နှာခေါင်းတွင်းမှာဖြစ်တဲ့ အသားပိုက ကင်ဆာဘက်ကူးသွားနိုင်လား

နှာခေါင်းထဲက အသားပိုကနေ ကင်ဆာဖြစ်ပွား နိုင်လာနိုင်ပါသလား ဆရာ။
နှာခေါင်းတွင်းအသားပိုထဲက ကင် ဆာဖြစ်တဲ့ အသားပိုကတော့ ဆဲလ်တစ်ခု ကနေ မထိန်းနိုင်ဘဲ ပွားလာပြီး ကင်ဆာ ဖြစ်လာတာပါ။ ရိုးရိုးအသားပိုကတော့ နှာ ခေါင်းနံရံတွေမှာရှိတဲ့ အမြှေးပါးတစ်သျှူး တွေ၊ တွယ်ဆက်တစ်သျှူးတွေ၊ ရေတွေနဲ့ ပေါင်းပြီးဖြစ်လာတာပါ။
နှာခေါင်းအသားပိုကင်ဆာက အ သက် ၄၀ နှစ်အထက် လူကြီးတွေနဲ့ အမျိုး သားတွေမှာ အဖြစ်များကြပါတယ်။

နှာခေါင်းတွင်း အသားပိုကကော ဘာကြောင့် ဖြစ်လာတာပါလဲ ဆရာ။
နှာခေါင်းအသားပိုဖြစ်တဲ့ အကြောင်း ရင်းတွေကို တိတိကျကျမသိရသေးဘူး။ ဒါပေမဲ့ နှာခေါင်းအသားပိုဖြစ်တာနဲ့ ပတ် သက်တာတွေက တချို့က နှာခေါင်းဓာတ် မတည့်လို့ အသားပိုထွက်တယ်၊ တချို့က နှာခေါင်းအမြှေးရောင်တာနဲ့ အသားပို ထွက်တယ်၊ တချို့က မွေးရာပါရောဂါ တွေနဲ့ ဆိုင်တယ်ပြောကြတယ်။ ဥပမာ-Cystic fibrosis လို့ခေါ်တဲ့ အဆုတ်ထဲမှာ အလုပ်လုပ်တာ ပုံမှန်မဖြစ်တဲ့ ရောဂါနဲ့ တွဲဖြစ်နေတယ်။ ဖြစ်တဲ့အကြောင်းကို ကမ္ဘာမှာ သုတေသနလုပ်နေတုန်းပါပဲ။ ဘယ်သူမှ တိတိကျကျ မပြောနိုင်သေးပါ ဘူး။

နှာခေါင်းအသားပိုကင်ဆာဖြစ်တဲ့အခါ ခံစားရ နိုင်တဲ့ ရောဂါလက္ခဏာတွေက ဘာတွေဖြစ် မလဲဆရာ။
နှာခေါင်းအသားပိုကင်ဆာက နှာ ခေါင်းထဲမှာ ရိုးရိုးအသားပိုထွက်သလို ပြည့်ကျပ်နေအောင် မကြီးဘူး။ သေး သေးလေးနဲ့ နှာခေါင်းပိတ်တယ်။ နည်း နည်းလေးကြီးလာတာနဲ့ တခြားနေရာ တွေကို ပျံ့တယ်။ ပါးရိုးတွေ၊ နဖူးရိုးတွေ ကို စားတယ်၊ မျက်လုံးထဲကို ဖောက်ဝင် တယ်၊ မျက်လုံးအမြင်တစ်မျိုးဖြစ်လာ တယ်။ မျက်စိကွယ်သွားတယ်။

နှာခေါင်း အသားပိုကင်ဆာဖြစ်တဲ့အခါ ကြိုတင် သိနိုင်တဲ့အချက်တွေကို ရှင်းပြပေးပါဆရာ။
နှာခေါင်းထဲကနေ နှပ်နဲ့ သွေးစ လေးတွေ ပါတယ်ဆိုတဲ့ အချိန်မှာ သိမယ်ဆိုရင် ဆိုးဆိုးရွားရွားမဖြစ်ပါဘူး။ ခွဲစိတ်ပြီး ဓာတ်ရောင်ခြည်ပြမယ်ဆိုရင် ပျောက်မယ်လို့ မျှော်လင့်လို့ရတယ်။ အဲဒီ လိုမဟုတ်ဘဲ ပါးရိုးတွေ စားနေပြီ၊ မျက် လုံးထဲဖောက်ဝင်နေပြီ၊ ဦးနှောက်ထဲ ဖောက် ဝင်နေပြီဆိုရင် ပျောက်ကင်းဖို့ ခဲယဉ်းပါ တယ်။ ဒါကြောင့် နှာခေါင်းပိတ်တာက တောက်လျှောက်ပိတ်ပြီး သုံးပတ်အတွင်း မပျောက်ဘူးဆိုရင် မပေါ့ဆစေချင်ပါဘူး။

ခန္ဓာကိုယ်ရဲ့ တခြားနေရာတွေမှာကော ရိုးရိုး အသားပိုကနေ ကင်ဆာအဖြစ် ပြောင်းတာမျိုး ဖြစ်နိုင်ပါသလားဆရာ။
ရိုးရိုးအသားပိုနဲ့ အသားပိုကင်ဆာ ကြား အုပ်စုတစ်ခုပါ။ အဲဒီလိုလူနာမျိုး တွေရှိပေမယ့် ဖြစ်တာနည်းပါတယ်။ ခန္ဓာ ကိုယ်ရဲ့ တခြားနေရာတွေမှာ ကင်ဆာဖြစ် ပွားရာကနေပျံ့နှံ့ပြီး နှာခေါင်းအသားပို ကင်ဆာဖြစ်တာမျိုးက ရှိနိုင်ပေမယ့် အတော်ရှားပါးပါတယ်။

နှာခေါင်းအသားပိုကင်ဆာက နှာခေါင်းရဲ့ ဘယ် လိုနေရာမျိုးမှာ အဓိက ဖြစ်ပေါ်တတ်ပါသလဲ ဆရာ။
နှာခေါင်းကင်ဆာက နှာရိုးပေါ်မှာရှိ တဲ့ အရေပြားမှာဖြစ်တဲ့ ကင်ဆာ (Basal Cell Carcinoma) နဲ့ နှာခေါင်းအတွင်း မှာ အသားပိုထွက်ပြီးဖြစ်တဲ့ ကင်ဆာဆို ပြီး နှစ်မျိုးရှိတယ်။

နှာရိုးပေါ်မှာဖြစ်တဲ့ကင်ဆာက ဘယ်လိုအ ကြောင်းအရင်းတွေကြောင့် အဖြစ်များရပါ သလဲဆရာ။
နှာရိုးပေါ်မှာဖြစ်တဲ့ အရေပြားကင် ဆာက နေရောင်ခြည်နဲ့ ထိတွေ့မှုများတဲ့ လူတွေမှာ အဖြစ်များတယ်။ တောင်သူ လယ်သမားတွေ၊ နေပူထဲမှာ အလုပ်လုပ် ရသူတွေ၊ အသက် ၄၀ နှစ် ကျော်အရွယ် တွေမှာ အဖြစ်များပါတယ်။ နှာခေါင်းအ ပြင်မှာ မြင်နေရတော့ သိသာပါတယ်။ တချို့လည်း နှာခေါင်းအပေါ်မှာရှိတဲ့ မှဲ့ကနေ ကင်ဆာဖြစ်သွားတာတွေ ရှိ တယ်။ ဒါတွေက မျက်စိနဲ့မြင်နေရတော့ အများစုက ဖြစ်တာနဲ့ သိကြပါတယ်။ နှာခေါင်းအတွင်းမှာဖြစ်တဲ့ နှာခေါင်း အသား ပိုကင်ဆာကတော့ သိသာတဲ့ ရောဂါလက္ခ ဏာအနေနဲ့ နှာခေါင်း ပိတ်တာ၊ နှပ်ထဲမှာ သွေးစလေးတွေပါတာလောက်ပဲ လက္ခ ဏာပြတတ်တော့ လူနာတွေက သတိမ ထားမိတတ်ကြဘူး။ ရောဂါက နှာခေါင်း ထဲမှာ တိုးလို့တိုးနေမှန်းကို မသိကြဘူး။

နှာခေါင်းတွင်းအသားပိုကင်ဆာဖြစ်တဲ့လူနာ တွေ ဆရာတို့ဆီကို ဘယ်လိုပုံစံမျိုးတွေနဲ့ ရောက်လာတတ်ပါသလဲဆရာ။
တကယ်တမ်း တွေ့နေရတဲ့လူနာ တွေက ဆရာတို့ဆီလာပြပြီဆိုရင် နှာ ခေါင်းပိတ်တာ နှစ်နဲ့ချီပြီး ကြာနေပြီးမှ ရောက်လာတတ်ကြတယ်။ ဘယ်လောက် တောင် ပိတ်နေလဲဆိုရင် နှာခေါင်းထဲကို ဆေးထိုးအပ်လေးတစ်ချောင်းတောင် ထည့်စရာနေရာမရှိလောက်အောင်ကို ပိတ်နေတယ်။ ဒီအသားပိုက ဒီတိုင်းမနေ ပါဘူး။ နှာခေါင်းရိုးတွေကို တွန်းတယ်၊ ဖိတယ်။ အဲဒီလို တွန်းတာ၊ ဖိတာကြောင့် နှာခေါင်းပိတ်တာလည်း ရှိတယ်။ ဒါပေမဲ့ သိပ်ပြဿနာမရှိဘူး။ ဘယ်တော့မှ ပြဿနာရှိလဲဆိုရင် မျက်လုံးကို တွန်း ထုတ်တဲ့အခါ မျက်လုံးက အပြင်ကိုပြူး လာတယ်၊ အမြင်နှစ်ထပ်မြင်တာတွေ ဖြစ်လာတော့မှ လူနာက ကြောက်ပြီး မျက်စိဆရာဝန်ဆီ သွားပြတတ်ပါတယ်။ နောက်တော့မှ ဆရာတို့ဆီရောက်လာ တတ်ပါတယ်။
မျက်စိပြူးထွက်လာတဲ့အထိ ဖြစ်တဲ့ လူနာမျိုး ရှားတယ်ဆိုပေမယ့် တစ်လကို လူနာတစ်ယောက်လောက်တော့တွေ့ နေရပါတယ်။ ကင်ဆာမဟုတ်တဲ့ အသား ပိုကို ငွေကြေးအကုန်အကျ မများဘဲ လွယ်လွယ်ကူကူဘဲ မှန်ပြောင်း အသုံးပြု ပြီး ခွဲစိတ်လို့ရပါတယ်။ ဦးနှောက်အခြေ ထဲက ထွက်နေတယ်၊ မျက်လုံးနှစ်လုံး ကြား ကလိုင်ထဲက ထွက်နေတယ်၊ ပါးရိုး ထဲမှာ ပြည့်နေတယ်ဆိုရင် ခွဲစိတ်ရတာ ခက်ခဲသွားပါတယ်။ ခွဲပြီးရင် ဒဏ်ရာတွေ ကျန်ပြီး အရုပ်ဆိုးတတ်ပါတယ်။

နှာခေါင်းတွင်း အသားပိုကင်ဆာဆိုတာကို သိ ရှိဖို့ ဘယ်လိုစမ်းသပ်စစ်ဆေးမှုတွေကို လုပ် ဆောင်ရပါသလဲ ဆရာ။
နှာခေါင်းအသားပိုကင်ဆာလို့ သံသ ယရှိတဲ့လူနာကို သေချာအောင်အသားစ ယူပြီး စစ်ဆေးရပါတယ်။ ကင်ဆာရောဂါ က ခန္ဓာကိုယ်ရဲ့ ဘယ်နေရာတွေအထိပျံ့ နေလဲဆိုတာ စစ်ဆေးရတယ်။ နှာခေါင်း အနီးမှာရှိတဲ့ မျက်လုံးနဲ့ ဦးနှောက်ထဲတွေ ကို ကင်ဆာဆဲလ်တွေပျံ့နေပြီလားဆို တာ သိရအောင် ကွန်ပျူတာဓာတ်မှန် ရိုက်ရပါတယ်။

နှာခေါင်းတွင်း အသားပိုကင်ဆာဆိုတာ စမ်း သပ်စစ်ဆေးမှုတွေအရ သေချာသွားပြီဆိုရင် ဘယ်လိုကုသမှုမျိုးတွေနဲ့ ကုသနိုင်ပါသလဲ ဆရာ။
ကွန်ပျူတာဓာတ်မှန်အဖြေအရ ကင်ဆာက မျက်လုံးထဲရောက်တာ သိပ်မ ဆိုးသေးဘူး၊ ဦးနှောက်ထဲ မရောက်ဘူး ဆိုရင် ခွဲစိတ်ကုသလို့ရပါတယ်။ ခွဲစိတ် ကုသလိုက်တာကြောင့် မျက်စိနဲ့မြင်ရတဲ့ အစိုင်အခဲထွက်သွားပေမယ့် မျက်စိနဲ့ မမြင်ရတဲ့ ကင်ဆာဆဲလ်လေးတွေ ကျန် နေနိုင်ပါတယ်။ အဲဒီအတွက် ဓာတ်ရောင် ခြည်ပေးပြီး ကုသရပါတယ်။ နှာခေါင်းအ သားပိုကင်ဆာကို စောစောသိရှိတယ် ဆိုရင် ခွဲစိတ်ကုသပါတယ်။ ဒါပေမဲ့ ရောဂါ ဖြစ်တာကို သိတာနောက်ကျခဲ့ရင်တော့ ခွဲစိတ်ကုသတာမျိုး မလုပ်တော့ဘဲ ဓာတ် ရောင်ခြည်ပေးတာ၊ ကင်ဆာဆေးသွင်း တာတွေ လုပ်ပေးပါတယ်။

နှာခေါင်းတွင်းအသားပိုကင်ဆာက ကာကွယ် လို့ရနိုင်ပါသလား။ ဘာတွေလုပ်ဆောင်ဖို့ လို အပ်ပါသလဲ ဆရာ။
ကင်ဆာနဲ့ပတ်သက်လို့ကတော့ ကာ ကွယ်လို့ရတဲ့ ကင်ဆာကနည်းပါတယ်။ နှာခေါင်းအသားပိုကင်ဆာက ကာကွယ် လို့ရတဲ့ ကင်ဆာထဲမှာ လောလောဆယ် အထိတော့ မပါသေးပါဘူး။ ကာကွယ် ဆေးလည်း မပေါ်သေးပါဘူး။ နှာခေါင်း အသားပိုကင်ဆာရောဂါက ဖြစ်ပွားမှုနည်း ပြီး ဖြစ်လာခဲ့ရင်တော့ ရောဂါအခြေအနေ ဆိုးတတ်ပါတယ်။ ဒါကြောင့် နှာခေါင်းအ သားပိုကင်ဆာ ရောဂါရှိတယ်လို့ သံသယ ရှိရင်ဆရာဝန်နဲ့ အမြန်ဆုံးပြသပြီး စစ် ဆေးမှု ခံယူတာက အကောင်းဆုံးပါ။

ဒေါက်တာဝင်းထိုက်ကြည်
နား၊ နှာခေါင်း ၊ လည်ချောင်း
အထူးကုဆရာဝန်ကြီး

Post Author: Good Health Journal