ဂျပန်ဦးနှောက်ရောင်ရောဂါဆိုတာဘာလဲ။
ဂျပန်ဦးနှောက်ရောင်ရောဂါဆိုတာ Japanese B Encephalitis Virus ဆိုတဲ့ ဗိုင်းရပ်စ်ပိုးက ဦးနှောက်ရဲ့ နာဗ့်ဆဲလ်လေးတွေကို ရောဂါဖြစ်စေပြီး ဦးနှောက်အမြှေးပါးနဲ့ ဦးနှောက်ကို ရောင်ယမ်းစေတဲ့ရောဂါတစ်မျိုးပါ။ သေနှုန်းမြင့်တဲ့ရောဂါတစ်ခုဖြစ်ပါတယ်။
.
.
ဘာကြောင့် ဂျပန်ဦးနှောက်ရောင်ရောဂါဖြစ်ရတာလဲ။
Culex လို့ခေါ်တဲ့ခြင်မ ကိုက်တာကြောင့်ဖြစ်ရတာပါ။ ဒီဗိုင်းရပ်စ်ကိုစတွေ့တာကတော့ တောရိုင်းငှက်တွေ၊ မြင်း၊ ဝက်နဲ့ မျောက်တွေမှာတွေ့ပါတယ်။ ပြီးတော့မှ ခြင်ကနေတဆင့် ကျောရိုှးရှိသတ္တဝါတွေအကြားကူးစက် စေပြီးလူသားတွေမှာ ပါဖြစ်လာတာပါ။

.
.
ဘယ်လိုလူတွေမှာ ဖြစ်တတ်လဲ။
ဒါကြောင့် ကျေးလက်ဒေသတွေ၊ ဆင်ခြေဖုံးအရပ်မှာနေထိုင်သူတွေနဲ့ ဝက်နဲ့ထိတွေ့နီးစပ်မှုရှိတဲ့သူတွေမှာ ပိုဖြစ်တာကို တွေ့ရပါတယ်။ အရှေ့တောင်အာရှမှာဆိုရင် စက်တင်ဘာ လကနေ မေလအထိဖြစ်တတ်လေ့ရှိပြီး မြောက်အိန္ဒိယ၊ ပါကစ္စတန်နဲ့ ဘင်္ဂလားဒေ့ရှ်မှာတော့ ဇူလိုင်ကနေ ဒီဇင်ဘာလမှာ အဖြစ်များပါတယ်။ သမပိုင်းဒေသတွေမှာဆိုရင် ရာသီဥတုပူနွေးလာတဲ့အခါမှာ ဖြစ်လေ့ရှိပြီး အပူပိုင်းနဲ့ အပူလျော့ပိုင်းဒေသတွေမှာဆိုရင် တစ်နှစ်ပတ်လုံးဖြစ်တတ်ပြီး မိုးရာသီမှာ ပိုဖြစ်တတ်ပါတယ်။ ဆန်စပါးစိုက်တဲ့အရပ်တွေမှာဆိုရင် စပါးမရိတ်သိမ်းခင်ကာလတွေမှာ ဖြစ်လေ့ဖြစ်ထရှိပါတယ်။
.
.
ရောဂါလက္ခဏာတွေကတော့ အများစုမှာ မသိသာပါဘူး။ ရိုးရိုးဖျားနာတာလောက်နဲ့ ခေါင်းကိုက်တာလောက်ပဲ ရှိတာပါ။ ပျော့တယ်ပြောရမှာပေါ့။ ဒါပေမယ့် အယော်က ၂၅၀-၃၀၀ လောက်မှာ တစ်ယောက်လောက်ကတော့ ရောဂါလက္ခဏာ သိသိသာသာ၊ ပြင်းပြင်းထန်ထန်ပေါ်လာတတ်ပါတယ်။ အဲဒီအခါမှာဆိုရင် အဖျားကြီးမယ်၊ ခေါင်းတအားကိုက်မယ်၊ ဇတ်တွေတောင့်တင်းနေမယ်၊ ထိုးအန်မယ်၊ ကယောင်ခြောက်ခြားတွေဖြစ်မယ်၊ ကိုမာဝင်တတ်တယ်၊ တက်တာ တကိုယ်လုံးပျော့ဖက်လာမယ်၊ ဒါတွေအပြင် အသက်သေဆုံးတဲ့အထိ ဖြစ်နိုင်ပါတယ်။
.
.
ဒီလို ရောဂါလက္ခဏာတွေပေါ်လာတဲ့အခါမှာ ၃၀ ရာခိုင်နှုန်းကတော့ သေဆုံးတတ်ပြီး လူကြီးတွေမှာဖြစ်ရင်တော့ သေဆုံးနိုင်ခြေဟာ ၈၀ ရာခိုင်နှုန်းအထိရှိပါတယ်။ တကယ်လို့အသက်မသေဆုံးခဲ့ရင်တောင်မှ ၂၀ ကနေ ၃၀ ရာခိုင်နှုန်းအထိကတော့ ဥာဏ်ရည်ဥာဏ်သွေး ထိခိုက်တာတွေ၊ အမူအကျင့်ပိုင်းဆိုင်ရာ ဖောက်ပြန်ချို့ယွင်းတာတွေ၊ အာရုံကြောအားနည်းတာတွေ၊ ခဏခဏ တက်တာတွေ၊ စကားမပြောနိုင်တော့တာတွေ ဖြစ်ပြီးကျန်ခဲ့တတ်ပါတယ်။
.
.
ကုသမှုအပိုင်းမှာတော့ Anti-viral တွေမပေးဘဲ ရောဂါလက္ခဏာသက်သာစေမယ့် ဆေးလေးတွေပဲပေးပါတယ်။ Supportive Treatment ပေါ့။
.
.
ကာကွယ်မှုအပိုင်းကို ပြောရမယ်ဆိုရင် ခြင်ကြောင့်ဖြစ်တာမို့ ခြင်မပေါက်ပွားအောင်၊ ခြင်ကိုက်မခံရအောင် ဖုံး၊ သွန်၊ ခပ်၊ စစ်၊ လဲ၊ လောင်း၊ ထောင်၊ မြှုပ်၊ ရှင်း၊ မှုတ် ဆိုတဲ့ လမ်းစဉ်အတိုင်းဆောင်ရွက်ရပါမယ်။ ကိုယ့်ကလေးငယ်ကို ခြင်မကိုက်ခံရအောင် ဂရုစိုက်ပေးဖို့  အင်မတန်အရေးကြီးပါတယ်။
.
.
ကာကွယ်ဆေးကတော့
1. Inactivated Mouse Brain-Derived Vaccine
2. Inactivated Vero Cell-Derived Vaccine
3. Live Attenuated Vaccine
4. Live Recombinant Vaccine
ဆိုပြီး အဓိကလေးမျိုးရှိပါတယ်။ Live Attenuated Vaccine ကို ပြီးခဲ့တဲ့နှစ်တွေက တရုတ်နိုင်ငံကထုတ်လုပ်ခဲ့ ပြီး ဂျပန်ဦးနှောက်ရောင်ရောဂါဖြစ်ပွားတဲ့နိုင်ငံအတော်များများမှာ အသုံးပြုခဲ့ပြီး WHO ကလည်း အသိမှတ်ပြုစစ် ဆေးခဲ့ပါတယ်။
.
.
ကာကွယ်ဆေးထိုးလို့ ဓာတ်မတည့်တာတွေကတော့ စထုတ်လုပ်တဲ့ ၁၉၉၀ခုနှစ်လောက်က တွေ့ရပေမယ့် အခုနောက်ပိုင်းမှာတော့ မရှိသလောက်နည်းသွားပါပြီ။ လူတစ်သောင်းမှာမှ ၄ ယောက်ကနေ ၈ ယောက်လောက်ပဲ ရှိတာလို့ဆိုပါတယ်။ ရှားရှားပါးပါးဖြစ်ခဲ့ရင်လည်း ဆေးထိုးတဲ့နေရာမှာ နီရဲတာ၊ ဖျားတာ၊ ကိုယ်လက်ကိုက်ခဲတာ၊ တုပ်ကွေးဖြစ်ချင်သလို လက္ခဏာမျိုးလောက်ပဲပြတတ်ပါတယ်။
ဒီကာကွယ်ဆေးက ဂျပန်ဦးနှောင်ရောင်ရောဂါကနေ အပြည့်အဝကာကွယ်နိုင်ပြီး တစ်ခါထိုးရင်နှစ်နှစ်၊ သုံးနှစ်အထိ ခံပါတယ်။
.
.
ဘယ်လိုလူတွေထိုးရင်ကောင်းမလဲဆိုတော့ ဂျပန်ဦးနှောက်ရောင်ရောဂါဖြစ်ပွားလေ့ရှိတဲ့နေရာဒေသတွေကို အနည်းဆုံးတစ်လကြာတဲ့အထိ ခရီးသွားမယ့်သူတွေ (သိပ်မကြာဘူးဆိုရင် ထိုးဖို့မလိုပါ) ၊ တောင်တက်တာ၊ တောလမ်းခရီးထွက်တာလိုမျိုး ခြင်နဲ့ ထိတွေ့နိုင်ခြေရှိတဲ့ အနေထားမျိုးရှိတယ့်သူတွေ၊ အသက် ၂ လကနေ ၁၆နှစ်အတွင်းကလေးတွေ (အထူးသဖြင့် ရောဂါဖြစ်ပွားမယ့်ဒေသတွေကို သွားတော့မယ်ဆိုရင်) ထိုးသင့်ပါတယ်။ မြို့ကြီးပြကြီးတွေကို ခရီးထွက်မယ်ဆိုရင်တော့ ထိုးဖို့မလိုပါဘူး။
.
.
safe ဖြစ်ပြီး ဈေးလည်းကြီးတဲ့ ကာကွယ်ဆေးလည်း ဖြစ်ပါတယ်။ အခုဆိုရင်တော့ ဂျပန်ဦးနှောက်ရောင်ရောဂါကာကွယ်ရေး ရက်သတ္တပတ်အနေနဲ့  နိုဝင်ဘာ ၁၅ ကနေ ၂၃ ရက်အထိကို ၅နှစ်ကနေ ၁၅နှစ်ကလေးတွေ၊ ဒီဇင်ဘာ ၁၂ရက်နေ့ ကနေ ၂၀ အထိ ၉လကနေ ၅နှစ်ကလေးတွေကို အစိုးရက အခမဲ့အစီစဉ်နဲ့ ထိုးပေးနေပါပြီ။
ဒါကြောင့် မေမေတွေအနေနဲ့ ကိုယ့်ကလေးငယ်ကို ကာကွယ်မှုအပြည့်အဝပေးနိုင်အောင် ဂျပန်ဦးနှောက်ရောင်ရောဂါကာကွယ်ဆေးကို မပျက်မကွက်ထိုးဖို့  တိုက်တွန်းလိုက်ရပါတယ်။
.
.
မေတ္တာဖြင့်
ဒေါက်တာစိမ့်

Post Author: Good Health Journal

Leave a Reply

Your email address will not be published. Required fields are marked *