ဒီနွေမှာ ကျန်းမာစေဖို့ လိုက်နာရမယ့် ၅ ချက်

ရာသီဥတုက နွေဦးကာလထဲ ဝင် လာပြီမို့ အပူရှိန်ကတော့ သိသိသာသာ တိုးလို့လာပါပြီ။ နွေရာသီရောက်ရင် အ ဖြစ်များတဲ့ ကျန်းမာရေးပြဿနာတွေထဲ မှာ ရေဓာတ်ခန်းခြောက်တာ၊ မောပန်း လွယ်တာ၊ အပူရှပ်တာ၊ Heat Stroke ရလွယ်တာနဲ့ အရေပြားပြဿနာတွေ ပါ ဝင်ပါတယ်။ နွေရာသီမှာ ဖြစ်လေ့ရှိတဲ့ ကျန်းမာရေးပြဿနာတွေ အဖြစ်နည်း အောင် ဒီအချက်တွေကို လိုက်နာပါ။

(၁) အိမ်ကို လေဝင်လေထွက်ကောင်းအောင် လုပ်ဆောင်ပါ
ဆောင်းတွင်းကာလမှာ အချမ်းပိုခဲ့ တာကြောင့် တစ်အိမ်လုံး တံခါးတွေ၊ ပြ တင်းပေါက်တွေ ပိတ်ပြီး နေခဲ့တာများမှာ ပါ။ နွေဦးဝင်လာပြီဆိုတော့ ရာသီဥတုက စိုထိုင်းလာတော့မှာမို့ အိမ်တွင်း လေဝင် လေထွက်ကောင်းအောင် လုပ်ဆောင်ဖို့ လိုပါတယ်။ လျှော်စရာရှိတာတွေ အကုန် လျှော်ပြီး အိမ်တွင်း၊ အိမ်ပြင် သန့်ရှင်းရေး သေချာလုပ်ဆောင်ပါ။ လေအေးပေးစက် တွေကို သန့်ရှင်းရေး Servicing ဝင်ပြီးမှ အသုံးပြုပါ။

(၂) နေလောင်ကာခရင်မ် အသုံးပြုပါ
နွေရာသီမှာ ခရမ်းလွန်ရောင်ခြည် အညွှန်းကိန်းက မြင့်တက်နေမှာဖြစ်လို့ အပြင်ထွက်တဲ့အခါတိုင်းမှာ နေလောင် ကာခရင်မ်လိမ်းဖို့ လိုပါတယ်။ အနည်း ဆုံး SPF ၃၀ နဲ့ အထက်ကို ရွေးဝယ်ပါ။ မျက်နှာအသားအရေအတွက် SPF ပါတဲ့ မိတ်ကပ်တွေရှိသလို နှုတ်ခမ်းအတွက် လည်း SPF ပါတဲ့ နှုတ်ခမ်းနီတွေ အသုံး ပြုနိုင်ပါတယ်။ SPF တစ်ခုတည်းကိုပဲ အားမကိုးပါနဲ့၊ အပြင်သွားတိုင်း ဦးထုပ်၊ ထီး၊ နေကာမျက်မှန် အကာအကွယ် ရ ယူပါ။

(၃) တစ်ကိုယ်ရေသန့်ရှင်းရေးဂရုစိုက်ပါ
နွေဦးလေဟာ ဖုန်၊ အမှုန်တွေ ပို များတာကြောင့် အပြင်သွားပြီး အိမ်ပြန် ရောက်လာတိုင်း ကိုယ်၊ လက် သေချာ သန့်စင်ဖို့ လိုပါတယ်။ နေပူထဲကပြန်လာ ပြီးပြီးချင်း ရေချိုးတာ မလုပ်ပါနဲ့၊ ရေအ ရင်သောက်၊ နားပြီးမှ ရေနဲ့သန့်စင်ပါ။ ဝက်ခြံထွက်တတ်သူတွေအနေနဲ့ နွေရာ သီမှာ ဖုန်မှုန့်တွေ၊ အဆီတွေရောပြီး ချွေး ပေါက်ပိတ်ကာ ဝက်ခြံပိုထွက်တတ်ပါ တယ်။ ဒါကြောင့် အပြင်ကပြန်လာတိုင်း မျက်နှာအရေပြားပေါ်က ချွေးပေါက်တွေ သေချာသန့်စင်ပေးဖို့လည်းလိုပါတယ်။

(၄) ရေဓာတ်ပြည့်ဝအောင်ဂရုစိုက်ပါ
ရေဓာတ်လို့ဆိုတာမှာ သင်စားနေ၊ သောက်နေတဲ့ စားစရာတွေအကုန်လုံးက ရရှိတဲ့ ရေဓာတ်တွေပါဝင်ပါတယ်။ ခန္ဓာ ကိုယ်က လိုအပ်တဲ့ ရေဓာတ်မရရှိရင် ရေ ဓာတ်ခန်းခြောက်တာ ဖြစ်လွယ်ပါတယ်။ ရေဓာတ်အနည်းငယ်လိုအပ်တာနဲ့ ခန္ဓာကိုယ်က စွမ်းအင်ထုတ်လုပ်နိုင်စွမ်းကျပြီး အလွယ်တကူ မောပန်းနုံးချည့်လွယ်စေ ပါတယ်။ ဒီအခါ ခေါင်းမူး၊ ခေါင်းကိုက် တာတွေလည်း ဖြစ်လွယ်ပါတယ်။ တစ် နေ့ကို ယေဘုယျအားဖြင့် ရေ ရှစ်ဖန် ခွက်ထက်မနည်းသောက်ဖို့လိုပါတယ်။ အမျိုးသားတွေက တစ်နေ့ကို စုစုပေါင်း ရေဓာတ် ၃.၇ လီတာ လိုအပ်ပြီး အမျိုး သမီးတွေက တစ်နေ့ကို စုစုပေါင်း ရေ ဓာတ် ၂.၇ လီတာ လိုအပ်ပါတယ်။ ချွေး ထွက်များသူ၊ အားကစားလုပ်သူဖြစ်ရင် တော့ ရေဓာတ်ပိုလိုအပ်ပါတယ်။

(၅) အစားအသောက်ဂရုစိုက်ပါ
နွေရာသီဟာ ပူနွေးစိုစွတ်တာကြောင့် ပိုးမွှားနဲ့ ဘက်တီးရီးယားတွေ အလွယ် တကူ ပေါက်ဖွားလွယ်ပါတယ်။ ဒါကြောင့် သန့်ရှင်းလတ်ဆတ်ဖို့၊ ယင်နားစာ မဖြစ်ဖို့ အရမ်းအရေးကြီးပါတယ်။ အပြင်စာတွေ ထက် အိမ်မှာသေချာ ချက်ပြုတ်စားနိုင် ရင် ပိုကောင်းပါတယ်။ ရာသီပေါ် အရည် ရွှမ်းတဲ့ အသီးအနှံတွေစားပါ။ အစာခြေ စနစ်ကောင်းမွန်စေပြီး အူလမ်းကြောင်း ကျန်းမာရေး အထောက်အကူ ဖြစ်စေဖို့ ပရိုဘိုင်အိုတစ်ဆေး မှီဝဲပါ၊ ဒိန်ချဉ်စား ပါ။ အစာမစားမီ လက်ဆေးပါ၊ အစာစား ပြီးတိုင်း လက်ဆေးပါ။

♥ထူးဒါလီကိုကို (MPharm)

Post Author: Good Health Journal