင့်ပါတယ်။ နွေရာသီသာမက အချိန်တိုင်းလိုလို အသုံးပြုသင့်ပါတယ်။ နေရောင်က မျက်လုံးကို ဒုက္ခပေးနိုင်ပြီး မျက်စိအတွင်းတိမ် ဖြစ်တတ်တာကြောင့်ပါ။ ကလေးငယ်တွေမှာလည်း ဒီလိုအကာအကွယ်မျိုး ပေးထားသင့်ပါတယ်။

နေရောင်ကာလိမ်းဆေးအသုံးပြုပါ
SPF ၁၅ ဒါမှမဟုတ် ဒီထက် ပိုများများ ပါဝင်တဲ့ Sunscreen က UV အလင်း ရောင်ကို ပိတ်ပင်တားမြစ်နိုင်ပါတယ်။ အိမ်အပြင်မထွက်ခင် နာရီဝက်အလိုမှာ မျက်နှာ၊ နှုတ်ခမ်း၊ နားနဲ့ လည်ပင်းအပါအ၀င် နေရောင်နဲ့ ထိတွေ့နိုင်မယ့်နေရာမှန်သမျှ ကို လိမ်းပေးရပါမယ်။

ရေကူးတာ ဒါမှမဟုတ် ချွေးထွက်များရင် ပမာဏ ပိုမိုအသုံးပြု ပါ။ မနက် ၁၀ နာရီနဲ့ ၄ နာရီကြား နေရောင်ရဲ့ အပြင်းဆုံးအချိန်တွေမှာ နေရောင်နဲ့ တိုက်ရိုက်ထိတွေ့မှုကို ရှောင်ပါ။

နေရောင်ဖြင့် အသားမည်းအောင် ပြုလုပ်ခြင်း
နေရောင်နဲ့ အသားမည်းအောင် Tanning မပြုလုပ်သင့်ပါဘူး။ အရေပြားကင်ဆာ ဖြစ်နိုင်ခြေ မြင့်မားတာကြောင့်ပါ။ Tanning ကို အသက် ၃၅ နှစ်မတိုင်ခင် ပြုလုပ် တာက မယ်လနိုးမားခေါ်တဲ့ မှဲ့ကင်ဆာဖြစ်နိုင်ခြေ ၆၀ ရာခိုင်နှုန်း ပိုများပါတယ်။

အရေပြားဆရာဝန်နဲ့ ပြပါ
သင့်အရေပြားကို တစ်လ တစ်ကြိမ် စစ်ဆေးပါ။ ကိုယ်လုံးပေါ်မှန်ရှေ့မှာ အ၀တ်အစား ချွတ်ကာ မတ်တတ်ရပ်ပြီး အရေပြားပေါ်ကအပြောင်းအလဲတွေကို စစ် ဆေးပါ။ မှဲ့အသစ်တွေ ထွက်တာ ရှိ မရှိ၊ မှဲ့အဟောင်းတွေမှာ ပြောင်းလဲမှု ရှိ မရှိ စစ်ဆေးပါ။

ပုံမှန်မဟုတ်တဲ့အခြေအနေတွေ သတိထားမိရင် အရေပြားဆရာဝန်နဲ့ ပြသသပါ။

♥ ဒေါက်တာခင်မိုးမိုး ♥

Post Author: Good Health Journal

Leave a Reply

Your email address will not be published. Required fields are marked *