ကြက် အရေခွံစားသုံး သင့် မသင့်

ကြက်အရေခွံမှာ အဆီတွေများစွာ ပါဝင်တယ်ဆိုပြီး ကိုလက်စထရောမြင့်တက် မှာ ကြောက်တာကြောင့် ကြက်သားဝယ်တဲ့အခါမှာ အရေခွံဆုတ်ပြီးသားကိုသာ ဝယ် ယူတာ ဒါမှမဟုတ် ချက်ပြီးသားဟင်းထဲက ကြက်အရေခွံကို မစားဘဲနေတာတွေ ရှိတတ်ကြပါတယ်။ ကြက်အရေခွံက တကယ်ပဲ ကိုလက်စထရောမြင့်တက်နိုင်ပြီး နှလုံးရောဂါရနိုင်သလားဆိုတာကို လေ့လာမှုပြုလုပ်ရာမှာ သင် သိထားတဲ့အချက်တွေ က မှားယွင်းနေတယ်လို့ သိရပါတယ်။ ဟားဗတ်ဆေးတက္ကသိုလ်မှ ဆေးပညာကျွမ်းကျင် သူတွေက ကြက်အရေခွံကို အသင့်အတင့်စားသုံးတာက ကျန်းမာရေးပြဿနာမဖြစ် စေနိုင်ဘူးလို့ သုံးသပ်ပြထားပါတယ်။ ဒါ့အပြင် ကြက်အရေခွံစားသုံးတာကြောင့် အောက်ပါအကျိုးကျေးဇူးတွေတောင် ရရှိနိုင်တယ်လို့ ဆိုပါတယ်။

 နှလုံးအတွက်ကောင်းမွန်နိုင်ခြင်း
အလွန်အံ့ဩဖွယ်ကောင်းတဲ့အချက်ပါ။ ကြက်အရေခွံမှာပါဝင်တဲ့အဆီက သင် သိထားသလို နှလုံးထိခိုက်နိုင်တဲ့ ကျန်းမာရေးဆိုးရွားနိုင်တဲ့အဆီတွေ မဟုတ်ပါဘူး။ သူက ထောပတ်သီးလိုမျိုး မပြည့်ဝဆီဖြစ်နေတဲ့အတွက် သွေးတွင်းမကောင်းတဲ့ကိုလက် စထရောနဲ့ သွေးဖိအားကိုလည်း ကျဆင်းနိုင်ပါတယ်။
 

အရေခွံပါသည့် ကြက်သားနှင့် အရေခွံဆုတ်ထားသည့် ကြက်သား ကယ်လိုရီပါဝင်မှု ပမာဏချင်း သိပ်မခြားနားခြင်း
၁၂ အောင်စအလေးချိန်ရှိတဲ့ အရေခွံပါတဲ့ ကြက်သားဟာ အဲဒီအလေးချိန်အ တိုင်းရှိတဲ့ အရေခွံမပါတဲ့ကြက်သားထက် ၅၀ ကယ်လိုရီသာ ပိုများပါတယ်။
 

အနံ့အရသာနှင့်ပြည့်စုံခြင်း
အရေခွံပါဝင်တဲ့ကြက်သားက အနံ့အရသာနဲ့ ပိုပြည့်စုံတဲ့အတွက် အရသာရှိ အောင် ဆားအနည်းငယ်ပဲ ထည့်ဖို့ လိုအပ်ပါတယ်။ ဆားလျှော့စားတာက ကျန်းမာရေး နဲ့ ညီညွတ်ပါတယ်။

အဆီစုပ်ယူမှုနည်းခြင်း
ကြက်အရေခွံဟာ ဟင်းချက်ရာမှာ အကာအကွယ်တစ်ခုလိုဖြစ်နေတဲ့အတွက် ကြက်သားထဲကို ဆီအများကြီး မရောက်ရှိတော့ပါဘူး။

Tips

ကြက်အရေခွံဟာ အထက်ပါကောင်းကျိုးတွေနဲ့ ပြည့်စုံနေပေမယ့် သူ့ကို အလွန်အကျွံတော့ မစားသုံးသင့်ပါဘူး။ သူ့မှာ ပါဝင်တဲ့ အိုမီဂါ ၆ က အိုမီဂါ ၃ ထက် ပိုများနေတာကြောင့်ပါ။ အိုမီဂါ ၆ နဲ့ အိုမီဂါ ၃ အချိုးအစားမညီမျှတာကြောင့် ပမာဏ များများကို နေ့စဉ် စားသုံးရင် ရောင်ရမ်းမှုဖြစ်စဉ်ကို အားပေးနိုင်ပါတယ်။ ဒါ့အပြင် တူးနေတဲ့အရေခွံကိုလည်း မစားသုံးသင့်ပါဘူး။ အာဟာရလုံးဝမရှိတဲ့အပြင် ကျန်းမာ ရေးအတွက် ဒုက္ခပေးနိုင်တာကြောင့်ပါ။

ဒေါက်တာခင်မိုးမိုး

Post Author: Good Health Journal