ဝမ်းပျက်နေလျှင် ဘာရှောင်သင့်သလဲ၊ ဘာစားသင့်သလဲ

သင်ဟာ ၀မ်းပျက်နေရင် ဒါမှမဟုတ် မကြာခဏ ၀မ်းပျက်တတ်သူဖြစ်ရင် အစားအစာကို ရွေးချယ်ပြီး စားသုံးရပါတော့မယ်။ အောက်ပါတို့ဟာ ၀မ်းပျက်သူတွေ ရှောင်သင့်တဲ့အစားအစာတွေပါ။

နို့နှင့်နို့ထွက်ပစ္စည်း
ဝမ်းပျက်တာကြောင့် လက်တစ်အင်ဇိုင်းပမာဏ လျော့နည်းသွားပါတယ်။ လက်တစ်က နို့နဲ့နို့ထွက်ပစ္စည်းမှာ ပါဝင်တဲ့ လက်တို့စ်သကြားကို ချေဖျက်ဖို့ လိုအပ်ပါတယ်။ နို့ထဲက သကြားဓာတ်ကို မချေဖျက်နိုင်ခဲ့ရင် လေပွတာ၊ လေထတာ၊ ပျို့တာနဲ့ ၀မ်းသွား တာတွေ ဖြစ်လာနိုင်ပါတယ်။

အဆီပါဝင်မှုများသော အစားအစာများ
အဆီပါဝင်မှုများတဲ့အစားအစာတွေဟာအူအတွင်းကြွက်သားတွေရဲ့ လှုပ်ရှားမှု ကို မြန်ဆန်စေနိုင်တဲ့အတွက် ပိုမိုဝမ်းပျက်စေနိုင်ပါတယ်။ ဒါကြောင့် နို့မလိုင်၊ အဆင်သင့်စားလို့ရတဲ့အစားအစာ၊ အဆီပါဝင်မှုများတဲ့အသား၊ ဆီကြော်စာ၊ ဆီပြန်ဟင်း တွေကို ရှောင်ပါ။

သကြားမပါဝင်သော အစားအစာ
တချို့သကြားတုနဲ့ သကြားအစားထိုးပစ္စည်းတွေက ၀မ်းပျော့စေတဲ့အကျိုးသက် ရောက်မှုရှိစေတဲ့အပြင် လေပွတာတွေပါဖြစ်စေနိုင်ပါတယ်။ ဒါကြောင့် Diet Soda၊ သကြားမပါဝင်တဲ့ သကြားလုံး၊ သကြားမပါဝင်တဲ့ ပီကေနဲ့ သကြားအစားထိုးအသုံးပြု ထားတဲ့ ကော်ဖီ၊ လက်ဖက်ရည်တွေ ရှောင်သင့်ပါတယ်။

လေပွစေသော အစားအစာများ
ပဲအမျိုးမျိုး၊ ပန်းဂေါ်ဖီ၊ ဂေါ်ဖီထုပ်၊ အစိမ်းရောင်ပန်းဂေါ်ဖီနဲ့ ကြက်သွန်နီတွေဟာ လေပွစေတဲ့အစားအစာတွေ ဖြစ်တဲ့အတွက် ရှောင်ကြဉ်သင့်ပါတယ်။ ပန်းသစ်တော်၊ မက်မွန်သီး၊ ဆီးသီးနဲ့ စပျစ်သီးခြောက်လိုမျိုး အစားအစာတွေကလည်း လေပွစေနိုင် တဲ့အတွက် ရှောင်သင့်ပါတယ်။

အရက်၊ ကဖင်းနှင့် ဆော်ဒါပါဝင်သည့် ဖျော်ရည်များ
ကျန်းမာနေသူတွေအတွက် အရက်၊ ကဖင်းနဲ့ ဂက်စ်ပါဝင်တဲ့ဖျော်ရည်တွေက များသောအားဖြင့် ၀မ်းပျက်စေတဲ့ ဖျော်ရည်တွေ မဟုတ်ပါဘူး။ ဒါပေမဲ့ ၀မ်းပျက်ဝမ်းလျှောပြဿနာခဏခဏဖြစ်သူတွေအတွက်ကတော့ ဒီအစားအစာတွေက ရောဂါပို ဆိုးစေနိုင်တာမို့ ရှောင်သင့်ပါတယ်။ ၀မ်းပျက်တာကြောင့် ရေဓာတ်ပြန်လည်ဖြည့်တင်းဖို့အတွက် ရိုးရိုးရေ ဒါမှမဟုတ် ဓာတ်ဆားရည်သာ သောက်သုံးပါ။

အန္တရာယ်မကင်းသော အစားအစာများ
သင်ဟာ ၀မ်းပျက်နေစဉ်အတွင်း သင်စားသောက်မယ့်အစားအစာက သေချာ ဆေးကြော ပြင်ဆင်ထားကာ သိမ်းဆည်းထားတဲ့ အစားအစာသာ ဖြစ်ရပါမယ်။ သေချာမသိမ်းဆည်းထားရင် ရောဂါပိုးတွေ ပိုဝင်နိုင်ပြီး အခြေအနေပိုဆိုးနိုင်ပါတယ်။ အစားအစာမပြင်ဆင်ခင် ဒါမှမဟုတ် အစာမစားခင်မှာ သင့်လက်ကို သေချာဆေးကြောပါ။ ဟင်းသီးဟင်းရွက်နဲ့ သစ်သီးဝလံအားလုံးကို သေချာဆေးကြောပြီးမှသာ စားသုံးပါ။ ဟင်းချက်တဲ့အသုံးအဆောင်ပစ္စည်းတွေအကုန်လုံးကိုလည်း အသုံးမပြုခင် နဲ့ အသုံးပြုအပြီးမှာ ဆပ်ပြာ၊ ရေနွေးနဲ့ သေချာဆေးကြောပါ။ စားလို့မကုန်တဲ့အစားအစာတွေကိုလည်း ရေခဲသေတ္တာထဲ ချက်ချင်းသိမ်းဆည်းပါ။

ဝမ်းပျက်နေစဉ် စားသုံးသင့်သော အစားအစာများ
ဝမ်းပျက်နေစဉ်မှာ BRAT (B-Banana, R-Rice, A-Apple Sauce, T-Toast) အစားအစာတွေကို ရွေးချယ်စားသုံးရပါမယ်။

ငှက်ပျောသီး
ငှက်ပျောသီးဟာ အလွယ်တကူချေဖျက်နိုင်တဲ့အစားအစာဖြစ်ပြီး ပိုတက်စီယမ်တွေ များစွာပါဝင်တဲ့အတွက် ၀မ်းပျက်ဝမ်းလျှောဖြစ်တာကြောင့် ဆုံးရှုံးသွားတဲ့ ဓာတ်ဆားတွေကို ပြန်လည်ဖြည့်တင်းပေးနိုင်ပါတယ်။ ငှက်ပျောသီးမှာ ရေမှာပျော်ဝင်တဲ့ အမျှင်ဓာတ်လည်း များစွာပါဝင်တဲ့အတွက် အူအတွင်းရှိ အရည်ကို စုပ်ယူမှုမြန်ဆန်စေနိုင်တဲ့အပြင် ၀မ်းပျစ်ကာ အလွယ်တကူ ၀မ်းသွားနိုင်ပါတယ်။ သူက ၀မ်းပျက်တာရော၊ ၀မ်းချုပ်တာအတွက်ပါ အသုံးဝင်ပါတယ်။

ထမင်းဖြူ
ထမင်းဖြူဟာ အလွယ်တကူချေဖျက်နိုင်တဲ့အစားအစာဖြစ်ပြီး ကာဗိုဟိုက်ဒရိတ်တွေ များစွာ ပါဝင်ပါတယ်။ ၀မ်းအရည်ကိုလည်း ပျစ်အောင် ပြုလုပ်ပေးနိုင်ပါတယ်။ ထမင်းကို ကြက်ပြုတ်ရည်နဲ့သာ စားသင့်ပြီး ထမင်းနဲ့အတူ အစပ်နဲ့ အဆီများတဲ့အ စားအစာကိုတော့ မစားသုံးဖို့ လိုအပ်ပါတယ်။

ပေါင်မုန့်ဖြူနှင့် ပလာတာ
ဝမ်းပျက်နေစဉ်အတွင်းမှာ ဂျုံဖြူနဲ့လုပ်တဲ့ ပေါင်မုန့်ဖြူ၊ ပလာတာလိုမျိုး အစားအစာတွေ စားနိုင်ပါတယ်။ ဂျုံဖြူနဲ့လုပ်တဲ့အစားအစာတွေမှာ အမျှင်ဓာတ် အနည်းငယ်သာ ပါဝင်တဲ့အတွက် အလွယ်တကူ အစာချေဖျက်နိုင်တာကြောင့်ပါ။

အာလူးထောင်း
အာလူးဟာ ပိုတက်စီယမ်များစွာ ပါဝင်တဲ့အတွက် ၀မ်းပျက်နေစဉ် စားသုံးသင့်တဲ့ အစားအစာပါ။ အာလူးအခွံမှာ အာဟာရဓာတ်တွေ များစွာ ပါဝင်နေပေမယ့် ၀မ်းပျက်နေစဉ်မှာ မစားသုံးသင့်တဲ့အတွက် အာလူးအခွံခွာပြီးမှသာ ပေါင်းတာ၊ ပြုတ်တာ၊ မိုက်ခရိုဝေ့ဖ်နဲ့ ချက်တာတွေ ပြုလုပ်သင့်ပါတယ်။ အာလူးထောင်းစဉ်မှာ ဆားအနည်းငယ်သာ အသုံးပြုရမှာဖြစ်ပြီး ထောပတ်၊ မာဂျရင်း ဒါမှမဟုတ် အဆီတွေကို တတ်နိုင်သမျှ လျှော့ရပါမယ်။

ကြက်ပြုတ်၊ ကြက်ပေါင်း၊ ကြက်စွပ်ပြုတ်
ကြက်သားကို ပေါင်းစားတာ၊ ပြုတ်စားတာက အလွယ်တကူ အစာချေဖျက်နိုင်တဲ့အပြင် ပရိုတင်းဓာတ်ကိုလည်း ရရှိနိုင်ပါတယ်။ ကြက်ပြုတ်အပြင် ငါး၊ ကြက်ဆင် သား၊ ၀က်သား(အဆီမပါ)၊ အမဲသား(အဆီမပါ)တွေ ပြုတ်စားနိုင်ပါတယ်။

ဒိန်ချဉ်
ဝမ်းပျက်ဝမ်းလျှောဖြစ်နေစဉ်အတွင်း နို့နဲ့နို့ထွက်ပစ္စည်းတွေကို ရှောင်ကြဉ်ရမှာ ဖြစ်ပေမယ့် ဒိန်ချဉ်ကိုတော့ စားသုံးသင့်ပါတယ်။ ဒိန်ချဉ်မှာ လူ့အကျိုးပြုသက်ရှိဘက်တီးရီးယားတွေ များစွာ ပါဝင်တာကြောင့်ပါ။ ဒီဘက်တီးရီးယားတွေက အစာချေဖျက်ဖို့ ကူညီနိုင်တဲ့အပြင် ရောဂါဖြစ်စေတဲ့ ဘက်တီးရီးယားတွေကို တိုက်ထုတ်နိုင်တာကြောင့်ပါ။

အုတ်စပါး
အုတ်စပါးမှာ ပါဝင်တဲ့ ရေမှာပျော်ဝင်တဲ့အမျှင်ဓာတ်တွေက ၀မ်းအရည်ကို ပျစ်စေနိုင်ပါတယ်။ အုတ်စပါးနဲ့ ငှက်ပျောသီး တွဲဖက်စားသုံးတာမျိုး ပြုလုပ်ပေးပါ။

ဟင်းသီးဟင်းရွက်
ဟင်းသီးဟင်းရွက်မှာ အရေးကြီးတဲ့အာဟာရဓာတ်တွေ များစွာ ပါဝင်တဲ့အတွက် ၀မ်းပျက်နေစဉ်အတွင်းမှာလည်း စားသုံးသင့်ပါတယ်။ မုန်လာဥနီ၊ ဘိုစားပဲ၊ ပဲတောင့် တွေက စားသုံးသင့်တဲ့ဟင်းသီးဟင်းရွက်တွေပါ။

ဓာတ်ဆားရည်
ဝမ်းပျက်ဝမ်းလျှောဖြစ်တဲ့အတွက် ခန်္ဓာကိုယ်ထဲမှ ဓာတ်ဆားတွေ အလွန်ဆုံးရှုံးသွားတဲ့အတွက် ဓာတ်ဆားရည်ကတော့ မဖြစ်မနေ သောက်သင့်ပါတယ်။

TIPS
သင် ၀မ်းပျက်နေတာ နှစ်ရက်ထက် ပိုကြာနေရင်၊ သင်ဟာ အဖျားရှိပြီး ရေဓာတ်ဆုံးရှုံးမှုများနေရင်၊ ၀မ်းထဲမှာ ချွဲ ဒါမှမဟုတ် သွေးပါနေရင်၊ အလွန်အမင်း ဗိုက်နာနေရင် ဆရာဝန်နဲ့ ချက်ချင်းပြသပါ။ သင်ဟာ မကြာခဏ ၀မ်းပျက်ဝမ်းလျှောဖြစ်နေသူဖြစ် ရင်လည်း သင့်မှာ အခံကျန်းမာရေးပြဿနာရှိနေတာမို့ ကျန်းမာရေးဆရာဝန်နဲ့ ပြသပါ။

♥  ဒေါက်တာခင်မိုးမိုး  ♥

Good Health Journal

Post Author: Good Health Journal

Leave a Reply

Your email address will not be published. Required fields are marked *