ကြွက်နို့ပိုးဝင်တာနဲ့ သားအိမ်ခေါင်းကင်ဆာ ချက်ချင်းဖြစ်နိုင်လား

သားအိမ်ခေါင်းကင်ဆာဖြစ်ပွားရခြင်း အကြောင်းကို ရှင်းပြပေးပါ ဆရာမ။
သားအိမ်ခေါင်းကင်ဆာက လိင် ဆက်ဆံရာကတစ်ဆင့် ကြွက်နို့ပိုး ကူးခံ ရတာကြောင့် အဓိက ဖြစ်ပွားပါတယ်။ ၉၅ ရာခိုင်နှုန်းလောက်က ကြွက်နို့ပိုး ကြောင့်ဖြစ်တာပါ။ တချို့ ကင်ဆာတွေက ခန္ဓာကိုယ်ထဲမှာ ဖောက်လှဲဖောက်ပြန် ဖြစ်ပြီးတော့ ဖြစ်တာ၊ သားအိမ်ခေါင်းကင် ဆာကတော့ ကြွက်နို့ပိုးကြောင့် ဖြစ်တာ ပါ။ ကြွက်နို့ပိုးက ဝင်ဝင်ချင်းမှာလည်း ဘာလက္ခဏာမှ မပြဘူး။ ကင်ဆာဖြစ်ပြီး မှ၊ ကင်ဆာဖြစ်ပြီးရင်လည်း တော်တော် ကြီးကြာမှ သိရပါတယ်။
ဗိုင်းရပ်စ်ပိုးဖြစ်တာကြောင့် များ သောအားဖြင့် ကိုယ်ခံအားကောင်းရင် သူ့အလိုလို ပြန်ပျောက်သွားတယ်။ ပိုးက သိပ်အားကောင်းပြီး သားအိမ်ခေါင်းထဲမှာ ဆက်ရှိနေမယ်ဆိုရင်တော့ တဖြည်း ဖြည်းနဲ့ ကင်ဆာဖြစ်တဲ့ပြောင်းလဲမှုတွေ ဆက်တိုက်ပြောင်းလဲလာပါတယ်။ အဲဒီ အဆင့်ကို ကင်ဆာအကြိုအဆင့်လို့ ခေါ် ပါတယ်။ သားအိမ်ခေါင်းကင်ဆာက ဒီ အဆင့်မှာ ကာကွယ်လို့ရပါတယ်။ ပိုးဝင် တယ် အကြိုအဆင့်ဖြစ်တယ်၊ ပြီးမှ သား အိမ်ခေါင်းကင်ဆာဖြစ်တယ်။ သားအိမ် ခေါင်းကင်ဆာကို ကာကွယ်လို့ရတယ် ဆိုတာ ဒီအချက်ကြောင့်ပါပဲ။

သားအိမ်ခေါင်းကင်ဆာရောဂါက ဘယ် လိုလူတွေမှာ ဖြစ်ပွားနိုင်ခြေ ပိုများပါ သလဲ ဆရာမ။
လိင်ကတစ်ဆင့် ကူးစက်ပြီးဖြစ်တဲ့ ရောဂါဖြစ်တဲ့အတွက် အသက်ငယ်ငယ်နဲ့ အိမ်ထောင်ကျတဲ့သူတွေ၊ အသက်ငယ် ငယ်နဲ့ လိင်ဆက်ဆံမှုပြုသူ၊ အိမ်ထောင် ဆက်များသူ၊ အသက် ၂၀ အောက်မှာ ကလေးစမွေးဖူးသူ၊ အမျိုးသားက အိမ် ထောင်ဆက်များရင် အဲဒီအမျိုးသားဆီက တစ်ဆင့် အမျိုးသမီးကို ကူးစက်နိုင်ပါ တယ်။ အမျိုးသားရဲ့ ပထမအိမ်ထောင် က သားအိမ်ခေါင်းကင်ဆာရှိခဲ့ရင် ပိုးက အမျိုးသားဆီမှာ ရှိနေလို့ ဒီအမျိုးသား နောက်အိမ်ထောင်ပြုခဲ့ရင် နောက်အမျိုး သမီးမှာလည်း ကူးစက်နိုင်ပြီး သားအိမ် ခေါင်းကင်ဆာဖြစ်ဖို့ ရာခိုင်နှုန်း များပါ တယ်။ နောက်တစ်ခုက ဆေးလိပ်ပါ။ ဆေးလိပ်မှာပါတဲ့ နီကိုတင်းဓာတ်ကို ဒီ ပိုးက အရမ်းကြိုက်ပါတယ်။ ဆေးလိပ် သောက်တဲ့သူ၊ ကိုယ်တိုင်သောက်တာ ဖြစ်စေ၊ တစ်ဆင့်ခံ အငွေ့ရှူရတာဖြစ် စေ နီကိုတင်းဓာတ်များနေပြီး အဲဒီနီကို တင်းက သားအိမ်ခေါင်းဆဲလ်တွေထဲမှာ သွားနေတတ်ပါတယ်။ ဆေးလိပ်မ သောက်တဲ့သူတွေမှာ ဗိုင်းရပ်စ်က ဝင်ပြီး ရင် ပြန်ထွက်သွားနိုင်ပေမယ့် သူက နီကို တင်းသိပ်ကြိုက်တာကြောင့် ဆေးလိပ် သောက်သူတွေမှာ ပြန်မထွက်ဘဲ အချိန် တော်တော်ကြာ နေနိုင်လို့ သားအိမ်ခေါင်း ကင်ဆာဖြစ်ဖို့ အခွင့်အလမ်း အတော်များ ပါတယ်။
ဗိုင်းရပ်စ်ပိုး ဝင်သွားပြီဆိုတာနဲ့ သားအိမ် ခေါင်းကင်ဆာ ချက်ချင်းဖြစ်နိုင်ပါသလား ဆရာမ။
ဗိုင်းရပ်စ်ဝင်သွားပြီဆိုတာနဲ့ သား အိမ်ခေါင်းကင်ဆာ ချက်ချင်းမဖြစ်ပါဘူး။ကိုယ်ခံအားကောင်းတဲ့သူတွေ ပိုးက ပြန် ထွက်သွားလို့ ဘာမှမဖြစ်နိုင်ပေမယ့် HIV ပိုးရှိလို့ ကိုယ်ခံအားကျနေတဲ့သူ တွေ၊ တချို့လည်း ကိုယ်ခံအားကျစေတဲ့ ဆေး သောက်နေရသူတွေမှာ အကြို အဆင့်ကို ပြောင်းသွားပါတယ်။ ဒီပိုးက သွေးထဲမှာ နေတာမဟုတ်ပါဘူး။ သား အိမ်ခေါင်းရဲ့ ဆဲလ်တွေထဲမှာ နေတာပါ။ တဖြည်းဖြည်းနဲ့ အကြိုအဆင့် ၁၊ ၂၊ ၃ ဆိုပြီး ပြောင်းသွားပါတယ်။ အကြိုအဆင့် ၁ ဖြစ်ပြီးရင် ပြန်ကောင်းနိုင်ပါသေးတယ်၊ အကြိုအဆင့် ၁ ကနေ မကောင်းဘူးဆို ရင် ၂ ကို ပြောင်းပြီး၊ ၂ ကနေမှ ၃ ကို ပြောင်းပါတယ်။ အကြိုအဆင့် ၃ လောက် ရောက်ပြီဆိုရင်တော့ ပြန်ကောင်းဖို့ အခွင့်အလမ်း နည်းသွားပါပြီ။ သေချာ ပေါက်နီးပါး ကင်ဆာဖြစ်ဖို့ အခွင့်အလမ်း များသွားပါပြီ။ တချို့တလေ ပြန်ကောင်း နိုင်တယ်ဆိုပေမယ့် ရာခိုင်နှုန်း အရမ်း နည်းသွားပါတယ်။ အကြိုအဆင့် ၂၊ ၃ ရောက်လာပြီဆိုရင် စောင့်ကြည့်နေလို့ မကောင်းပါဘူး။ အကြိုအဆင့် ၁၊ ၂၊ ၃ ကနေ ကင်ဆာဖြစ်ဖို့ဆိုရင် ၁၀ နှစ်လောက် အချိန်ယူပါတယ်။ အမျိုးသမီးရဲ့ ကိုယ်ခံ အားကောင်းတဲ့အပေါ်မှာ မူတည်ပြီးတော့ နှစ်ကြာတာ ကွာပါတယ်။ HIV ပိုးရှိနေ တယ်၊ ကိုယ်ခံအား မကောင်းဘူးဆိုရင် တစ်နှစ်လောက် အတွင်းမှာ အကြိုအဆင့် ကနေ ကင်ဆာကို ပြောင်းသွားနိုင်ပါ တယ်။ ကင်ဆာဖြစ်ဖို့က တစ်နှစ်ကနေ ၁၀ နှစ်ကြာတာ ရှိနိုင်သလို တချို့လည်း ကင်ဆာအဆင့်ကို မပြောင်းဘူး၊ လျော့ လည်းလျော့မသွားဘဲ ဒီတိုင်းပဲ ရှိနေသူ တွေလည်း ရှိနိုင်ပါတယ်။ အကြိုအဆင့် ၁ မှာ HIV ပိုးလည်း မရှိဘူး၊ တခြား အကြောင်းတွေလည်း မရှိဘူးဆိုရင် ဆရာဝန်က ခြောက်လ၊ တစ်နှစ်လောက် အထိ ဘာမှမလုပ်သေးဘဲ စောင့်ကြည့် လို့ရတာမျိုးလည်း ရှိပါတယ်။
ကင်ဆာမဖြစ်အောင် အကြိုအဆင့်ကို သိအောင်လုပ်ဖို့ လိုတာပေါ့နော် ဆရာမ။
အကြိုအဆင့်ကိုသိဖို့အတွက် ကျွန် မတို့ အချိန်အများကြီးရပါတယ်။ အကြို အဆင့်ကို သိတယ်၊ ကုသမှုခံယူလိုက် မယ်ဆိုရင် ကင်ဆာမဖြစ်အောင် ကာ ကွယ်နိုင်ပါတယ်။ ဒါကို သိစေချင်ပါတယ်။ တခြားနိုင်ငံတွေမှာ အကြိုအဆင့်ကို သိ ဖို့ စစ်ဆေးတာကို နိုင်ငံတော်အစီအစဉ်နဲ့ ပြုလုပ်ပေးပါတယ်။ စစ်ကို စစ်ရပါတယ်။ စစ်ရဲ့သားနဲ့ မကုမိရင်၊ ရှိတာကို မပြောပြ မိရင် သူတို့နိုင်ငံတွေမှာ တရားစွဲလို့ရပါ တယ်။ စစ်ပေးတာကိုမှ မစစ်ဘဲ ရောဂါ ဖြစ်လာရင်လည်း လုံးဝ တာဝန်မယူပါ ဘူး။ တချို့နိုင်ငံတွေမှာ စစ်ကိုစစ်ရမယ်၊ မစစ်မနေရဆိုပြီး ဥပဒေပြဋ္ဌာန်း လုပ် ဆောင်ကြပါတယ်။ မြန်မာနိုင်ငံမှာလည်း အမျိုးသမီးတွေ တစ်သက်လုံးမှာ တစ် ကြိမ်တော့ သတ်မှတ်ထားတဲ့အသက်အ တွင်းမှာ စစ်ကိုစစ်ရမယ်ဆိုပြီး Guide Line တွေ ရေးစွဲနေပါပြီ။
သားအိမ်ခေါင်းကင်ဆာမဖြစ်အောင် ဘယ်လိုနည်းတွေနဲ့ ကာကွယ်နိုင်ပါသလဲ ဆရာမ။
သားအိမ်ခေါင်းကင်ဆာကို ကာ ကွယ်လို့ရပါတယ်။ အဓိက ကာကွယ်တဲ့ နည်းက နှစ်နည်းလို့ ပြောလို့ရပါတယ်။ သုံးနည်းလို့ ပြောမယ်ဆိုလည်း ရပါတယ်။ ပထမနည်းကတော့ ကာကွယ်ဆေးထိုး တာပါ။ နောက်တစ်နည်းက ကျွန်မရှေ့မှာ ပြောခဲ့တဲ့ လိင်ဆက်ဆံဖက်များတာ၊ ငယ်ငယ်နဲ့ အိမ်ထောင်ပြုတာ၊ ဆေးလိပ် သောက်တာ စတာတွေကို ရှောင်ကြဉ် တာတွေ ပြုလုပ်ပြီးလည်း မဖြစ်အောင် ကာကွယ်နိုင်ပါတယ်။
နောက်တစ်နည်းက အကြိုအဆင့် ၁၊ ၂၊ ၃ အဆင့် တစ်ဆင့်ဆင့်ကို သိ အောင်စစ်တာပါ။ သိပြီဆိုရင် ကုသလိုက် တာက ကင်ဆာအဆင့်ထိ ဖြစ်မသွား အောင် ကာကွယ်လိုက်တာပါ။ ဘယ်လို တွေလုပ်ရင် ကင်ဆာဖြစ်နိုင်တယ်၊ ဘယ် လို နည်းတွေနဲ့ ကာကွယ်နိုင်တယ်ဆိုတာ တွေကို မီဒီယာတွေကတစ်ဆင့် ပညာပေး တာတွေလည်း လုပ်လို့ရပါတယ်။ သား အိမ်ခေါင်းကင်ဆာကို တော်တော်နုနုမှာ စောစောစီးစီး သိမယ်ဆိုရင်လည်း အ သက်မဆုံးရှုံးအောင် ကာကွယ်နိုင်ပါသေး တယ်။
ဘယ်လိုလူတွေကို သားအိမ်ခေါင်း ကင်ဆာ ကာကွယ်ဆေး ထိုးရမှာပါလဲ ဆရာမ။
အသက် ၄၀၊ ၅၀၊ ၆၀ လောက် ရောက်ပြီ၊ အိမ်ထောင်ကလည်း နှစ်ဆက် လောက်ပြုပြီးတော့မှ သားအိမ်ခေါင်းကင် ဆာကာကွယ်ဆေးထိုးလို့ မထိရောက် တော့ပါဘူး။ ကာကွယ်ဆေးထိုးသင့်တဲ့ အုပ်စုကတော့ ၁၀ နှစ်ကနေ ၁၄ နှစ် ကြား လုံးဝ လိင်ဆက်ဆံမှု မရှိသေးတဲ့ မိန်းကလေးငယ်အားလုံး ထိုးနိုင်ပါတယ်။ ပိုက်ဆံတွေ ရှိလာပြီဆိုရင်တော့ ယောက်ျား လေးတွေလည်း ထိုးသင့်ပါတယ်။ တချို့ နိုင်ငံတွေမှာတော့ ၁၈ အထိ ထိုးပေးနေ တာတွေ့ရပါတယ်။ ကျွန်မတို့ မြန်မာနိုင်ငံ မှာ လည်း ၁၆-၁၇-၁၈ နှစ်လောက်မှာ အိမ်ထောင်ကျနေတဲ့ အမျိုးသမီးလေး တွေလည်း ရှိနေပါတယ်။ ကိုယ့်နိုင်ငံရဲ့ အနေအထားနဲ့ဆိုရင် ၁၀ နှစ်ကနေ ၁၄ နှစ်ကြားမှာ စထိုးဖို့ Program ဆွဲထားပြီး ပါ ပြီ။ ဒါက ကာကွယ်ဆေးထိုးတဲ့အပိုင်းပါ။
အသက်၁၈ နှစ်ကျော်သွားပေမယ့် အိမ်ထောင်မကျသေးဘူး၊ တစ်ခါမှ လိင် ဆက်ဆံမှု မရှိသေးဘူးဆိုတဲ့ အမျိုးသမီး တွေလည်း ထိုးနှံနိုင်ပါတယ်။

ဒေါက်တာဒေါ်မြင့်မြင့်သင်း
မီးယပ်ဆိုင်ရာ ကင်ဆာရောဂါအထူးကု
ဗဟိုအမျိုးသမီးဆေးရုံကြီး

Post Author: Good Health Journal

Leave a Reply

Your email address will not be published. Required fields are marked *