နှာခေါင်းကပြောပြနိုင်သော သင့်ကျန်းမာရေး

သင့်နှာခေါင်းဟာ အနံ့ခံဖို့သက်သက်အတွက်လို့ သင်ထင်နေပါသလား။ နှာ ခေါင်းကနေ သန်းပေါင်းများစွာ အနံ့အမျိုးအစားတွေကို အာရုံခံနိုင်ပြီး တစ်ခါရှူထားဖူး တဲ့အနံ့တွေကို မှတ်မိနေရုံမျှသာမက သင့်ကျန်းမာရေးအကြောင်းကိုလည်း ပြောပြ နိုင်ပါတယ်။ အောက်ပါတို့ဟာ နှာခေါင်းကို ကြည့်ခြင်းအားဖြင့် သိရှိနိုင်တဲ့ ကျန်းမာရေး ပြဿနာတွေပါ။

♦ နှာခေါင်းအတွင်းကို ကြည့်ခြင်းဖြင့် အောက်ပါတို့ကို သိရှိနိုင်
နှာခေါင်းအတွင်းက အမြှေးပါးဟာ ပုံမှန်အားဖြင့် ပန်းရောင်ဖြစ်နေရပါမယ်။ တ ကယ်လို့များ အပြာရောင်၊ အရောင်ဖျော့တော့တော့ ဒါမှမဟုတ် ရောင်ရမ်းနေတာဖြစ် ခဲ့ရင် ဓာတ်မတည့်မှုဖြစ်စဉ်ကြောင့် နှာခေါင်းရောင်ရမ်းတာ(Allergic Rhinitis)ဖြစ် နေပါပြီ။ အတွင်းက အမြှေးပါးက အနီရောင်ဖြစ်နေရင်တော့ ရောဂါပိုးဝင်ရောက် နေပါပြီ။ သင့်မှာ အဖျားရှိတာနဲ့အတူ နှာတံရိုးတစ်လျှောက်မှာ နာကျင်နေရင် ထိပ်ကပ် နာဖြစ်ဖို့များနေပါပြီ။

♦ နှာခေါင်းအတွင်းက ဘက်တီးရီးယားတွေက သင့်ကို ပိန်သူလား ၀သူလား ပြောပြနိုင်
လေ့လာမှုတစ်ခုအရ နှာခေါင်းထဲမှာ ပါဝင်တဲ့ ဘက်တီးရီးယားအုပ်စုတွေက ခန္ဓာကိုယ်၊ အရပ်အမြင့်၊ အရပ်နဲ့ကိုယ်အလေးချိန်အချိုးအစား (BMI)နဲ့ ဆွဲဆောင်မှု ရှိ မရှိ ကို ဖော်ပြနေတယ်လို့ သိရပါတယ်။ ၀သူတွေမှာ ပိန်သူတွေထက် ရောဂါဖြစ် စေတဲ့ ဘက်တီးရီးယားတွေ ပိုများပြားတတ်ပြီး ဆွဲဆောင်မှုပိုရှိတယ်လို့ သိရပါတယ်။

♦ နှာခေါင်းနီရဲနေတာက သင်က အရက်စွဲနေတာကို ဖော်ပြနိုင်
နှာခေါင်းအတွင်းက အရောင်က ကျန်းမာရေးအတွက် အရေးကြီးသလို နှာခေါင်း ပြင်ပအရောင်ကလည်း သင့်ကျန်းမာရေးကို ဖော်ပြနေပါတယ်။ သင်ရဲ့ နှာခေါင်းထိပ် က အမြဲတမ်းနီရဲနေရင် သင်ဟာ အရက်သောက်ထားတာ ဒါမှမဟုတ် အရက်စွဲနေ သူဖြစ်နေပါပြီ။ နှာခေါင်းနီတာက စိတ်ဖိစီးမှုများတာ၊ စိုးရိမ်စိတ်များတာ ဒါမှမဟုတ် ဓာတ်မတည့်မှုတွေကြောင့်လည်း ဖြစ်နိုင်ပါတယ်။ သိုင်းရွိုက်ရောဂါ ရှိသူတွေမှာလည်း နှာခေါင်းထိပ်နီရဲတတ်ပါတယ်။

♦ နှပ်ရည်အရောင်ကလည်း ကျန်းမာရေးကို ဖော်ပြနိုင်
ပုံမှန်အားဖြင့် နှပ်ရည်က ကြည်လင်နေရပါမယ်။ အကယ်၍ ခန္ဓာကိုယ်က ရောဂါ ပိုးကိုတွန်းလှန်နေခဲ့ရရင် သွေးဖြူဥတွေက နှာခေါင်းတွင်းကို ရောက်ရှိလာပြီး သူတို့က နေ အစိမ်းရောင်အင်ဇိုင်းတွေကို ထုတ်လွှတ်တဲ့အတွက် နှပ်အရောင်က အ၀ါ ဒါမှ မဟုတ် အစိမ်းရောင်ဖြစ်သွားနိုင်ပါတယ်။
နှာရည်အရောင်က အညိုရောင်ဖြစ်နေတာက လေထုညစ်ညမ်းမှုကြောင့် ဖြစ်နိုင် တဲ့အတွက် အိမ်ပြင်မထွက်ဘဲ အိမ်တွင်းမှာသာ နေထိုင်သင့်ပါတယ်။ ဆေးလိပ် အသောက်များသူတွေရဲ့ နှာရည်အရောင်ကလည်း အညိုရောင်ဖြစ်နိုင်သလို ခြောက် သွေ့သွားတဲ့နှာခေါင်းသွေးတွေကြောင့်လည်း နှာရည်အရောင်က အညိုရောင်ဖြစ်နိုင် ပါတယ်။
နှာရည်အရောင်က အမည်းရောင်ဖြစ်နေရင် အသက်ရှူလမ်းကြောင်းစနစ်အ တွင်းမှာ မှိုပိုးတွေ ပေါက်ဖွားနေတာကြောင့် ဖြစ်နိုင်တဲ့အတွက် ဆရာဝန်နဲ့ ချက်ချင်း ပြသပြီး ဆေးကုသမှုခံယူရပါမယ်။

♦ နှာခေါင်းသွေးယိုခဲ့ရင်
နှာခေါင်းသွေးယိုတာက သွေးရောဂါ ဒါမှမဟုတ် သွေးဖိအားမြင့်တက်တာကြောင့် ဖြစ်တတ်ပြီး အများစုက ဒုက္ခမပေးတတ်ပါဘူး။ ဒါပေမဲ့ နှာခေါင်းထိခိုက်ဒဏ်ရာရ တာကြောင့် နှာခေါင်းသွေးထွက်နေရင်၊ နှာခေါင်းသွေးယိုတာက မိနစ် ၃၀ ထက် ပိုပြီး ကြာနေရင် ဒါမှမဟုတ် အသက်ရှူလို့ မရတာဖြစ်ခဲ့ရင် ဆရာဝန်နဲ့ ပြသသင့်ပါပြီ။
(က) နှာခေါင်းခြောက်သွေ့တာကြောင့် ဖြစ်နိုင်ပါတယ်။ နှာခေါင်းအမြှေးပါး ခြောက်သွေ့နေရင် အက်ကွဲလွယ်ပြီး ဘက်တီးရီးယားတွေ ၀င်ရောက်ဖို့ လွယ်ကူသွားနိုင်ပါတယ်။ နှစ်မျိုးစလုံးက နှာခေါင်းသွေးယိုနိုင်တဲ့အခြေအနေတွေပါ။ လေထုစိုထိုင်းဆစက်ကို အသုံးပြုပါ။ ဒါမှမဟုတ် အခန်းအတွင်း ရေဇလုံ ထည့်ထားပါ။
(ခ) မျိုးရိုးလိုက်တဲ့ သွေးကြောရောဂါကြောင့် ဖြစ်နိုင်ပါတယ်။ မျိုးရိုးလိုက်တာ ကြောင့်ဖြစ်တဲ့ သွေးကြောအားနည်းတဲ့ရောဂါဟာ မကြာခဏ နှာခေါင်း သွေးယိုတတ်ပါတယ်။ ဒီရောဂါရှိသူတွေက မနက်အိပ်ရာထခါစ မိမိအိပ်တဲ့ ခေါင်းအုံးပေါ်မှာ သွေးစလေးတွေ တွေ့မြင်ရနိုင်ပါတယ်။ ဒီရောဂါကြောင့် အဆုတ်အတွင်း သွေးခဲတာ ဒါမှမဟုတ် လေဖြတ်တာလိုမျိုး ဆိုးရွားတဲ့ အခြေအနေတွေ ဖြစ်ပေါ်နိုင်ပါတယ်။
(ဂ) တခြားအကြောင်းအရာတွေကြောင့် ဖြစ်နိုင်ပါတယ်။ ဓာတ်မတည့်တဲ့ရော ဂါရှိတာ၊ သွေးမတိတ်တဲ့ရောဂါရှိတာ၊ နှာခေါင်းနှိုက်တတ်တဲ့အကျင့်ရှိတာ တွေကြောင့် နှာခေါင်းသွေးယိုနိုင်သလို သွေးကျဲဆေး၊ အက်စပရင်ဆေးဝါး တွေ မှီဝဲရတာကြောင့်လည်း နှာခေါင်းသွေးယိုနိုင်ပါတယ်။

♦ နှာရည်ယိုခဲ့ရင်
(က) အအေးမိရောဂါကြောင့်ဖြစ်နိုင်ပါတယ်။ အအေးမိရောဂါဖြစ်ရင် နှာစေးတာ၊ နှာပိတ်တာနဲ့ လည်ချောင်းနာတာတွေပါ တွဲပြီး ဖြစ်တတ်ပါတယ်။ ရောဂါ က တဖြည်းဖြည်းနဲ့ စတင်ဖြစ်ပေါ်ပြီး သူ့အလိုလိုပျောက်ကင်းသွားနိုင်ပါတယ်။ အနားယူတာနဲ့ ရေများများ သောက်တာက ရောဂါကို အမြန်သက် သာစေနိုင်ပါတယ်။
(ခ) တုပ်ကွေးရောဂါကြောင့် ဖြစ်နိုင်ပါတယ်။ ရောဂါကလျင်လျင်မြန်မြန်ဖြစ် ပေါ်တတ်ပြီး အဖျားရှိတာ၊ ကိုယ်လက်ကိုက်ခဲတာနဲ့ တုန်ချမ်းချမ်းတာတွေပါ တွဲပြီး ဖြစ်တတ်ပါတယ်။ ရက်အနည်းငယ်ကနေ နှစ်ပတ်အထိ ကြာမြင့် တတ်ပြီး ဗိုင်းရပ်စ်ပိုးသေဆေးအသုံးပြုတာက ရောဂါဖြစ်ချိန်ကို တစ်ရက်မှ နှစ်ရက်အတွင်း တိုတောင်း သွားနိုင်ပါတယ်။ ငယ်ရွယ်တဲ့ကလေးငယ်တွေ၊ အသက် ၆၅ နှစ်ကျော်သူတွေ၊ ကိုယ်ဝန်ဆောင်အမျိုးသမီးတွေ၊ ရင်ကျပ် ပန်းနာ၊ နှလုံးရောဂါနဲ့ ဆီးချိုရောဂါရှိသူတွေအနေနဲ့လည်း နောက်ဆက် တွဲဆိုးကျိုးတွေ ဖြစ်နိုင်ပါတယ်။

♦ အနံ့အသက်အာရုံခံနိုင်စွမ်း လျော့နည်းနေရင်
(က) အလုံးအသီး Polyp ကြောင့် ဖြစ်နိုင်ပါတယ်။ နှာခေါင်းအတွင်း အသီးလုံး လေး ရှိနေတာက များသောအားဖြင့် ဒုက္ခမပေးတတ်ပေမဲ့ အနံ့အသက် အာရုံရရှိနိုင်မှု လျော့နည်းသွားတတ်ပါတယ်။ ဆေးဝါးမှီဝဲတာ ဒါမှမဟုတ် ခွဲစိတ်ပြုပြင်တာတွေနဲ့ ကုသနိုင်ပါတယ်။
(ခ) ဆီးချိုရောဂါကြောင့် ဖြစ်နိုင်ပါတယ်။ သွေးတွင်းသကြားဓာတ်တွေ အလွန် မြင့်မားနေရင် အာရုံကြော၊ သွေးကြော ဒါမှမဟုတ် အနံ့ခံအာရုံကို ပြုလုပ် ပေးတဲ့အင်္ဂါတွေ ပျက်စီးသွားနိုင်တဲ့အတွက် အနံ့အာရုံခံနိုင်စွမ်းလျော့နည်း သွားတာပါ။
(ဂ) အယ်လ်ဇိုင်းမားရောဂါကြောင့် ဖြစ်နိုင်ပါတယ်။ အဲဒီရောဂါအပြင် ပါကင် ဆန်ရောဂါ၊Huntington ရောဂါ၊Multiple Sclerosis ဒါမှမဟုတ်Motor Neurone ရောဂါတွေကြောင့်လည်း အနံ့အသက်အာရုံခံနိုင်စွမ်း လျော့နည်းသွားတတ်ပါတယ်။

♦ မှားယွင်းစွာ အနံ့ရနေရင်
(က) ဦးနှောက်ပြဿနာကြောင့် ဖြစ်နိုင်ပါတယ်။ နှာခေါင်းတစ်ဖက် ဒါမှမဟုတ် နှစ်ဖက်စလုံးက မှားယွင်းတဲ့အနံ့တွေ အာရုံခံမိနေတတ်ပါတယ်။ များသော အားဖြင့် ဦးခေါင်းဒဏ်ရာရရှိတာ၊ ဦးနှောက်ကင်ဆာရောဂါ၊ အတက်ရောဂါ၊ ဒါမှမဟုတ် ပါကင်ဆန်ရောဂါကြောင့် ဖြစ်တတ်ပါတယ်။
(ခ) ထိပ်ကပ်နာရောဂါကြောင့်ဖြစ်နိုင်ပါတယ်။ ထိပ်ကပ်နာရောဂါဖြစ်နေရင် အနံ့ဆိုးတွေရရှိနေတတ်ပါတယ်။ များသောအားဖြင့် ရက်သတ္တပတ်အနည်း ငယ်အတွင်း ပြန်လည်ပျောက်ကင်းသွားနိုင်ပါတယ်။ နှာခေါင်းအတွင်း ဆားရည်ခတ်တာက ရောဂါသက်သာနိုင်ပါတယ်။

◘ ဒေါက်တာခင်မိုးမိုး

Post Author: Good Health Journal

Leave a Reply

Your email address will not be published. Required fields are marked *