ဆေးကြောင့် ဓာတ်မတည့်ဖြစ်တဲ့အခါ အရေပြားမှာ ဘယ်လိုပြဿနာတွေ ဖြစ်လာနိုင်လဲ

သောက်သုံးလိုက်တဲ့ ဆေးဝါးတွေနဲ့ ဓာတ်မ တည့်မှုတွေဖြစ်တဲ့အခါ အရေပြားမှာ ဘယ် လိုလက္ခဏာမျိုးတွေ ဖြစ်ပွားတတ်ပါသလဲ ဆရာ။
ဆေးနဲ့ဓာတ်မတည့်တဲ့အခါမျိုးမှာ အရေပြားမှာ ဦးစွာ ရောဂါလက္ခဏာတွေ ဖြစ်ပေါ်ကြတာ များပါတယ်။ မျိုးစုံပါပဲ။ အရေပြားမှာ ဘာအကွက်၊ ဘာအဖု၊ ဘာအပြင်မှ မပေါ်ဘဲနဲ့လည်း ယားချင် ယားလာတာမျိုးပါ။ များသောအားဖြင့် တော့ မိတ်လိုလို၊ ဝက်သက်ပေါက်တဲ့ အခါ ထွက်လာတဲ့အဖုအပြင်လိုလို ယားဖုတွေ ထွက်လာတတ်တာပါပဲ။ ဆေး ပညာမှာတော့ Morbilliform Rashes လို့ ခေါ်ပါတယ်။ ဝက်သက်နဲ့ ဆင်တူတဲ့ အဖုအပြင်တွေပေါ့။ အလွန်ယားပါတယ်။
တချို့ကျတော့ အင်ပျဉ်အကွက် တွေ အစုလိုက် အဝေးလိုက်ပေါ့။ သိပ် ပြင်းထန်တဲ့ ဓာတ်မတည့်မှုမျိုးမှာတော့ အရေပြားဟာ အတော်ကို ထိခိုက်ခံရပါ တယ်။ အပေါ်ယံ အရေခွံတွေ လန်ထွက် သွားတာ၊ အချပ်လိုက် ကွာကျသွားတာ၊ အကြေးခွံတွေ ထွက်လာတာ စတာတွေ ဆိုးဆိုးရွားရွား ဖြစ်သွားနိုင်ပါတယ်။ စတီ ဗင်ဂျွန်ဆင်ရောဂါစု (Stevens Johnson Syndrome) ဆိုတဲ့ အလွန်ကြောက် စရာကောင်းတဲ့ ဆိုးကျိုးပါ။

အရေပြားအပြင် ခန္ဓာကိုယ်ရဲ့ တခြားနေရာ တွေမှာကော ဘာတွေဖြစ်လာနိုင်ပါသေးလဲ ဆရာ။
တစ်ကိုယ်လုံးရှိ အရေပြား၊ မျက်စိ၊ နှာခေါင်း၊ ပါးစပ် စတဲ့ ဒွါရပေါက်တွေတင် မကဘူး၊ အသည်းတို့၊ သွေးတို့ပါ ထိခိုက် ပြီး အသက်ပါ ရန်ရှာတဲ့ ဆေးမတည့်ခြင်း မျိုးပါ။ ကျွန်တော်တို့ နိုင်ငံက အထင်ကရ ဆရာဝန်ကြီးတစ်ဦးဟာ ဆာလဖာအုပ်စု ဝင် သောက်ဆေးလေး သောက်လိုက်တာ နဲ့ အဲဒီစတီဗင်ဂျွန်ဆင် ပြဿနာကြုံပြီး အသက်ဆုံးရှုံးခဲ့ရတဲ့ အဖြစ်ဆိုးမျိုး ရှိခဲ့ ဖူးပါတယ်။
တချို့ကျတော့ အရေပြားနဲ့ အရေ ပြားအောက်မှာ ရောင်ကိုင်းပြီး နှုတ်ခမ်း၊ မျက်ခွံ၊ မျက်နှာ စတဲ့နေရာတွေမှာ ထူ အမ်းအမ်းနဲ့ ဖူးရောင်သွားတာမျိုး ကြုံရ တတ်ပါတယ်။ Angioedema လို့ ခေါ် တဲ့ ဆိုးကျိုးပါ။ ဒါ့အပြင် လေမျိုပြွန်တွေမှာ ရောင်ပြီး အသက်ရှူကျပ်လာတာ ကြုံရ နိုင်တာမို့ အန္တရာယ်များပါတယ်။ ပြောရ ရင် အသက်ရှူလမ်းကြောင်း ပိတ်သွားပြီး သေနိုင်ပါတယ်။

ဆေးဝါးနဲ့ ဓာတ်မတည့်တာကြောင့် ဝက်ခြံ တွေ ပိုပြီး ထွက်လာတာ၊ ဝက်ခြံတွေ ပိုဆိုး သွားတာမျိုးကော ဖြစ်တတ်ပါသလား ဆရာ။
ဆေးနဲ့ ဓာတ်မတည့်ရင် အရေပြား မှာ ကြုံလာနိုင်တဲ့ ပြဿနာပေါင်းကတော့ သောင်းခြောက်ထောင်ပေါ့။ စောစောက ပြောခဲ့တဲ့ ပြဿနာတွေအပြင် တခြားကြုံ တွေ့လာနိုင်တဲ့ ကိစ္စတွေလည်း အများ ကြီးကို ရှိပါသေးတယ်။ တချို့ဆို ဆေးနဲ့ ဓာတ်မတည့်လို့ ဝက်ခြံတွေ ပိုပြီးပေါက် လာတာရှိပြီး တချို့လည်း ဝက်ခြံတွေ ပိုဆိုးသွားတာမျိုးပေါ့။ ဆေးတွေကြောင့် ရုတ်တရက် ဝက်ခြံပေါက်လာတာမို့ ဆေး ဝက်ခြံပေါ့။ (ဥပမာ ဟော်မုန်းဆေးတွေ) အိုဆိုနီယာစစ် (Isoniazid) ဆိုတဲ့ တီ ဘီဆေးတွေ သောက်ခဲ့ရင်လည်း ဆေး ဝက်ခြံအဖုတွေ အပြင်လိုက်၊ အခဲလိုက် ကို စုပြုံထွက်လာပါလေရော။

ဓာတ်မတည့်တာကြောင့် သွေးကြောတွေအ ပေါ်မှာကော ဘယ်လိုထိခိုက်မှုတွေ ဖြစ်လာ နိုင်ပါသလဲဆရာ။
ရှားရှားပါးပါး အရေပြားထဲက သွေး ကြောလေးတွေလည်း ဆေးနဲ့ ဓာတ်မ တည့်တဲ့အခါ ပေါက်ကွဲထွက်သွားတတ်ပါ တယ်။ နောက်ပြီး သွေးဥမွှားလေးတွေကို လည်း ထိခိုက်တတ်ပါတယ်။ အဲဒီအခါမှာ အရေပြားမှာ သွေးနီကွက်၊ သွေးခြည်ဥ ကွက်၊ အနီစက် စတာတွေ ပေါ်လာတတ် ပါတယ်။ များသောအားဖြင့် တင်ပါးနဲ့ ခြေ ထောက်နှစ်ဖက်မှာ သိသိသာသာ ဖြစ်ပေါ် လာလေ့ရှိပါတယ်။ တချို့တွေကတော့ ဆေးနဲ့ ဓာတ်မတည့်လို့ အရေပြားပေါ် အရည်ကြည်ဖုလေးတွေနဲ့ မီးလောင်ဖု တွေလိုမျိုးလည်း ပေါက်လာတတ်ပါ တယ်။ ပိုးသတ်ဆေး တချို့နဲ့ အကိုက်အ ခဲပျောက်ဆေး တချို့ဟာ အဲဒီလိုမျိုး ပြဿနာတွေ ဖြစ်လာစေပါတယ်။

တချို့တွေက ဆေးသောက်လို့ အသားတွေ မည်းလာတယ်ဆိုပြီး ပြောတတ်ကြပါတယ်။ ဆေးနဲ့ ဓာတ်မတည့်တာမျိုးလားဆရာ။
ဆေးတွေ သောက်နေတုန်း အသား တွေ ရင့်လာတာမျိုး၊ မည်းလာတာမျိုး တွေ့ဖူး၊ ကြုံဖူးကြမှာ။ အဲဒါလည်း ဆေးမတည့်တာ တစ်မျိုးပါပဲ။ ဥပမာ ငှက်ဖျားဆေးတွေ သောက်လို့ အသား တွေ ရင့်လာတာ၊ မီနိုဆိုက်ကလင်း (Minocycline) ဆိုတဲ့ ဝက်ခြံကုသရာ မှာ သုံးတဲ့ဆေးမျိုးသောက်ပြီးတော့ အ သားအရေ ရင့်မှောင်လာတာ စတာတွေ ကြုံရတတ်ပါတယ်။
Fixed Drug Eruption လို့ အ မည်ပေးထားတဲ့ နေရာပုံသေဆေးနဲ့ ဓာတ်မတည့်တာမှာလည်း အသားအရေ က ကွက်ပြီး မည်းပြာသွားတတ်ပါတယ်။ နေရာပုံသေဆိုတာ ဓာတ်မတည့်တဲ့ဆေး (ဥပမာ – ဝမ်းနုတ်ဆေး၊ ဆာလဖာ၊ အ ကိုက်အခဲပျောက်ဆေး၊ တက်ထရာ စသ ဖြင့်) တစ်မျိုးမျိုးကို သောက်မိတိုင်း အရင်ဓာတ်မတည့် ဖြစ်ခဲ့ဖူးတဲ့နေရာမှာပဲ အရေပြားဟာ ရောင်ရမ်း၊ အရောင် ပြောင်းပြီး မည်းကျန်နေတာမျိုးပါ။ ဥပမာ ဆေးတစ်ခုသောက်လိုက်လို့ အောက် နှုတ်ခမ်းနေရာမှာ ကွက်ပြီး မည်းနေခဲ့ရင် နောက်ထပ် အဲဒီဆေးကို ထပ်ပြီး သောက် တိုင်း သောက်တိုင်းမှာ အဲဒီ အောက် နှုတ်ခမ်းနေရာဟောင်းမှာပဲ ပြန်ပြန်ပြီး မည်းစေတဲ့ ဓာတ်မတည့်မှုမျိုးပါ။

သောက်လိုက်တဲ့ဆေးနဲ့ ဓာတ်မတည့်တာ ကြောင့် ဦးရေပြားနဲ့ ဆံပင်ကိုလည်း ထိခိုက် တာမျိုးကော ဖြစ်နိုင်ပါသေးလားဆရာ။
ဆေးနဲ့ ဓာတ်မတည့်လို့ အရေပြား မှာတင် ပြဿနာတွေ တသီတတန်းကြီး ဖြစ်စေတာ မဟုတ်ပါဘူး။ ဆံပင်တွေကို လည်း ထိခိုက်နိုင်ပါသေးတယ်။ ပြောရ ရင် ဆေးတွေနဲ့ ဓာတ်မတည့်တာကြောင့် ဆံပင်တွေ ကျွတ်ကုန်တာပါ။ တချို့ဆေး ဝါးတွေက ဆံပင်ရဲ့ဖွံ့ဖြိုးမှုအဆင့် (An-agen Phase) မှာတင် ကျွတ်သွားစေ ပေမယ့် တချို့ဆေးဝါးတွေကတော့ ဆံပင်တွေ ဖွံ့ဖြိုးမှုမရှိတော့ဘဲ နားတဲ့အ ဆင့် (Telogen Phase) မှာ ကျွတ်သွား စေတာပါ။
ကင်ဆာကုတဲ့ဆေးတွေဆိုရင် ကင် ဆာကလာပ်စည်းတွေကို သေစေရုံသာ မကဘဲ ဆံပင်ကို မွေးထုတ်ပေးတဲ့ မက် ထရစ် (Matrix) ကလာပ်စည်းတွေ ကိုပါ ဖျက်ဆီးလိုက်တော့ ဆံပင်တွေဟာ အထွေးလိုက်ကို ကျွတ်ကုန်တော့တာပါ။ ဆံပင်တင် မဟုတ်ဘူး။ မျက်ခုံးမွေး၊ မျက် တောင်မွေးတွေပါ လုံးပါးပါးပြီး ပြောင် သွားနိုင်ပါတယ်။
နားနေတဲ့အဆင့်မှာ ဆံပင်တွေကို ကျွတ်နိုင်တဲ့ ဆေးတွေကလည်း တကယ့် ကို အများကြီးရှိပါတယ်။ ဆံပင်တွေ နေ့စဉ် ပုံမှန်ကျွတ်နေကျထက် ပိုပြီးကျွတ် ကျနေပြီဆိုရင် ကိုယ်သုံးစွဲတဲ့ ဆေးတွေနဲ့ ပတ်သက်မှုရှိ၊ မရှိ စဉ်းစားရမှာပါ။ ဝက်ခြံ ကုသတဲ့ဆေးတွေ၊ ပိုးသတ်ဆေးတွေ၊ မှိုသတ်ဆေးတွေ၊ ကိုယ်ဝန်တားဆေး တွေ၊ အဆီကျဆေးတွေ၊ သွေးကျဲဆေး တွေ၊ သွေးကျဆေးတွေ၊ အတက်ကျဆေး တွေ၊ အကိုက်အခဲပျောက်ဆေးတွေ၊ သိုင်းရွိုက် ဟော်မုန်းဆေးတွေ စတဲ့ ဆံ ပင်ကျွတ်စေတဲ့ ဆေးဝါးတွေ တကယ့်ကို အများကြီးရှိပါတယ်။

ဒေါက်တာဦးကျော်ကျော် (အရေပြားအထူးကုဆရာဝန်ကြီး)

Post Author: Good Health Journal