လှေကားအသုံးပြုသင့်သော အကြောင်းရင်းများ

သင့်အနေနဲ့ လှေကားအတက်အဆင်းပြုလုပ်ရမှာ ကြောက်နေတာကြောင့် တိုက်ခန်းဝယ်ရင်၊ ငှားရင် မြေညီထပ်နဲ့ ပထမထပ် နေရာလိုမျိုးကိုပဲ ရွေးချယ်နေပါ သလား။ အထပ်မြင့်အဆောက်အအုံမှ ရုံးခန်းကို ရုံးတက်ရုံးဆင်းလုပ်ရာမှာလည်း လှေကားအသုံးမပြုဘဲ ဓာတ်လှေကားကိုပဲ အသုံးပြုနေပါသလား။ လှေကားကို အသုံး ပြုရမှာကို ဝန်မလေးကြပါနဲ့။ လှေကားကို ပုံမှန်အသုံးပြုတာကြောင့် သင့်ကျန်းမာရေးအ တွက် များစွာအကျိုးရှိတဲ့အပြင် သင်ရဲ့ အလုပ်များနေတဲ့ဘ၀အတွက် လေ့ကျင့်ခန်းပြု လုပ်နည်းတစ်မျိုးအနေနဲ့လည်း အသုံးဝင်ပါတယ်။ လှေကားအတက်အဆင်းပြုလုပ် တာကြောင့် အောက်ပါအကျိုးကျေးဇူးတွေ များစွာ ရရှိနိုင်ပါတယ်။

၁။ လှေကားအတက်အဆင်းပြုလုပ်တာက ကယ်လိုရီလောင်ကျွမ်းဖို့ အလွယ်ကူဆုံးနည်းလမ်း ဖြစ်ပါတယ်
သင့်အနေနဲ့ အားကစားခန်းမမှာ ချွေးထွက်အောင် ကစားမယ့်အစား လှေကား အတက်အဆင်းကိုသာ နေ့စဉ် ပြုလုပ်လိုက်ပါ။ လှေကားအတက်အဆင်းပြုလုပ်တာ က လမ်းမြန်မြန်လျှောက်တာ ဒါမှမဟုတ် လမ်းလျှောက်လေ့ကျင့်ခန်းလုပ်တာထက် အများကြီးပိုပြီး ကယ်လိုရီလောင်ကျွမ်းနိုင်ပါတယ်။ လှေကား ၁၀ ထစ်တက်လိုက်တိုင်း တစ်ကယ်လိုရီလောင်ကျွမ်းနိုင်ပြီး လှေကား အထစ် ၂၀ ဆင်းလိုက်တိုင်း တစ်ကယ်လို ရီလောင်ကျွမ်းနိုင်ပါတယ်။ လမ်းမြန်မြန်လျှောက်တာ ၁၀ မိနစ်ကြာပါမှ ၁၀၀ ကယ် လိုရီလောင်ကျွမ်းတာနဲ့ နှိုင်းယှဉ်ကြည့်နိုင်ပါတယ်။ သင့်အနေနဲ့ ကိုယ်အလေးချိန်များ လွန်းနေရင် လှေကားအတက်အဆင်းပြုလုပ်တာက ဒီထက်ပိုပြီး ကယ်လိုရီလောင် ကျွမ်းနိုင်ပါတယ်။

၂။ နှလုံးသွေးကြောကျန်းမာရေးကို အထောက်အကူပြုနိုင်ပါတယ်
လှေကား သုံးလေးထစ်လောက် တက်လိုက်တာနဲ့ သင်ရဲ့ နှလုံးခုန်နှုန်းမြန်လာနိုင် ပါတယ်။ ဒီလိုနှလုံးခုန်မြန်ပြီး မောပန်းလာတာက နှလုံးသွေးကြောကျန်းမာရေးပေါ်မှာ အထောက်အကူ ပြုနိုင်ပါတယ်။ သင့်သွေးကြောတွေ ပိတ်ဆို့မှုမရှိအောင် ကာကွယ် ပေးနိုင်ပြီး သွေးဖိအားကျဆင်းနိုင်ပါတယ်။ နှလုံးသွေးကြောရောဂါ၊ ဆီးချိုရောဂါနဲ့ သက်ကြီးအတိတ်မေ့ရောဂါဖြစ်နိုင်ခြေ လျော့ကျသွားနိုင်ပါတယ်။ လှေကားနဲ့အတက် အဆင်းပြုလုပ်တာကြောင့် လေဖြတ်နိုင်ခြေလျော့နည်းသွားနိုင်တယ်လို့ ဟားဗတ်စ်မှ လေ့လာမှုအရ သိရပါတယ်။ ဒီလေ့လာမှုမှာ နေ့စဉ် လှေကား သုံးလေးငါးထစ်လောက် အတက်အဆင်းပြုလုပ်တဲ့အမျိုးသားပေါင်း ၁၁၀၀၀ ကျော် ပါဝင်ပြီး သူတို့တွေက လေဖြတ်နိုင်ခြေ ၂၀ ရာခိုင်နှုန်း လျော့ကျသွားတယ်လို့ တွေ့ရှိထားပါတယ်။

၃။ ကြွက်သားစွမ်းအင်နဲ့ အရိုးသိပ်သည်းဆကို တည်ဆောက်နိုင်ပါတယ်
လှေကားနဲ့အတက်အဆင်းပြုလုပ်တာက ခြေထောက်ကို အသုံးပြုရပါတယ်။ လှေကားတက်တဲ့အခါမှာ သင့်အနေနဲ့ ကမ္ဘာ့ဆွဲငင်အားကို ဆန့်ကျင်လိုက်ရတာကြောင့် အားပိုစိုက်ရပါတယ်။ ဒါကြောင့် သင့်ခန္ဓာကိုယ်အနေနဲ့ အရိုးသိပ်သည်းဆသန်မာပြီး ကြွက်သားသန်မာအားကောင်းလာကာ အရိုးပါးရောဂါဖြစ်နိုင်ခြေ လျော့နည်းသွားပါ တယ်။ လှေကားအတက်အဆင်းပြုလုပ်ရာမှာ ခြေသလုံးကြွက်သား၊ ပေါင်ကြွက်သား၊ တင်ပဆုံကြွက်သားအားလုံးကို အသုံးပြုရတဲ့အတွက် အရိုးကြွက်သားစနစ်ကလည်း သန်မာသွားပါတယ်။

၎။ သင့်ကို ပျော်ရွှင်စေနိုင်ပါတယ်
လှေကားအတက်အဆင်းပြုလုပ်တာကြောင့် စိတ်ခံစားမှုကောင်းမွန်စေနိုင်တဲ့ ဟော်မုန်း အင်ဒိုဖင်ထုတ်လုပ်မှုတွေမြင့်တက်လာပါတယ်။ သင့်အနေနဲ့ စိတ်ဓာတ်ကျ နေရင် စိတ်ခံစားမှုကောင်းမွန်အောင် အလွယ်ကူဆုံးနည်းလမ်းကတော့ လှေကား အတက်အဆင်းပြုလုပ်တာပဲဖြစ်ပါတယ်။

၅။ အရွယ်တင်နုပျိုဖို့အတွက် အကောင်းဆုံးလေ့ကျင့်ခန်းဖြစ်ပါတယ်
လူတိုင်းလူတိုင်း အရွယ်အိုမင်းလာမှာကို မနှစ်သက်ကြပါဘူး။ ဒါကြောင့်လည်း အရွယ်တင်နုပျိုနိုင်တဲ့ ထုတ်ကုန်တွေ အများကြီးထွက်ရှိနေတာပါ။ လှေကား အတက်အဆင်းပြုလုပ်တာကြောင့် ငွေကုန်ကြေးကျမရှိဘဲ အရွယ်တင်နုပျိုနိုင်ပါတယ်။ သူ့ကြောင့် ခါးနောက်ကျောသန်မာပြီး ကိုယ်ဟန်အနေအထား ကောင်းမွန်လာကာ အရွယ်ကြီးရင့်မှုဖြစ်စဉ်နှေးကွေးသွားအောင် ကူညီနိုင်တဲ့အတွက်ကြောင့်ပါ။
ဒါကြောင့် သင့်အနေနဲ့ လှေကားအတက်အဆင်းပြုလုပ်ရမှာ မကြောက်ပါနဲ့။ အထပ်မြင့်အဆောက်အအုံမှာ ရှိနေတဲ့ သင့်ရုံးခန်းကိုသွားဖို့ လှေကားနဲ့ တစ်ထပ်စာ လောက်အတက်အဆင်းပြုလုပ်ပြီးမှသာ ဓာတ်လှေကားစီးပါလို့ တိုက်တွန်းပါရစေ။

ဒေါက်တာခင်မိုးမိုး

Post Author: Good Health Journal

Leave a Reply

Your email address will not be published. Required fields are marked *