ဗောက်တွေထနေလို့ ခေါင်းယားတာက ခံရခက်တဲ့ ပြဿနာပါ။
ဆံပင်ပေါ်မှာ ဗောက်တွေနဲ့ဆို လူကြားထဲသွားရင်လည်း ဗောက်
တွေများ ဆံပင်မှာမြင်နေရမလားဆိုတဲ့ အတွေးတွေနဲ့ ကိုယ့်ကိုယ်
ကိုယ် ယုံကြည်မှုရှိမှာ မဟုတ်တော့ပါဘူး။ ဒါကြောင့် ဒီတစ်ပတ်မှာ
ဗောက်ထတာပျောက်စေတဲ့ ခေါင်းလျှော်ရည်ပြုလုပ်နည်းကို ဖော်ပြ
ပေးလိုက်ပါတယ်။
..
ဂလစ်ဆရင်းဟာ ဆံသားကို အစိုဓာတ်ပေးနိုင်ပြီး
ဦးခေါင်းယားယံတာကို သက်သာစေပါတယ်။ ဗောက်ကင်းစင်ကာ
ဆံပင်နှစ်ခွဖြစ်တာကိုလည်း ကူညီပေးပါတယ်။
ပျက်စီးနေတဲ့ဆံသားတွေကို ပြန်လည်ပြုပြင်ပေးပြီး ဆံသားကို
နူးညံ့စေနိုင်စွမ်းလည်း ရှိပါတယ်။
Jojoba oil က သူ့မှာပါဝင်တဲ့ များစွာသော ဗီတာမင် စီ၊ ဗီတာမင် ဘီ၊
ဗီတာမင် အီးနဲ့ ဇင့်လိုမျိုး ဗီတာမင်နဲ့ သတ္တုဓာတ်တွေကြောင့် ဆံသား
ခြောက်သွေ့တာ၊ ကျိုးပဲ့ပျက်စီးတာ၊ ဆံပင်နှစ်ခွဖြစ်တာတွေကို
သက်သာစေပြီး ဗောက်ထလို့ ယားယံတာကနေလည်း
ကာကွယ်ပေးနိုင်ပါတယ်။ ဒါ့အပြင်
ဆံပင်ကျွတ်တာတွေအတွက်လည်း ကူညီပေးနိုင်ပါတယ်။
Tea Tree Oil ကလည်း ဗောက်ထတာကို ကုသပေးနိုင်ပြီး
ဆံပင်သန်စွမ်းစေနိုင်ပါတယ်။ ဦးရေပြားအတွင်းက
မွေးညင်းပေါက်တွေကို သန့်စင်ပေးနိုင်တာ၊ ဘက်တီးရီးယား၊ မှိုပိုးနဲ့
မမြင်နိုင်တဲ့ပိုးမွှားတွေကို သေစေတာ၊ ဦးရေပြားကို
ချောမွေ့စေတာနဲ့ အစိုဓာတ်ထိန်းပေးနိုင်တဲ့ဦးရေပြားဂလင်းတွေကို
ထိန်းချုပ်ပေးတာလိုမျိုး အစွမ်းသတ္တိတွေရှိပါတယ်။
လိုအပ်တာတွေက
♦ Castile Soap ခွက်တစ်ခွက်ရဲ့ လေးပုံတစ်ပုံစာ (City Mart
များတွင် ၀ယ်ယူရရှိနိုင်)
♦ ရေသန့် ခွက်တစ်ဝက်စာ
♦ ဂလစ်ဆရင်း လက်ဖက်ရည်ဇွန်းတစ်ဇွန်းစာ
♦ Jojoba oil စားပွဲဇွန်း နှစ်ဇွန်းစာ
♦ Tea Tree oil အစက် ၂၀ ခန့်
ပြုလုပ်နည်း
♦ ပါဝင်ပစ္စည်းအားလုံးကို ရောစပ်ပါ။
♦ ပြီးရင် သင် သိမ်းဆည်းမယ့် ဘူးလွတ်ထဲကို ထည့်ပါ။
အသုံးပြုနည်း
♦ ခေါင်းမလျှော်ခင်မှာ ခေါင်းလျှော်ရည်ဘူးကို သေချာစွာ လှုပ်ပြီးမှ
အသုံးပြုပါ။
♦ ဦးရေပြားအနှံ့ခေါင်းလျှော်ရည်ကိုဆွတ်ပြီး ငါးမိနစ်ခန့် နှိပ်နယ်ပေးပါ။
♦ ငါးမိနစ်ခန့်ထားပြီး ခေါင်းလျှော်ချလိုက်ပါ။
♥ ဆူးမြာ ♥