ပြန်လည်ကျန်းမာလာသော Covid-19 လူနာများ ဆေးရုံဆင်းခွင့်ရပြီးသည့်နောက် ရောဂါပိုးကူးစက်မှု ဖြစ်နိုင်သေးလား

ကျန်းမာရေးနဲ့အားကစားဝန်ကြီးဌာန က Covid-19 ဓာတ်ခွဲအတည်ပြု လူနာတွေကို ဆေးရုံဆင်းခွင့်သတ်မှတ်ချက် အနေနဲ့ ရောဂါလက္ခဏာစပြီး ပြတဲ့ရက် က ၁၀ ရက်နဲ့ ရောဂါလက္ခဏာ ပျောက် ကင်းပြီးနောက် ၄ ရက်အကြာမှာ ဖျား နာတာတွေနဲ့တခြားရောဂါလက္ခဏာ မရှိရင် သာမန် ဒါမှမဟုတ် အသင့်အတင့် ရောဂါ လက္ခဏာရှိသူတွေကို အတွင်း လူနာအဖြစ် အနည်းဆုံး ၁၄ ရက်ကြာ ထားရှိမှာဖြစ်ပြီး ပြင်းထန်တဲ့ ရောဂါ လက္ခဏာရှိတဲ့လူနာ ဒါမှမဟုတ် အသည်း အသန်လူနာတွေ ဒါမှမဟုတ် ကိုယ်ခံ အားကျဆင်းနေတဲ့ လူနာတွေကို အတွင်းလူနာအဖြစ် အနည်းဆုံး ၂၁ ရက် ထားရှိမှာ ဖြစ်တယ်လို့ သိရပါတယ်။ ဆေးရုံကဆင်းခွင့်ပြုတဲ့အခါမှာလည်း နေအိမ် မှာ ၇ ရက် အသွားအလာ ကန့်သတ်နေထိုင်ရမှာ ဖြစ်ပါတယ်။

Covid-19 ရောဂါဖြစ်တဲ့ လူနာတွေကို ဆေးရုံကဆင်းခွင့်တွေ ပြင်ဆင်သတ်မှတ် လိုက်တာတွေရှိတယ်လို့ သိရပါတယ်။ ဒီရက် နောက်ပိုင်းတွေမှာကော ပိုးက ထပ်ပြီးမကူး စက်နိုင်တော့ဘူးလို့ ဆိုနိုင်ပါသလား။
ဒီအကြောင်းအရာနဲ့ပတ်သက်ပြီး စင်ကာပူက စာတမ်းသုံးသပ်ချက်တွေ၊ ဂျာမနီက သုံးသပ်ချက်တွေ ရှိပါတယ်။ စင်ကာပူရဲ့သုံးသပ်ချက်အရ ရောဂါပိုး တွေ့ပြီး ၁၁ ရက်မြောက်ကြာရင် ရောဂါပိုးက ဝေဒနာရှင်မှာရှိနေနိုင်ပေမယ့် တခြားသူကို ကူးစက်နိုင်မှုမရှိတော့ဘူးဆိုပြီး ထောက်ပြထားပါတယ်။ ဂျာမနီကလည်း ၈ ရက်ကြာတဲ့အခါမှာ ပိုးမွေးကြည့်တဲ့အခါ တခြားသူကို ကူးစက်နိုင်မှု မဖြစ် နိုင်တော့ဘူးဆိုပြီး စာတမ်းတွေကလည်း မြောက်မြားစွာထွက်လာတာကြောင့် ကျန်းမာရေးနဲ့အားကစားဝန်ကြီးဌာနက ဒီအပေါ်မှာလေ့လာသုံးသပ်ပြီးတော့ ဆေးရုံဆင်းမယ့်ကိစ္စရပ်တွေ၊ Quarantine ထားမယ့်ကိစ္စရပ်တွေကိုလည်း တဖြည်းဖြည်းချင်း ဖြေလျှော့လာတာကို တွေ့ရပါတယ်။

သေဆုံးသူ များလာပြီဆိုတော့ ဒါနဲ့ပတ်သက်ပြီး သုံးသပ်ချက်လေး ပြောပေးပါဆရာ။
သေဆုံးသူတွေထဲမှာ လူလတ်ပိုင်းတွေလည်း ပါလာပြီဆိုတော့ ပြည်သူတွေ အနေနဲ့ မပေါ့ဆဖို့ လိုအပ်ပါတယ်။ အထူးသဖြင့် နောက်ခံရောဂါအခံ ဆီးချို၊ နှလုံးသွေးကြောရောဂါ၊ သွေးတိုးရောဂါ၊ ခုခံအားကျဆင်းရောဂါရှိတဲ့သူတွေ၊ အ ဆုတ်ရောဂါ စသဖြင့်ရောဂါအခံရှိတဲ့သူတွေဟာ ဒီရောဂါပိုပြီးကူးစက်နိုင်ခြေရှိသလို ရောဂါကူးစက်ပြီးနောက်ပိုင်းမှာလည်း အသက်ဆုံးရှုံးနိုင်တဲ့အနေအထားတွေ ရှိနေတာကြောင့် လူငယ်ပိုင်းတွေပဲ ဖြစ်ဖြစ်၊ လူလတ်ပိုင်းတွေအနေနဲ့ဖြစ်ဖြစ် မပေါ့ဆဖို့ အရေးကြီးပါတယ်။ ပြီးတော့ အခုပိုးကလည်း ပြင်းထန်နေဆဲပဲဆိုတာကို ပညာရှင်တွေက ထောက်ပြနေတာဖြစ်တာကြောင့် မပေါ့ဆဖို့အရေးကြီးပါတယ်။

ရန်ကုန်မှာ ပိုးတွေ့လူနာတွေ များလာပြီဆို တော့ စိုးရိမ်စရာအခြေအနေတစ်ရပ် ဖြစ်လာပြီလို့ သုံးသပ်နိုင်ပါသလား။
စိုးရိမ်စရာအခြေအနေလားဆိုရင် စိုးရိမ်စရာတစ်ခုတော့ ဖြစ်နေနိုင်ပါတယ်။ ဒါပေမဲ့လည်း တခြားနိုင်ငံတွေနဲ့ ယှဉ်လိုက်ရင် ကူးစက်မှုနှုန်း၊ သေဆုံးမှုနှုန်းက အရမ်းကြီးမများသေးဘူးပေါ့။ ဒါပေမဲ့ လည်း ကျွန်တော်တို့နိုင်ငံအတိုင်းအတာ အနေနဲ့ဆိုရင် စိုးရိမ်စရာ၊ စိတ်ပူစရာ အခြေအနေတစ်ခုတော့ ဖြစ်တယ်။ ဒါပေမဲ့ အကြောက်လွန်ရမယ့်အချိန် တော့ မဟုတ်ဘူးပေါ့နော်။ ဒါကလည်း ပြည်သူ့ကျန်းမာတို့၊ ကပ်ရောဂါဗေဒ ပညာရှင်တွေ သုံးသပ်ချက်အရ နှစ်ပတ် ကျော်လောက်အတွင်းမှာ မပေါ့ဆဘဲ အားလုံးစည်းကမ်းတကျလိုက်နာပြီး ထိန်းချုပ်ထားနိုင်လိုက်ရင် မြင့်တက် နေတဲ့အရှိန်က ပြန်ကျလာနိုင်မယ်။

Stay at home တွေ ထုတ်ပြန်လိုက်တာက ရောဂါထိန်းချုပ်ရေးအတွက် ပိုပြီးကောင်းမွန် လာနိုင်မယ်လို့ ယူဆနိုင်ပါသလား။
Stay at home သတ်မှတ်လိုက် တာကလည်း ရောဂါကူးစက်ပြန့်ပွားမှု တွေကို ထိန်းချုပ်ဖို့ကြိုးစားတဲ့ နည်လမ်း တစ်ခုပါ။ ပြည်သူလူထုကို မလိုလားအပ် ဘဲ အပြင်မထွက်ဘဲ အိမ်မှာပဲနေပါဆိုပြီး စည်းကမ်းသတ်မှတ်တဲ့ မေတ္တာရပ်ခံချက် တစ်ခုပါ။ အဓိကအနေနဲ့ လူစုလူဝေး ဖြစ်တာက ရောဂါကူးစက်မှုများတယ်။ ရောဂါလက္ခဏာမပြတဲ့သူတွေကလည်း ပြည်သူလူထုကြားမှာ ပျံ့နှံ့နေနိုင်တာ ကြောင့် တတ်နိုင်သလောက် အိမ်မှာပဲနေ ဖို့ နည်းလမ်းတစ်ခုနဲ့ စည်းကမ်းထပ်မံပြီး တင်းကျပ်လိုက်တဲ့သဘောပဲ ဖြစ်ပါတယ်။

ဆရာ့အနေနဲ့ ပညာပေးစကားလေး ပြောပေးပါဦး။
ကျန်းမာရေးနဲ့အားကစားဝန်ကြီးဌာန က ထုတ်ပြန်ထားတဲ့အတိုင်း တတ်နိုင် သလောက်လူစုလူဝေးကို ရှောင်ပါ၊ ခပ် ခွာခွာနေပါ၊ အပြင်ထွက်တိုင်း Mask တပ်ပါ၊ လက်ကိုမကြာခဏဆေးပါဆိုတဲ့ အဓိကအချက်ကြီး ၄ ခုကို သတိပေး နေတာ၊ ပညာပေးနေတာတွေလည်း ရှိပါ တယ်။ ဒီအပေါ်မှာ တချို့တွေက နည်း နည်းလေးပေါ့ဆခဲ့တာ၊ မကြောက်ခဲ့တာ တွေကြောင့် ကူးစက်မှုနှုန်း ပြန်ပြီး မြင့် တက်လာတယ်၊ ပိုပြီးများတယ်လို့ ဆိုနိုင် ပါတယ်။ နောက်တစ်ခုအနေနဲ့ ရောဂါ လက္ခဏာမပြဘဲ ကူးစက်ခြင်းခံနေရတဲ့ လူတွေကလည်း လူထုကြားထဲမှာ ရှိနေ နိုင်တာကြောင့် ဖျော်ဖြေရေးလုပ်ငန်း တွေ၊ အလှပြင်လုပ်ငန်းတွေက လူစုလူ ဝေးဖြစ်သွားနိုင်ခြေရှိပြီး ကူးစက်နိုင်ခြေ များတယ်ဆိုတာကိုလည်း သတိပေးခဲ့ပါ တယ်။ ဒါပေမဲ့လည်း တချို့ကပေါ့ဆပြီး စည်းကမ်းမလိုက်နာခဲ့ဘူးလို့ ယူဆပါ တယ်။ ဒါကြောင့် ရောဂါကူးစက်မှုတွေက အစုအဝေးလိုက်ဖြစ်နေတယ်လို့ ယူဆပါ တယ်။

စစ်တွေမှာဆိုရင် ရောဂါပျောက်ကင်းပြီး ဆေးရုံကဆင်းသူ ၁၀၀ လောက်ရှိပြီဆိုတော့ ကိုယ် ခံအားကောင်းမွန်မှုနဲ့ကော ဆိုင်ပါသလား။
ရခိုင်ပြည်နယ် စစ်တွေဆေးရုံက လူ ဦးရေ ၁၀၀ လောက်က ဆေးရုံကဆင်းရ ပြီဆိုတော့ ဒါကသူတို့ရဲ့ကိုယ်ခံအား ကောင်းမွန်တာနဲ့လည်း သက်ဆိုင်မယ်။ ပြီးတော့ သူတို့ရဲ့အခြေခံရောဂါတွေ မရှိ ကြတာကြောင့်လည်း ပါတာကြောင့် ရောဂါ မြန်မြန်သက်သာလာပြီးတော့ ဆေးရုံက အမြန်ဆုံးပေးဆင်းလို့ရတဲ့အခြေအ နေတစ်ခုပါ။ သူတို့ရဲ့ စားသောက်နေထိုင် မှုပုံစံနဲ့လည်း ဆိုင်ပါတယ်။ တချို့တွေက လည်း အရက်အလွန်အကျွံသောက်တာ၊ ဆေးလိပ်သောက်တာတွေ၊ အခြေခံ ရောဂါ သွေးတိုး၊ ဆီးချို၊ နှလုံးရောဂါ ရှိတဲ့သူတွေကတော့ ပြင်းထန်တဲ့ရောဂါ လက္ခဏာတစ်ရပ်ကို ပိုပြီးခံစားရပါတယ်။ အခုလို ၁၀၀ ကျော်လောက် ဆေးရုံက ဆင်းရတယ်ဆိုတာက သတင်းကောင်းပါ။

Covid ကာလမှာ ကိုယ်ခံအားကောင်းအောင် ပြည်သူတွေအနေနဲ့ ဘယ်လိုအစားအသောက် တွေကို ပိုပြီးစားသုံးသင့်ပါသလဲ။
ပုံမှန်စားသောက်နေကျ အစားအသောက်တွေ ထမင်းစားမယ်၊ အသီးအနှံလေးတွေ၊ အသား၊ ငါးလေးတွေ ပြည့်စုံအောင် စားဖို့လိုပါတယ်။ ဥပမာ-ဗီတာ မင်စီကြွယ်ဝတဲ့အစားအသောက်တွေကို ပိုပြီးစားပေးရင် ကောင်းမွန်ပါတယ်။ အ စားအသောက်ကိုလည်း ကျန်းမာရေးနဲ့ ညီညွတ်အောင်စား၊ အိပ်ရေးဝဝအိပ်၊ စိတ်ညစ်စရာတွေ၊ စိတ်ဖိစီးမှုများတာတွေ ကို တတ်နိုင်သလောက် လျှော့ချဖို့ လို တယ်။ ဒါတွေအပြင် အရက်သေစာ သောက်စားတာတွေ၊ ဆေးလိပ်သောက် တာတွေကို တတ်နိုင်သလောက် လျှော့ဖို့ လိုအပ်ပါတယ်။ ကိုယ်လက်လှုပ်ရှားအား ကစားကိုလည်း အမြဲတမ်းပုံမှန် တစ်နေ့ ကို နာရီဝက်လောက်လုပ်ဖို့ လိုပါတယ်။ ဒီလိုပုံမှန်လေးဆောင်ရွက်ပေးရင် ကိုယ် ခံအားက ကောင်းမွန်နေမှာဖြစ်ပါတယ်။

ဆရာ့အနေနဲ့ ဘာများဖြည့်စွက်ပြောချင်ပါသလဲ။
ပြည်သူတွေရဲ့စုပေါင်းအင်အား တစ်ခုနဲ့ စနစ်တကျစည်းကမ်းလိုက်နာ လိုက်ရင် မကြာသော ရက်ကာလအတွင်း မှာ မြင့်မားနေတဲ့ကူးစက်မှုနှုန်းဟာ ပြန် ကျသွားမယ်လို့ ယူဆပါတယ်။ ဒါကြောင့် တစ်နိုင်ငံလုံးက မိဘပြည်သူတွေ၊ တိုင်း ရင်းသားပြည်သူအပေါင်းက ကျန်းမာရေး နဲ့အားကစားဝန်ကြီးဌာနက ထုတ်ပြန် ထားတဲ့ အသိပေးချက်တွေ၊ သတိပေး ချက်တွေကို တစ်ဦးချင်းစီက လိုက်နာ ကျင့်သုံးပြီး ကာကွယ်ကြပါလို့ တိုက်တွန်း လိုပါတယ်။

ဒေါက်တာကျော်စွာဦး (အထွေထွေရောဂါကုဆရာဝန်)

Post Author: Good Health Journal