နေရောင်ခြည်ဒဏ်ခံရတာနဲ့ပတ်သက်ပြီး သင်ဘယ်လောက်သိပါသလဲ

နေရောင်ခြည်က နွေးထွေးမှုပေးနိုင်ပြီး ခန္ဓာကိုယ်အတွက်လိုအပ်တဲ့ ဗီတာမင်ဒီကို ပေးစွမ်းနိုင်ပါတယ်။ ဒါပေမဲ့ နေရောင်ကြာကြာခံရမယ်ဆိုရင် အသားမည်းရုံတင်မက နေရောင်ထဲမှာပါတဲ့ အန္တရာယ်ရှိတဲ့ ရောင်ခြည်ဒဏ်တွေပါခံရနိုင်ပါလိမ့်မယ်။ ဒီတော့ နေရောင်ခြည်ဒဏ်ခံရတာနဲ့ ပတ်သက်ပြီး သင်ဘယ်လောက်သိသလဲ ဆန်းစစ် ကြည့်ကြရအောင်။

၁။ ငယ်ငယ်တုန်းက အပြင်းအထန်နေလောင်တာမျိုးဖြစ်ခဲ့ဖူးရင် အရေပြားကင်ဆာဖြစ်နိုင်ခြေများတတ်လား။
(က) မှန်
(ခ) မှား

၂။ အသားညိုမည်းသူတွေအနေနဲ့ နေလောင်တာတွေ အရေပြားကင်ဆာတွေ မဖြစ်နိုင်ပါဘူး။
(က) မှန်
(ခ) မှား

၃။ နေရောင်တိုက်ရိုက်ထိနိုင်တဲ့နေရာတွေမှာသာ အရေပြားကင်ဆာဖြစ်နိုင်တာလား။
(က) ဟုတ်တယ်
(ခ) မဟုတ်ဘူး

၎။ အသားညိုစိမ့်အောင်လိမ်းရတဲ့ Tan က အရေပြားကို နေရောင်ကနေကာကွယ်ပေးတယ်။
(က) မှန်
(ခ) မှား

၅။ မိတ်ကပ်ရည်က အရေပြားကို နေရောင်ကနေ ကာကွယ်ပေးတယ်။
(က) မှန်
(ခ) မှား

၆။ ပြတင်းပေါက်မှန်က အရေပြားကို အန္တရာယ်ရှိတဲ့ ခရမ်းလွန်ရောင်ခြည် အားလုံးကနေ ကာကွယ်ပေးတယ်။
(က) မှန်
(ခ) မှား

၇။ ဘယ်အရာက နေရောင်ကနေ အကောင်းဆုံးကာကွယ်ပေးနိုင်လဲ။
(က) Cap ဦးထုပ်
(ခ) အနားပြားကြီးတဲ့ ဦးထုပ်ဝိုင်း
(ဂ) ၂မျိုးလုံးတူတူပါပဲ။

၈။ အရောင်ရင့် အ၀တ်အစားတွေက အရောင်နုထက်စာရင် နေရောင်ကနေပိုပြီး ကာကွယ်ပေးနိုင်တယ်။
(က) မှန်
(ခ) မှား

၉။ အရောင်ရင့် နေကာမျက်မှန်တွေက အရောင်နုနေကာမျက်မှန်တွေထက်စာရင် ခရမ်းလွန်ရောင်ခြည်တွေကို ပိုပြီးကာကွယ်ပေးနိုင်တယ်။
(က) မှန်
(ခ) မှား

၁၀။ ဘယ်ဆေးဝါးတွေက ပုံမှန်ထက်ပိုပြီး နေလောင်စေနိုင်သလဲ။
(က) ကိုယ်ဝန်ဆောင်တားဆေး
(ခ) Naproxen
(ဂ) Thiazide Diuretics
(ဃ) ဒီဆေးအားလုံး

၁၁။ အသက်အန္တရာယ်အရှိဆုံး အရေပြားကင်ဆာဖြစ်တဲ့ Melanoma က ဘယ်အင်္ဂါအစိတ်အပိုင်းမှာအဖြစ်များလဲ။
(က) နားနဲ့ နှာခေါင်း
(ခ) လက်မောင်းနဲ့ လက်
(ဂ) လည်ပင်းနဲ့ ရင်ဘတ်
(ဃ) ကျောနဲ့ခြေထောက်

ကဲ . . . အဖြေလေးတွေကို ကြည့်လိုက်ကြရအောင် ♥

၁။ (က) မှန်
ကလေးတွေဟာ နေရောင်ခြည်ဒဏ်ကိုပိုခံရပါတယ်။ အသားအရေနေလောင်ဖို့ ပိုပြီးလွယ်ကူပါတယ်။ ကလေးငယ်လေးတွေရဲ့ အရေပြားက ၁၀မိနစ် အတွင်းမှာ နေလောင်နိုင်ပါတယ်။ ပြီးတော့ ကလေးငယ်တွေက နေရောင်ကာ ဆေးလိမ်းလေ့မရှိဘဲ နေရောင်ထဲ အကြာကြီးထွက် ကစားတတ်ကြပါတယ်။ အသက် ၆ လ အောက်ကလေးငယ်လေးတွေကို ဦးထုပ်တို့ အ၀တ်အစားတို့မပါဘဲ နေပူထဲ မခေါ်သွားပါနဲ့။ သူတို့ရဲ့ အရေ ပြားနုနုလေးတွေမှာလိမ်းဖို့ နေရောင်ကာ လိမ်းဆေးကလည်း ပြင်းလွန်းပါတယ်။

၂။ (ခ) မှား
အရေပြားကင်ဆာက အသားအရေ အရောင်အသွေးနဲ့ မဆိုင်ပါဘူး။ အသား ဖြူသူတွေမှာသာ အရေပြားကင်ဆာဖြစ် တတ်တယ်လို့ ထင်ထားကြတော့ အသား ညိုသူတွေအနေနဲ့ အရေပြားကင်ဆာကို ပေါ့ပေါ့လျော့လျော့ထားတတ်ကြလို့ ရောဂါတကယ်ဖြစ်တဲ့အခါ အခြေအနေဆိုးလာခါမှ ဖြစ်မှန်းသိတတ်ကြပါတယ်။

၃။ (ခ) မဟုတ်ဘူး
အရေပြားကင်ဆာက ခန္ဓာကိုယ်ရဲ့ ဘယ်နေရာမှာမဆို ဖြစ်တတ်ပါတယ်။ ဒါပေမဲ့ နေရောင်တိုက်ရိုက်ထိတွေ့မှုနဲ့ အဖြစ်များတဲ့ အရေပြားကင်ဆာ နှစ်မျိုးကြား ကြီးမားတဲ့ ဆက်စပ်မှုတော့ ရှိပါတယ်။ အဲဒီကင်ဆာ နှစ်မျိုးဖြစ်တဲ့Basal Cell Carcinoma နဲ့ Squamous Cell Carcinoma နှစ်မျိုးဟာ နေရောင်တိုက် ရိုက်ထိတွေ့မှုခံရတဲ့ မျက်နှာ၊ နားနဲ့ လက်တွေမှာ ဖြစ်လေ့ရှိပါတယ်။

၎။ (ခ) မှား
စိတ်ချရတဲ့ အသားညိုလိမ်းဆေး Tan ဆိုတာ မရှိပါဘူး။ အသားညိုဖို့ နေရောင်ထဲမှာ နေပူဆာလုံတာဟာ အရေပြားကို အန္တရာယ်ရှိတဲ့ ခရမ်းလွန် ရောင်ခြည်တွေနဲ့ ထိတွေ့မှုရှိစေနိုင်ပါတယ်။ နေပူဆာလှုံထားတဲ့ အရေပြား ဟာ ပျက်စီးနေတဲ့ အရေပြားလို့ ပြောရမှာပါ။ အရေပြားကင်ဆာ ဖြစ်နိုင်ခြေများ စေသလို အရေပြားအိုမင်းရင့်ရော်မှုဖြစ်စဉ်ကိုလည်း အရှိန်တင်ပေးပါတယ်။

၅။ (က) မှန်
နေရောင်ကနေ ကာကွယ်ဖို့ နေရောင်ကာပစ္စည်း SPF ပါတဲ့ မျက်နှာလိမ်း ခရင်(မ်)၊ မိတ်ကပ်အရည်၊ မိတ်ကပ်ပေါင်ဒါ၊ နှုတ်ခမ်းနီစတာတွေ သုံးပေးပါ။ ပြောင်ပြောင်စိုစို နှုတ်ခမ်းနီတွေ Lip Gloss တွေက နှုတ်ခမ်းသားကို ခရမ်း လွန်ရောင်ခြည်တွေ စုပ်ယူစေနိုင်ပါ တယ်။ နှုတ်ခမ်းလေးစိုစိုပြောင်ပြောင် ဖြစ်ချင်ရင်Lip Gloss အောက်က နှုတ်ခမ်းနီခံဆိုးရပါမယ်။

၆။ (ခ) မှား
ခရမ်းလွန်ရောင်ခြည် B မှန်ကို ထိုးဖောက် မ၀င်ရောက်နိုင်ပေမဲ့ A က တော့ ၀င်ရောက်နိုင်ပါတယ်။ ဒါကြောင့် လည်း SPFအနည်းဆုံး ၃၀ ပါရှိပြီး ခရမ်းလွန်ရောင်ခြည်အားလုံးကို ကာ ကွယ်နိုင်တဲ့ ရေစိုခံနေရောင်ကာလိမ်း ဆေးကို အပြင်မထွက်ရင်တောင်မှ နေ့ စဉ် အသုံးပြုပေးသင့်ပါတယ်။

၇။ (ခ) အနားပြားကြီးတဲ့ ဦးထုပ်ဝိုင်း
Cap ဦးထုပ်က ဦးခေါင်းကို ကာကွယ်ပေးနိုင်ပေမဲ့ မျက်နှာကိုတော့ အပြည့် မကာကွယ်နိုင်ပါဘူး။ အနားပြားအ၀ိုင်း အနည်းဆုံး ၃လက်မလောက်ရှိတဲ့ ဦးထုပ်ဝိုင်းဆိုရင်တော့ မျက်နှာကို ကာကွယ်ပေးနိုင်မှာပါ။ အောက်ကိုဆိုက်နေတဲ့ အနားပြားဆိုရင် ပိုတောင်ကောင်းပါသေးတယ်။

၈။ (က) မှန်
ခရမ်းလွန်ရောင်ခြည်တွေက အရောင်နု အ၀တ်အစားတွေကို ပိုပြီးထိုး ဖောက်ဝင်ရောက်နိုင်ပါတယ်။ နေရောင် ကို အကောင်းဆုံးကာကွယ်ပေးနိုင်တဲ့ အ ရောင်တွေကတော့ အပြာရင့်၊ အနက်၊ အနီနဲ့ လိမ္မော်တို့ပဲဖြစ်ပါတယ်။ ကျပ်တဲ့ အ၀တ်အစားတွေက ချောင်တဲ့အ၀တ် အစားတွေထက်ပိုကာကွယ်ပေးပါတယ်။ ပိတ်စက ပါးရင်လည်း နေရောင်ခြည်ဝင် ရောက် နိုင်ပါတယ်။ တချို့အ၀တ်အစား တွေမှာ UPF လို့ခေါ်တဲ့ ခရမ်းလွန်ရောင် ခြည်ကာတဲ့ ပစ္စည်းတွေ ထည့်ချုပ်ထား ပါတယ်။ နေပူထဲအကြာကြီး ထွက်ရမှာ မျိုးဆို ဒီလိုအ၀တ်အစားမျိုး ၀တ်သင့်ပါ တယ်။

၉။ (ခ) မှား
အရောင်ရင့်ရော အရောင်နုရော တူတူ ပါပဲ။ နေကာမျက်မှန်မှာ UV absorption up to 400 mm လို့ရေးထားရင် ဒီမျက်မှန်ဟာ ခရမ်းလွန်ရောင်ခြည်တွေ ရဲ့ ၉၉ရာခိုင်နှုန်းကို ကာကွယ်ပေးနိုင်မှပါ။ ရိုးရိုးအလှတပ်နေကာမျက်မှန်ကတော့ ၇၀ရာခိုင်နှုန်းကို ပိတ်ဆို့ကာကွယ်ပေးပါ တယ်။ နေကာမျက်မှန်တွေက အရေးကြီး ပါတယ်။ အရေပြားကင်ဆာ ၁၀ခုမှာ တစ်ခု က မျက်ခွံနားတစ်ဝိုက်မှာ ဖြစ်လေ့ရှိတာ ကြောင့်ပါ။ ကင်ဆာအပြင် နေရောင်က မျက်စိတိမ်စွဲတာအပါအ၀င် မျက်စိနဲ့ ပတ်သက်တဲ့ရောဂါတွေပါ ဖြစ်နိုင်ခြေများ စေပါတယ်။

၁၀။ (ဃ) ဒီဆေးအားလုံး
Naproxen လိုမျိုး တခြားအနာ သက်သာဆေးတွေကလည်း အရေပြားနေရောင်ဒဏ်ပိုခံရစေနိုင်ပါတယ်။ ဒါ့အ ပြင် စိတ်ကျရောဂါသက်သာဆေး Tricyclic Antidepressants၊ ဆီးချိုရော ဂါဆေး Sulfonylureas နဲ့ တခြား Antibiotics ပိုးသတ်ဆေးတွေလည်း ပါပါတယ်။

၁၁။ (ဃ) ကျောနဲ့ခြေထောက်
အရေပြားကင်ဆာအများစုက မျက် နှာ၊ နှာခေါင်း၊ လည်ပင်း၊ လက်နဲ့ လက် မောင်းတို့မှာ အဖြစ်များပါတယ်။ Melanoma ကင်ဆာကတော့ တခြားနေရာမှာ အဖြစ်များပါတယ်။ အမျိုးသားတွေမှာဆို ကျောဘက်အဖြစ်များပြီး အမျိုးသမီးတွေမှာတော့ ခြေသလုံးနဲ့ ကျောတွေမှာဖြစ်တတ်ပါတယ်။ ဒါ ကြောင့်လည်း နေရောင်ကာလိမ်းဆေးကို မျက်နှာနဲ့ လက်တွေသာမက တစ်ကိုယ်လုံးကို လိမ်းပေးရမှာဖြစ်ပါတယ်။

 

◘ ဒေါက်တာနုမြတ်သိင်္ဂီဦး

Post Author: Good Health Journal

Leave a Reply

Your email address will not be published. Required fields are marked *