သင့်မျက်စိထဲ ဖုန်၊ သဲ လိုမျိုး ပြင်ပပစ္စည်း တစ်ခုခု ဝင်နေပါသလား

ပုံမှန်ကတော့ မျက်စိထဲ ပြင်ပပစ္စည်း တွေ မဝင်ရောက်နိုင်အောင် မျက်တောင်၊ မျက်ခွံနဲ့ မျက်ရည်တွေက
အတူတူ ပူးပေါင်းဆောင်ရွက်ကာ ကာကွယ်ပေးထားပြီး မျက်စိထဲဝင်သွားရင်လည်း သူတို့က အမြန် ဖယ်ရှားပေးလိုက်ပါတယ်။ ဒါပေမဲ့ စက်ဘီးစီးနေစဉ် ဒါမှမဟုတ် ကမ်းခြေမှာ လမ်းလျှောက်နေစဉ် သဲ၊ ဖုန်တွေက သင့် မျက်စိထဲကို ဝင်ရောက်နိုင်ပြီး သူတို့ကြောင့် မျက်ကြည်လွှာ ပျက်စီးပြီး နာကျင်နိုင်တာမို့ မျက်စိထဲရောက်နေတဲ့ ပြင်ပ ပစ္စည်းတွေကို အမြန်ဆုံး ဖယ်ရှားပေးဖို့ လိုအပ်တာကြောင့် အောက်ပါအတိုင်းပြုလုပ်ပါ။

၁။ မျက်စိကို မကိုင်ခင် လက်ဆေးပါ။
သင့်မျက်စိထဲဝင်နေတဲ့ ပစ္စည်းကို အမြန်ဆုံးဖယ်ရှားချင်တာကြောင့် လက်ဆေးဖို့ မေ့နေနိုင်ပါတယ်။ မသန့်ရှင်းတဲ့ လက်နဲ့ မျက်စိကို ကိုင်မိရင် မျက်စိထဲ ရောဂါပိုးဝင်ရောက် နိုင်ပါတယ်။ အခုလို ကိုဗစ် ကူးစက်နှုန်း များနေတဲ့ အချိန်ဆိုရင် ပိုပြီးတော့တောင် လက်ကို ဆပ်ပြာနဲ့ စင်ကြယ်အောင် ဆေးဖို့ လိုအပ်ပါတယ်။ကိုဗစ်ကြောင့် မျက်မြှေးရောင်တတ်ပြီး ပိုးက မျက်ရည်လမ်းကြောင်းမှတစ်ဆင့် နှာခေါင်း၊လည်ချောင်းနဲ့ အဆုတ်ထဲရောက်နိုင်တာကြောင့်ပါ။

၂ ။ မျက်ရည်ထွက်ပြီး ဖုန် ၊သဲတွေကို ဖယ်ရှားနိုင်ဖို့ မကြာခဏ မျက်တောင် ခတ်ပါ။ မျက်စိကို မပွတ်ပါနဲ့။
မျက်စိထဲ တစ်ခုခုဝင်သွားရင် သဘာဝတုံ့ပြန်မှုကြောင့် မျက်စိကို လက်နဲ့ ပွတ်မိတတ်ကြပါတယ်။ ဒီလိုပြုလုပ်တာက မျက်စိ ထိခိုက်နိုင်ပါတယ်။ မျက်ရည်များများထွက်အောင် မျက်တောင် များများခတ်ပါ။

၃ ။ မျက်စိထဲဝင်သွားတဲ့ ပစ္စည်းကို ရှာပါ။
မျက်စိကို အပေါ်ကြည့်၊ အောက် ကြည့်၊ ဘေးကြည့် ပြုလုပ်ပြီး မျက်စိထဲဝင်သွားတဲ့ ပစ္စည်းကို ရှာဖွေပါ။ ရှာလို့ မတွေ့ခဲ့ရင် မျက်ခွံအတွင်း တစ်နေရာရာမှာ ကပ်နေနိုင်ပါတယ်။ အပေါ် မျက်ခွံနေရာမှာ ရှာဖွေဖို့ q-tip ကို မျက်ခွံ အပြင်နေရာမှာ ပုံမှာပြထားတဲ့ အတိုင်းတင်ထားပြီး မျက်ခွံလှန်ပြီး အောက်ဘက်ကို ကြည့်ကာ ပြင်ပပစ္စည်းကို ရှာပါ။
အောက်မျက်ခွံနေရာမှာ ရှာဖွေဖို့ အပေါ်ဘက်ကိုကြည့်ကာ အောက် မျက်ခွံကို အောက်ဘက်ကိုဆွဲချပါ။

၄ ။ သဲ ဒါမှမဟုတ် ဖုန်မှုန့်ကို Q-tip အသုံးပြုပြီး ဖယ်ရှားပါ။
မျက်ခွံအောက်မှာ ပြင်ပပစ္စည်းတွေ့ရင် လက်ချောင်းတစ်ဖက်နဲ့ မျက်ခွံကို လှန်ပြီး စွတ်စိုနေတဲ့ Q-tip ကိုလှိမ့်ပြီး ဒီပစ္စည်းကို ဖယ်ရှားလိုက်ပါ။

၅။ သန့်ရှင်းတဲ့ရေနဲ့ မျက်စိ ဆေးပါ။
– eye cup ရှိရင် သူ့ကို စင်ကြယ် အောင်ဆေးကြောပြီး ရေတစ်ဝက်ထည့်ကာ သူနဲ့ မျက်စိကိုလုံအောင် ဖုံးအုပ်ပါ။ ဦးခေါင်းကို အနောက်ဘက်လှန် ပြီး မျက်စိကို ကျယ်ကျယ်ဖွင့်ကာ မျက်လုံးကို အပေါ်၊အောက်နဲ့ ဘေးတစ်ဖက်တစ်ချက်သို့ ရွှေ့ပြောင်းကာ မျက်စိအနှံ့ ဆေးကြောပါ။
– နောက်တစ်နည်းကတော့ ရေဖြည့်ထားတဲ့ ဇလုံ တစ်ခုထဲ မျက်စိဖွင့်ပြီး ခေါင်းငုံ့ပါ။မျက်စိအနှံ့ သန့်စင်သွားအောင် မျက်လုံးကို အပေါ်၊အောက်၊ဘေးလှည့်ပါ။ရေထဲက ခေါင်းပြန်ဖော်တဲ့ အခါမှာ မကြာခဏ မျက်တောင်ခတ်ပေးပြီး မျက်စိထဲက ပစ္စည်း ထွက် မထွက် စစ်ဆေးပါ။
– နောက်တစ်နည်းက ဘုံပိုင်ခေါင်းက ကျဆင်းလာတဲ့ ရေနဲ့ မျက်စိဆေးကြောနည်းပါ။ခေါင်းတစ်ဖက်စောင်းပြီး အောက်မျက်ခွံကို လက်နဲ့ဆွဲထားကာ ရေဘုံပိုင်က ကျဆင်းလာတဲ့ ရေ အောက်ဝင်ကာ မျက်စိဆေးပါ။

၆ ။ ရေနဲ့ မျက်စိဆေးကြောရမယ့် ကြာချိန်။
– မျက်စိထဲကို ဆပ်ပြာ ဒါမှမဟုတ် ခေါင်းလျှော်ရည် ဝင်သွားရင် ၅ မိနစ်ခန့် ဆေးကြောရင် လုံလောက်ပါတယ်။
– ဓါတုပစ္စည်း ဝင်သွားရင်တော့ အနည်းဆုံး ၁၅ မိနစ်ခန့် ဆေးကြော ရပါမယ်။
– အယ်လ်ကာလီဥပမာ ဆိုဒီယမ် ဒါမှမဟုတ် ကယ်ဆီယမ် ဟိုက်ဒရောဆိုဒ် ဝင်သွားရင် အနည်းဆုံး တစ်နာရီခန့် ဆေးကြောရပါမယ်။

၇ ။ တစ်ခြားသူရဲ့ အကူအညီယူပါ။
မျက်စိထဲဝင်သွားတဲ့ ပစ္စည်းကို မှန်ကြည့်ပြီး ကိုယ့်ဘာသာ ဖယ်ထုတ်ရတာ အဆင်မပြေရင်စိတ်တည်ငြိမ်မှု ရှိတဲ့ သူတစ်ယောက် ကို ဖယ်ရှားခိုင်းပါ။
သူရှာဖွေနေစဉ် သင်ကအပေါ်ဘက်ကို ကြည့်ပြီး မျက်ခွံကို အောက်ဖက်ဆွဲထားပါ။ သင့်မျက်စိကို သူ မကိုင်တွယ်ခင် သူ့လက်ကို စင်ကြယ်
အောင် ဆေးကြောထားရပါမယ်။

ငြုပ်သီးကိုင်ထားတဲ့လက်နဲ့ မျက်စိပွတ်မိရင်။
—————————-
ဒီလို အခြေအနေမှာ မျက်စိကို ရေနဲ့ မဆေးကြောရပါ။ ပူစပ် ပူလောင် ဖြစ်တာ ပိုမို ဆိုးရွားနိုင်လို့ပါ။နွားနို့ ကို အသုံးပြုနိုင်ပါတယ်။ ပထမဆုံး သင့်လက်ကို ဆပ်ပြာနဲ့ စင်ကြယ် ပြီးရင်အောင် ဆေးကြောပြီး လက်ပေါ်က ငြုပ်သီးဆီတွေ ကုန်စင်အောင် နွားနို့ ထဲ စိမ်လိုက်ပါ။ပြီးရင် နွားနို့ထဲ စိမ်ထားတဲ့ စက္ကူနဲ့ မျက်စိကို အုပ်ထားလိုက်ပါ။

ဘယ်အချိန် ဆရာဝန်နဲ့ ပြသသင့် သလဲ။
– မျက်စိထဲ ဓာတုပစ္စည်း ဝင်သွားရင်
– အရှိန်နှုန်းမြင့်နဲ့ ပျံသန်းနေတဲ့ပိုးကောင် ဝင်သွားရင်
– မျက်စိထဲ ဖန်ခွဲစ ဒါမှမဟုတ် သံစ၊ သစ်စ ဝင်သွားရင်
တော့ မျက်စိဆရာဝန် နဲ့ ပြသဖို့ လိုအပ်ပါတယ်။

ဒေါက်တာခင်မိုးမိုး

Post Author: Good Health Journal