ခေါင်းကိုက်စေနိုင်သော ဆံပင်ပုံစံများ

စိတ်ဖိစီးမှုများတာ၊ သွေးတိုးတာ၊ ထိခိုက်ဒဏ်ရာရတာ ဒါမှမဟုတ် အပူအအေးမညီမျှတာတွေကြောင့် ခေါင်းကိုက်နိုင်ပါတယ်။ သင် ရွေးချယ်တဲ့ ဆံပင်ပုံစံကလည်း သင့်ကို ခေါင်းကိုက်မှုဖြစ်စေနိုင်ပါတယ်။ တချို့ဆံပင်ပုံစံတွေက ဦးရေပြားပေါ်မှာ ဖိအားသက်ရောက်စေနိုင်တဲ့အတွက် ခေါင်းကိုက်ရတာဖြစ်ပါတယ်။ သင်ဟာ မကြာခဏ ခေါင်းကိုက်တတ်သူဖြစ်ရင်၊ ခေါင်းတစ်ခြမ်းကိုက်တတ်သူဖြစ်နေရင် အောက်ပါဆံပင်ပုံစံမျိုးကို ရှောင်ကြဉ်ရပါမယ်။

ပိုနီတေးဆံပင်စည်းထားခြင်း
သင်ရဲ့ ဆံပင်မွေးညင်းပေါက်နဲ့ ဦးရေပြား အောက်မှာ နာကျင်မှုဝေဒနာကို ခံစားနိုင်တဲ့ အာရုံ ကြောများစွာ ရှိပါတယ်။ ဆံပင်စည်းထားတာက အာရုံကြောများစွာက တင်းမာတဲ့ ခံစားမှုရရှိလာတာ ကြောင့် ခေါင်းကိုက်တာဖြစ်ပါတယ်။ ဒီ အခြေအနေ ကို Pony Tail Headache Syndrome လို့ ခေါ် ပါတယ်။

ခေါင်းပတ်စည်းထားခြင်း
ခေါင်းပတ်ကို တင်းတင်းကျပ်ကျပ် စည်းသူတွေ ကလည်း ခေါင်းကိုက်နိုင်ပါတယ်။ ဦးခေါင်းကို အပြင်ကနေ ဖိအားပေးတာကြောင့် ခေါင်းကိုက်တဲ့ အမျိုးအစားဖြစ်ပြီး နဖူးနဲ့ ဦးရေပြားကို ဆက်တိုက် ဖိထားနိုင်တဲ့ ခေါင်းပတ်အမျိုးအစား စည်းထား သူတွေမှာ ဖြစ်တတ်ပါတယ်။ ဒီခေါင်းပတ်ကို အချိန် အကြာကြီး စည်းထားသူတွေက ဆိုးဆိုးရွားရွား ခေါင်းကိုက်နိုင်ပါတယ်။

ကျစ်ဆံမြီး တင်းတင်းကျပ်ကျပ်ကျစ်ခြင်း
ကျစ်ဆံမြီး တင်းတင်းကျပ်ကျပ် ကျစ်ထားသူ တွေကလည်း ခေါင်းကိုက်နိုင်ပါတယ်။ Compression Headache လို့ ခေါ်ပါတယ်။ အတင်းဆွဲပြီး ကျစ်ထားတဲ့ ကျစ်ဆံမြီးကြောင့် ဦးရေပြားပေါ်မှာ ဖိအားပိုမိုသက်ရောက်ကာ ခေါင်းကိုက်တာတွေ အပြင် ဆံသားပျက်စီးမှုပါဖြစ်လာနိုင်ပါတယ်။ ဒီ ခေါင်းကိုက်မှုအမျိုးအစားဖြစ်ဖို့ တခြားအကြောင်း အရာတွေလည်း ရှိပါတယ်။ အထူးသဖြင့်အမျိုးသမီး တွေက ဓမ္မတာလာစဉ်မှာ ဦးရေပြားက ပိုပြီး Sensitive ဖြစ်တာကြောင့် ပိုမို ကိုက်ခဲနိုင်ပါတယ်။

ဆံပင်ဆက်ခြင်း
ဆံပင်တိုသူတွေက ဆံပင်ရှည်ချင်လို့ ဆံပင် ဆက်လိုက်တာကြောင့် နေ့ချင်းညချင်း ဆံပင်ရှည် လာပြီး လှပသွားကြပေမယ့် ခေါင်းကိုက်တဲ့ဝေဒနာကို တော့ ခံစားကြရပါလိမ့်မယ်။ ဆံပင်ဆက်ထားတဲ့ ဆံပင်အလေးချိန်ကြောင့် ဦးခေါင်းပေါ်မှာ ဖိအားများတဲ့ အပြင် ဦးရေပြားနဲ့ မွေးညင်းပေါက်ကို အလွန်အမင်း ဆွဲထားရတာကြောင့် ဦးရေပြားပေါ်က အာရုံကြော တွေ ပိုမို Sensitive ဖြစ်လာကာ ခေါင်းအလွန်အမင်း ကိုက်နိုင်ပါတယ်။

Compression Headache မဖြစ်အောင်
• ခေါင်းကိုက်တာကို ခံစားရတဲ့ ဦးရေပြားနေရာ ကို အသာအယာနှိပ်နယ်ပေးပြီး အသက်ပြင်း ပြင်း ရှူသွင်းရှူထုတ် လုပ်ပါ။
• ဦးရေပြားပေါ်မှာ ဖိအားသက်ရောက်မှုများ လွန်းတဲ့ ဆံပင်ပုံစံမျိုး မထားပါနဲ့။
• ပိုနီတေးစည်းရင် အောက်ဘက် ခပ်လျော့လျော့ စည်း၊ ကျစ်ဆံမြီး ဖွဖွကျစ်၊ ဖြစ်နိုင်ရင် ဆံပင် အတိုထားပါ။
• အိပ်ရေးဝဝအိပ်ပါ။
• မလိုအပ်ဘဲ ဆံပင်အလှပြင်ပစ္စည်းမျိုးတွေ အလွန်အကျွံအသုံးမပြုပါနဲ့။

#ဒေါက်တာခင်မိုးမိုး
#GeneralHealth
#GoodHealthJournal_846

Post Author: Good Health Journal