တညင်းသီးနှင့် ကျန်းမာရေး

ဇီဝကတို့လို ပြည်သူလူထုတွေနဲ့ ရှေ့ဆုံးက ထိတွေ့နေရတဲ့ အထွေထွေရောဂါကု ဆရာဝန်တွေအတွက် ကွာရန် တင်းဝင်ရမယ့် သတ်မှတ်ချက်က ရေရေ ရာရာမသိတဲ့အတွက် ဇီဝကတစ်ယောက် လည်း တော်ရုံ လူနာသစ်တွေမကြည့်ဖြစ် တော့ဘဲ လူနာဟောင်းတွေအတွက် Tele-consultation နဲ့ ကုသမှုပေးဖို့ ဗီဒီယို call ခေါ်နိုင်တဲ့ ဆေးခန်းဖုန်းနံပါတ်တွေပေး ထားပြီး ကုသနေတာတောင် ရက်သတ္တ ပတ် အတော်ကြာခဲ့ပြီ။ တစ်နေ့ ဆီးချိုသွေး ချိုလူနာတစ်ယောက်အိမ်မှ ဖုန်းခေါ်လာ တယ်။

ဒေါ်ပြုံးသန်း ။ ။ ဆရာရေ ဒီနေ့ ရက် ချိန်းမို့ ခေါ်လိုက်တာပါ။
ဇီဝက ။ ။ ဆီးချိုဖောက်ထားတာ ကောင်းရဲ့လား ဒေါ်ပြုံးသန်း။

ဒေါ်ပြုံးသန်း ။ ။ ကောင်းပါတယ်ဆ ရာ။ မစားခင် မနက်စောစော ဖောက်ထား တာ ၉၀-၁၀၀ လောက်ပဲဆရာ။
ဇီဝက ။ ။ ထုံနာကျဉ်နာတို့၊ အနာဖြစ် တာတို့ ရှိသေးလား။

ဒေါ်ပြုံးသန်း ။ ။ မရှိပါဘူး ဆရာ။
ဇီဝက ။ ။ တခြား ထူးထူးခြားခြား ဘာ ဖြစ်သေးလဲ ဒေါ်ပြုံးသန်း။

ဒေါ်ပြုံးသန်း ။ ။ မဖြစ်ပါဘူး ဆရာ။
ဇီဝက ။ ။ ဒါဆို မက်ဖော်မင်ပဲ တစ်နေ့ သုံးကြိမ် ဆက်သောက်ထားမယ်။ အားတဲ့ အချိန် အိမ်သားတစ်ယောက်လွှတ်ပြီး ဆေးလာယူခိုင်းလိုက်ပေါ့၊ လိုအပ်တဲ့ဆေး တွေလည်း ထည့်ပေးလိုက်မယ်၊ ဟုတ်ပြီ လား။

ဒေါ်ပြုံးသန်း ။ ။ ဟုတ်ကဲ့ဆရာ။ ည နေမှ သမီးကို လွှတ်လိုက်မယ်။ ဒါနဲ့လေ ကျွန်မ တညင်းသီးစားလို့ရမလားဆရာ။ တည့်ကော တည့်သလားလို့ သိချင်လို့ပါ။
ဇီဝက ။ ။ တညင်းသီးက စားလို့တော့ ရပါတယ်။ တည့်သလားဆိုတာကတော့ တန်ဆေး လွန်ဘေးပေါ့။ တစ်နေ့ တစ်လုံး၊ နှစ်လုံးက ဘာမှမဖြစ်ပေမယ့် ဒီထက်များ လာရင်တော့ မကောင်းဘူးပေါ့။ ဒီလို သြ ဂုတ်လကနေ အောက်တိုဘာလအထိက တညင်းသီးတွေ လှိုင်လှိုင်ပေါတဲ့ရာသီဆို တော့ လူတွေက စားကြပြီလေ။

ဒေါ်ပြုံးသန်း ။ ။ ဟုတ်တယ်ဆရာ။ ကျွန်မ အရင်ကဆို တညင်းသီး အရမ်းကြိုက်တာ။
ဇီဝက ။ ။ ဟုတ်တယ် ဒေါ်ပြုံးသန်း ရေ။ တညင်းသီးကို ကျွန်တော်တို့ မြန်မာ လူမျိုးတွေတင် ကြိုက်ကြတာ မဟုတ်ပါ ဘူး၊ ထိုင်း မလေးရှားနဲ့ အင်ဒိုနီးရှားကလူ
တွေလည်း ကြိုက်ကြတယ်။ တညင်းသီး ကို ဘိုလိုတော့ Djenkol bean ၊ Stink bean ရယ်လို့ ခေါ်ကြတယ် ။

ဒေါ်ပြုံးသန်း ။ ။ ဟုတ်တယ်ဆရာရေ။
ဇီဝက ။ ။ တညင်းသီးဟာ ကြိုက်သူ တွေအတွက် စွဲမက်စရာပေါ့ဗျာ။ တညင်း သီးမှာ အဓိကပါတာက Amino Acid လို့ခေါ်တဲ့ Protein အသားဓာတ်တွေပေါ့။ စုစုပေါင်း Amino Acid 18 မျိုး ပါဝင် တယ်ဆိုကြတယ်။ အထူးသဖြင့် အပင် တွေမှာပါဝင်လေ့ရှိတဲ့ Amino Acid မျိုး မဟုတ်ဘဲ အသား၊ ငါးတွေမှာမှ ပါဝင် လေ့ရှိတဲ့ Amino Acid တွေဖြစ်နေတာ ထူးထူးခြားခြား တွေ့ရတယ်။ ဥပမာ Sulphur ပါဝင်တဲ့ Cysteine တို့ Methionine တို့လို ဖြစ်ပါတယ်။ ဆိုလိုတာက ဒီ ဓာတ်တွေပါဝင်တဲ့အတွက် တညင်းသီး စားရတဲ့ အရသာဟာ အသားစားရသလို ဖြစ်နေတာပေါ့။ နူးညံ့ပျော့ပျောင်းပြီး အ ရသာထူးကဲနေတာပေါ့။ တညင်းသီးကို မီးဖုတ်လိုက်ရင် အသားကင်လိုပဲ သူ့အနံ့ က ဆွဲဆောင်မှု ရှိတယ်။ စားပြီးရင်တော့ ဒီဆာလ်ဖာဓာတ်တွေ ပြိုကွဲရာကနေထွက် လာတဲ့ အနံ့ကတော့ အတော်ဆိုးသဗျ။စကားပြောရင်ပဲဖြစ်ဖြစ်၊ ဝမ်းသွားရင်ပဲ ဖြစ်ဖြစ်၊ ဆီးသွားရင်ပဲဖြစ်ဖြစ် တညင်း သီးနံ့အတော်ထွက်တာဗျ။ ဒါကြောင့် တချို့ လူတွေ မကြိုက်ကြတာလေ။

ဒေါ်ပြုံးသန်း ။ ။ ဟုတ်တယ်ဆရာ။ သ မီးငယ်ဆို ကျွန်မကို အမြဲပြောတာ။
ဇီဝက ။ ။ ပြီးတော့ တညင်းသီးရဲ့ အာဟာရတန်ဖိုးကိုလည်း သိထားသင့် တယ်ဗျ။ အာဟာရတန်ဖိုးအရဆိုရင် တ ညင်းသီး ၁၀၀ ဂရမ်မှာ ကာဗိုဟိုက်ဒရိတ် (ကစီဓာတ်) ၂၅.၆၇ ဂရမ်၊ ပရိုတင်း အ သားဓာတ် ၁၄.၁၉ ဂရမ်၊ အမျှင်ဓာတ် ၁.၇၆ ဂရမ်၊ အဆီဓာတ် ၁.၄၅ ဂရမ်ပါပါတယ်။ ဒါပေမဲ့ တညင်းသီးမှာ ဗီတာမင်ဓာတ်တွေ တော့ မပါပါဘူး။

ဒေါ်ပြုံးသန်း ။ ။ တညင်းသီးစားပြီးရင် လေ ကိုယ်လက်တွေ မအီမသာနဲ့အကြော တက်သလို ဖြစ်တယ်နော် ဆရာ။
ဇီဝက ။ ။ ဟုတ်ပါတယ်။ တညင်းသီး စားတဲ့သူတိုင်းတော့ မဟုတ်ပေမယ့် တ ချို့တွေမှာ ခေါင်းကသိပ်မကြည်ဘဲ ငြီး စီစီနဲ့ အကြောတွေ တောင့်ပြီး တက်တဲ့ လက္ခဏာတွေ ခံစားရတတ်တယ်။ ဒီလို ငြီးစီစီဖြစ်တာဟာ တညင်းသီးမှာပါတဲ့ ဓာတ်တစ်မျိုးဖြစ်တဲ့ Gamma Amino-butyric Acid ကြောင့်လို့ ဆိုကြတယ်။ ဒီဓာတ်ဟာ လူသားတွေရဲ့ ဦးနှောက်လုပ် ငန်းဆောင်တာကို နှေးကွေးစေပြီး လေး လံထှိုင်းမှိုင်းတာတွေ ဖြစ်စေတာလို့ ပြော ကြတယ်။

ဒေါ်ပြုံးသန်း ။ ။ တညင်းသီးစားရင် ကျောက်ကပ်ထိတယ် ပြောကြတယ်ဆ ရာ။ အဲဒါကော ဟုတ်သလားဆရာ။ ဘာ ကြောင့်များလဲဆရာ။
ဇီဝက ။ ။ တညင်းသီးမှာပါဝင်တဲ့ ပစ္စည်းတစ်မျိုးဖြစ်တဲ့ Djenkolic acid ဟာ ကျောက်ကပ်ကနေ ပြန်စွန့်ထုတ်တဲ့ အခါ အနည်ကျပြီး Crystal ပုံဆောင်ခဲ လေးတွေအဖြစ် ပြောင်းသွားကြတယ်။ တ ချို့ဆိုရင် အပ်ချောင်းပုံစံ ပုံဆောင်ခဲလေး တွေ ဖြစ်သွားကြတယ်။ ဒီအပ်ချောင်းပုံ လေးတွေဟာ ကျောက်ကပ်ရဲ့ Glomerulus နဲ့ Tubule လို့ခေါ်တဲ့ ဆီးပြွန် ငယ်လေးတွေထဲမှာ သွားပိတ်တာကို တွေ့ရတယ်။ အပ်ချောင်းပုံတွေကထိုးလို့ သွေးကြောလေးတွေ ပေါက်ပြီး သွေးတွေ ထွက်လာပြီး ဆီးသွားတဲ့အခါ သွေးပါလာ မယ်။ နောက်ဆုံးဆီးလုံးဝသွားမရဘူး ဖြစ်လာမယ်။ အဲဒီအခါမှာ ကျောက်ကပ် နှစ်ခုစလုံးဟာ ဆီးမထွက်နိုင်လို့ တင်းလာ ပြီး မခံမရပ်နိုင်အောင် နာကျင်လာပါမယ်။ သွေးထဲမှာ Urea နဲ့ တခြားဓာတ်ပစ္စည်း တွေ အဆိပ်အတောက်တွေပါ များလာမယ်။ ဒါကို ရုတ်တရက်ကျောက်ကပ်ပျက်စီးတာ လို့ ခေါ်ပါတယ်။ ဆေးရုံကို အချိန်မီတက် ရောက် ကုသမှုမခံရင် အသက်ဆုံးရှုံးနိုင် တဲ့အထိ ကြောက်ရပါတယ်။

ဒေါ်ပြုံးသန်း ။ ။ အတော်ကြောက်ဖို့ ကောင်းတာပဲနော် ဆရာ။
ဇီဝက ။ ။ ဒါကြောင့် တန်ဆေးလွန် ဘေးလို့ ပြောရတာပေါ့။ လေ့လာချက် တစ်ခုမှာဆို တညင်းသီး ၁၈ လုံးလောက် တစ်ခါတည်း စားလိုက်တာ။ စားပြီး နှစ် နာရီကနေ ၁၂ နာရီအတွင်းမှာ တညင်း သီး အဆိပ်သင့်ပါလေရော။

ဒေါ်ပြုံးသန်း ။ ။ တညင်းသီး အဆိပ် သင့်မှန်း ဘယ်လိုသိနိုင်သလဲ ဆရာ။
ဇီဝက ။ ။ ပျို့မယ်၊ အန်မယ်၊ ဗိုက် အောင့်မယ်ဗျာ။ ခုနကပြောသလို တ ညင်းသီးစားလို့တက်တဲ့ လက္ခဏာတွေ လည်း ရှိနိုင်တယ်ဗျာ။ အဓိကက ရုတ်တ ရက်ကျောက်ကပ်ပျက်စီးပြီး အလုပ်မလုပ် တော့ဘဲ ဆီးသွားရင် သွေးပါမယ်။ ဆီးသွားနည်းလာမယ်ဗျာ။ ဆီးဆိပ်တက် ပြီး လူနာက သတိမကောင်းတာတွေ ဖြစ် လာမယ်။ ရုတ်တရက် မောလာ၊ ဖောလာ မယ်။

ဒေါ်ပြုံးသန်း ။ ။ အမလေး … ကြောက် စရာကြီး။ စားတောင် မစားရဲတော့ဘူး။
ဇီဝက ။ ။ မစားတာတော့ အကောင်း ဆုံးပေါ့။ စားချင်ရင်လည်း အလွန်အကျွံ မစားနဲ့။ သတိထားပြီး စားရမယ်ဗျာ့။

ဒေါ်ပြုံးသန်း ။ ။ တညင်းသီးကို အဆိပ်အ တောက်နည်းအောင် လုပ်လို့ရလားဆရာ။
ဇီဝက ။ ။ နည်းတွေတော့ ရှိတာပေါ့။ တညင်းသီး ၁၀၀ ဂရမ်တစ်လုံးမှာ Djenkolic acid ဟာ ၀.၃ ဂရမ်ကနေ ၁.၃ ဂရမ်အထိ ပါတတ်တယ်။ ပြီးတော့ ဒီ Djenkolic အဆိပ်ဟာ ရေမှာ ၀.၅ ရာ ခိုင်နှုန်းသာ ပျော်ဝင်နိုင်လို့ ရေနဲ့ပြုတ်တဲ့ အခါ တစ်ကြိမ်တည်းပြုတ်ရုံနဲ့ မလုံလောက် ဘူး။ အနည်းဆုံး သုံးကြိမ်မှငါးကြိမ်အထိ ရေများများနဲ့ ပြုတ်ရမှာ။ ပြုတ်ပြီးတဲ့ရေ တွေကိုလည်း သွန်ပစ်၊ ပြီးမှ ရေအသစ်နဲ့ ထပ်ပြုတ်။ ဒီလို မကြာခဏရေလဲပြီး သွန်ပေး၊ ပြုတ်ထားရင်တော့ အဆိပ်အ တောက်တွေ နည်းနိုင်သလောက်တော့ နည်းတယ်လို့ ဆိုတယ်။

ဒေါ်ပြုံးသန်း ။ ။ တညင်းသီး မီးဖုတ် စားတာတွေကကော ကောင်းသလား ဆရာ။
ဇီဝက ။ ။ မီးဖုတ်စားရင်တော့ အ ဆိပ်တွေဟာ ဓာတ်လည်း မပြယ်ပါဘူး၊ ၁၀၀ ရာခိုင်နှုန်း ခန္ဓာကိုယ်ထဲ ရောက်ပြီး ဒုက္ခပေးတတ်ပါတယ်။

ဒေါ်ပြုံးသန်း ။ ။ တညင်းသီး ဆားရည် စိမ်ကျတော့ကော ဆရာ။
ဇီဝက ။ ။ တညင်းသီးအဆိပ်ဟာ ဆားရည်မှာ အလွယ်တကူပျော်ဝင်ပါ တယ်။ ဆားရည်ပြင်းအားများလေ ပျော် ဝင်မှုများလေ ဖြစ်ပါတယ်။ သိပ္ပံနည်းကျ ပြောရရင် pH များလေလေ၊ ပျော်ဝင်မှု Solubility များလေလေ ဖြစ်ပါတယ်။ ဒါကြောင့် ဆားရည်မှာ ကြာကြာစိမ် ထားပြီးတဲ့ အသီးကို စားရင်တော့ အဆိပ် တွေ လျော့နည်းနိုင်ပါတယ်။

ဒေါ်ပြုံးသန်း ။ ။ စကားလည်း ကောင်း နေလိုက်တာ အချိန်လည်း ပြည့်သွားပြီနဲ့ တူတယ်။ ဆေးယူဖို့ ညနေမှ သမီးကို လွှတ်လိုက်မယ်နော်။ ကျေးဇူးတင် ပါတယ် ဆရာ။
ဇီဝက ။ ။ ရပါတယ်ဗျာ။ ဒေါ်ပြုံးသန်း တညင်းသီးစားရင်တော့ အသိ သတိလေး နဲ့သာ စားနော်။

ဒေါ်ပြုံးသန်း ။ ။ ဟုတ်ကဲ့ပါ ဆရာ။

ခေတ်သစ်ဇီဝက

Post Author: Good Health Journal