နေ့စဉ်စားသုံးသင့်သော ရောင်ရမ်းမှု လျော့ကျစေမည့် အစားအစာများ

ထိခိုက်ဒဏ်ရာရတဲ့အခါ၊ ရောဂါပိုးကူးစက်ခံရတဲ့အခါ ဒါမှမဟုတ် ယားယံတဲ့အ ခါတွေမှာ ခန္ဓာကိုယ်ခုခံအားစနစ်ရဲ့ တုံ့ပြန်မှုအနေနဲ့ ရောင်ရမ်းမှုဖြစ်စဉ်တွေ ဖြစ်လာ ပါတယ်။ ဒါတွေဟာ ပုံမှန်ဖြစ်ပြီး အနာကျက်ဖြစ်စဉ်ရဲ့ တစ်စိတ်တစ်ပိုင်းလည်း ဖြစ်ပါ တယ်။ ဒါပေမဲ့ နာတာရှည်ရောင်ရမ်းမှုဖြစ်နေရင်တော့ သင့်ခန္ဓာကိုယ်တွင်းမှာ ဆိုးရွား တဲ့ကျန်းမာရေးပြဿနာဖြစ်နေပါပြီ။ အောက်ပါအစားအစာတွေဟာ ရောင်ရမ်းမှုကို လျော့ကျစေနိုင်တဲ့အတွက် သင်နေ့စဉ်စားသုံးပေးသင့်ပါတယ်။ ဒီအစားအစာတွေ စားတာကြောင့်လည်း သက်ကြီးဖြစ်စဉ်ကြောင့်ဖြစ်ပေါ်လာမယ့် ကျန်းမာရေးပြဿနာ တွေကိုလည်း ကာကွယ်ပြီးသား ဖြစ်သွားပါလိမ့်မယ်။

ဗာဒံစေ့
ဗာဒံစေ့မှာ သံလွင်ဆီလိုမျိုး မပြည့်ဝဆီ၊ ဗီတာမင် အီး နဲ့ မဂ္ဂနိစ်တွေ များစွာ ပါဝင်ပါတယ်။ မဂ္ဂနီဆီယမ်နဲ့ အပင်ပရိုတင်းတွေလည်း ပေါကြွယ်ဝပါတယ်။ သုတေသန ပြုလုပ်ချက်အရ ဗာဒံစေ့စားသုံးသူတွေဟာ နှလုံးသွေးကြောရောဂါဖြစ်နိုင်ခြေ လျော့ နည်းနိုင်တယ်လို့ သိရပါတယ်။
ဗာဒံစေ့ဟာ တခြားရောင်ရမ်းမှုလျော့ကျစေတဲ့အစားအစာတွေထက် ကယ်လိုရီ အနည်းငယ်မြင့်မားစွာ ပါဝင်နေပေမယ့် ဗိုက်ပြည့်တင်းမှုကို ရရှိစေနိုင်တာကြောင့် ကိုယ်အလေးချိန်လျှော့ချတဲ့စီမံချက်မှာ အဆာပြေစာအဖြစ် လက်တစ်ဆုပ်စာ ဗာဒံစေ့ ကို ရွေးချယ်နိုင်ပါတယ်။

ထောပတ်သီး
ထောပတ်သီးမှာ နှလုံးကျန်းမာရေးကောင်းမွန်စေနိုင်တဲ့ မပြည့်ဝဆီ၊ မဂ္ဂနီဆီ ယမ်၊ ပိုတက်စီယမ်နဲ့ အမျှင်ဓာတ်တွေ များစွာ ပါဝင်ပြီး ဆိုဒီယမ်ပါဝင်မှုကတော့ အ လွန်နည်းပါးပါတယ်။ ထောပတ်သီး တစ်ခြမ်းကို နေ့စဉ် စားသုံးတာက သင့်အတွက် နေ့စဉ်လိုအပ်ချက်ဖြစ်တဲ့ ဗီတာမင် စီ၊ အေ၊ အီးနဲ့ ဘီအုပ်စုဝင်တွေကို အပြည့်အ၀ ရရှိသွားနိုင်ပါတယ်။ ဒီအာဟာရဓာတ်အားလုံးဟာ အစွမ်းထက်ဓာတ်တိုးဆန့်ကျင် ပစ္စည်းအနေနဲ့ လုပ်ဆောင်ပေးနိုင်တဲ့အတွက် ထောပတ်သီးကို ရောင်ရမ်းမှုလျော့ကျစေ တဲ့ အစားအစာအဖြစ် မဖြစ်မနေ စားသုံးသင့်ပါတယ်။

ဘရိုကိုလီ
ဘရိုကိုလီခေါ်တဲ့ အစိမ်းရောင်ပန်းဂေါ်ဖီမှာ အပင်ဓာတုပစ္စည်းတစ်မျိုးဖြစ်တဲ့ ဂလူဆီနိုလိတ်စ်တွေ များစွာပါဝင်ပါတယ်။ ဒါ့အပြင် ဗီတာမင် စီ၊ ပိုတက်စီယမ်၊ ကယ်လ်စီယမ်နဲ့ ဗီတာမင် အေ လည်း ကြွယ်ဝပါတယ်။ ဂလူဆီနိုလိတ်စ်က အစွမ်း ထက်ဓာတ်တိုးဆန့်ကျင်ပစ္စည်းတစ်မျိုးဖြစ်ပြီး ကင်ဆာဖြစ်နိုင်ခြေကို လျှော့ချပေးတာ နဲ့ ဆက်စပ်မှုရှိပါတယ်။

ဘလူးဘယ်ရီ
ဘလူးဘယ်ရီမှာ ပေါ်လီဖီနောပမာဏ သိသိသာသာပါဝင်ပြီး သူက ကင်ဆာရောဂါနဲ့ နှလုံးသွေးကြောရောဂါမဖြစ်အောင် ကာကွယ်ပေးနိုင်ပါတယ်။ သူ့မှာပါဝင်တဲ့ ဖလေ ဗိုနွိုက်၊ အင်သိုဆိုင်ရာနီဒင်း၊ ဖီနောလစ်အက်စစ်နဲ့ တန်နင်အပါအ၀င် အပင်ဒြပ်ပေါင်း တွေဟာ ဓာတ်တိုးပစ္စည်းကြောင့် ဆဲလ်ပျက်စီးမှုမဖြစ်အောင် ကာကွယ်ပေးနိုင်ပြီး ပျက်စီးနေတဲ့ ဆဲလ်တွေကိုလည်း ပြန်လည်ပြုပြင်ပေးနိုင်ပါတယ်။
ဓာတ်ခွဲခန်းလေ့လာမှုအရ ဘလူးဘယ်ရီမှာပါဝင်တဲ့ ဓာတုပစ္စည်းတွေဟာ ရောင် ရမ်းမှုဖြစ်စဉ်ကို လျှော့ချပေးပြီး ကင်ဆာဆဲလ်ကြီးထွားမှုကို နှေးကွေးစေနိုင်တဲ့ ဂုဏ်သတ္တိတွေကြောင့် ကင်ဆာမဖြစ်အောင် ကာကွယ်နိုင်တယ်လို့ သိရပါတယ်။ ကယ် လိုရီလည်း နည်းပါးစွာ ပါဝင်တဲ့အပြင် ဗီတာမင် စီ၊ ဗီတာမင် အီးနဲ့ အမျှင်ဓာတ်တွေ လည်း များစွာပါဝင်တဲ့အတွက် ဘလူးဘယ်ရီသီးကို နေ့စဉ်စားသုံးသင့်ပါတယ်။

မုန်လာဥနီ
မုန်လာဥနီမှာပါဝင်တဲ့ ဘီတာကယ်ရိုတင်းဟာ ခန္ဓာကိုယ်ထဲမှာ ဗီတာမင် အေအ ဖြစ် ပြောင်းလဲသွားနိုင်ပါတယ်။ ဗီတာမင် အေဟာ အစွမ်းထက်ဓာတ်တိုးဆန့်ကျင် ပစ္စည်းဖြစ်ပြီး ကျန်းမာရေးကောင်းမွန်ဖို့အတွက် အလွန်အသုံးဝင်ပါတယ်။ ဒါ့အပြင် သူ့မှာ ဇီယာဇန်သင်းနဲ့ လူတင် ဓာတ်တိုးဆန့်ကျင်ပစ္စည်းတွေ ပါဝင်တဲ့အတွက် ကင် ဆာဖြစ်နိုင်ခြေကိုလည်း လျှော့ချပေးပါတယ်။ ကယ်လိုရီနည်းပါးစွာ ပါဝင်ပြီး အမျှင် ဓာတ်တွေ များစွာပါဝင်တာကြောင့် ကိုယ်အလေးချိန်လျှော့ချဖို့လည်း ကူညီနိုင်ပါ တယ်။

ပဲအမျိုးမျိုး
ကုလားပဲခြမ်း၊ ပဲနီလေး၊ ပဲဝါလေးလိုမျိုး အခြောက်ခံထားတဲ့ပဲတွေဟာ ရောင် ရမ်းမှုဖြစ်စဉ်ကို လျှော့ချပေးနိုင်တဲ့အပြင် သူ့မှာ အပင်ပရိုတင်း၊ သတ္တုဓာတ်၊ ဗီတာမင် ဘီ အုပ်စုဝင်၊ ဗီတာမင် ကေနဲ့ အမျှင်ဓာတ်တွေ များစွာပါဝင်တဲ့အတွက် သုတေသီ တွေက ကျန်းမာရေးအတွက် များစွာ အကျိုးရှိတဲ့အစားအစာလို့ သုံးသပ်ထားပါတယ်။ ဒါ့အပြင် နှလုံးရောဂါ၊ ဆီးချိုရောဂါ၊ သွေးတိုးရောဂါတွေကိုပါ ကာကွယ်နိုင်တယ်လို့ မှတ်ချက်ပေးထားပါတယ်။ ရောင်ရမ်းမှုဖြစ်စဉ်ကိုလည်း လျှော့ချပေးနိုင်တဲ့အတွက် သက်သတ်လွတ်စားသူတွေအနေနဲ့ ပဲအမျိုးမျိုးကို မဖြစ်မနေ ပါဝင်အောင် စားသုံး သင့်ပါတယ်။

ကိုက်လန်
ကိုက်လန်မှာ ဗီတာမင် အေ၊ စီနဲ့ ကေ တွေ များစွာပါဝင်တဲ့အပြင် ကယ်လ်စီ ယမ်၊ သံဓာတ်၊ မဂ္ဂနီဆီယမ်၊ ပိုတက်စီယမ်နဲ့ ဗီတာမင် စီ တွေလည်း ကြွယ်ဝစွာ ပါဝင် ပါတယ်။ အမျှင်ဓာတ်လည်း ပါဝင်ပြီး ဆိုဒီယမ်နဲ့ ကယ်လိုရီပါဝင်မှုကတော့ နည်းပါး ပါတယ်။ ကိုက်လန်မှာ ပါဝင်တဲ့ ဂလူကိုဆီနိုလိတ်တွေက ကင်ဆာရောဂါမဖြစ်အောင် ကာကွယ်ပေးနိုင်ပြီး လူတင်နဲ့ ဇီယာဇန်သင်းတွေက မျက်စိအတွင်းတိမ်ရောဂါနဲ့ မက် ကူလာပျက်စီးယိုယွင်းမှုဖြစ်နိုင်ခြေလျော့နည်းအောင် ကူညီပေးပါတယ်။ သူ့မှာ ပါဝင် တဲ့ လူတင်က သွေးကြောတွေ မာကျောကျစ်လျစ်မှုမဖြစ်အောင် ကာကွယ်ပေးနိုင်ပါ တယ်။

သံလွင်ဆီ
သံလွင်ဆီဟာ နှလုံးကျန်းမာရေးကောင်းမွန်စေနိုင်တာ၊ အသက်ရှည်တာနဲ့ ဆက်စပ်မှုရှိတဲ့အတွက် သူ့ကို မြေထဲပင်လယ်အစားအစာထဲမှာ မပါမဖြစ် ထည့်သွင်း အသုံးပြုထားပါတယ်။ သူ့မှာပါဝင်တဲ့ မပြည့်ဝဆီတွေက သွေးကြောကျန်းမာရေးအတွက် ကောင်းမွန်ပြီး ပေါ်လီဖီနောတွေက ဓာတ်တိုးဆန့်ကျင်ပစ်္စည်းအဖြစ် ခန္ဓာကိုယ်မှ ဆဲလ်တွေကို အကာအကွယ်ပေးပါတယ်။ သံလွင်ဆီဟာ ရောင်ရမ်းမှုကို လျှော့ချနိုင် တာ၊ သွေးတွင်း ကိုလက်စထရောအဆင့်ကို လျှော့ချနိုင်တာတွေအပြင် တချို့ကင်ဆာ အမျိုးအစားတွေမဖြစ်အောင်လည်း ကာကွယ်ပေးနိုင်ပါတယ်။

လိမ္မော်သီး
လိမ္မော်သီးမှာ ဗီတာမင်စီ နဲ့ ပိုတက်စီယမ်တွေ များစွာပါဝင်တဲ့အပြင် အမျှင်ဓာတ်၊ ကယ်လ်စီယမ်နဲ့ ဖောလိတ်တွေလည်း ပါဝင်ပါတယ်။ အမျှင်ဓာတ်နဲ့ ဖောလိတ်ဟာ နှလုံးကျန်းမာရေးကို အထောက်အကူပြုပြီး ဗီတာမင် စီ ကတော့ ခုခံအားစနစ်လုပ် ငန်းဆောင်တာ၊ တွယ်ဆက်တစ်သျှူးတွေ သန်မာစေတာနဲ့ သွေးကြောကျန်းမာရေး အတွက် အသုံးဝင်ပါတယ်။ ရောင်ရမ်းမှုကို လျှော့ချနိုင်တဲ့အစားအစာဖြစ်တဲ့အတွက် နေ့လယ် အဆာပြေအစာ ဒါမှမဟုတ် မနက်အိပ်ရာထ သောက်တဲ့ဖျော်ရည်အဖြစ် လည်း သုံးဆောင်နိုင်ပါတယ်။

ဆယ်လ်မွန်
ဆယ်လ်မွန်ငါးမှာ အိုမီဂါ ၃ ဖက်တီးအက်စစ်ပါဝင်မှုဟာ တခြားငါး ဒါမှမဟုတ် ပင်လယ်စာတွေထက် သိသိသာသာ ပိုများပါတယ်။ လေ့လာမှုအများအပြားအရ အို မီဂါ ၃ ဖက်တီးအက်စစ်ကို များစွာ စားသုံးသူတွေက မျက်စိခြောက်သွေ့မှုဖြစ်နိုင်ခြေ လျော့နည်းပြီး သွေးတွင်းကိုလက်စထရောအဆင့်တွေ လျော့ကျနိုင်တယ်လို့ သိရပါ တယ်။ ဒါ့အပြင် ရောင်ရမ်းမှုဖြစ်စဉ်ကို လျှော့ချနိုင်တဲ့အတွက် နှလုံးကျန်းမာရေးအ တွက်လည်း ကောင်းမွန်နိုင်ပါတယ်။

ဟင်းနုနယ်
ရောင်ရမ်းမှုလျော့ကျစေတဲ့ စူပါအစားအစာတစ်မျိုးဖြစ်ပါတယ်။ သူ့မှာ ပါဝင်တဲ့ လူတင်ဓာတ်ဟာ ဗီတာမင် အေ နဲ့ ဘီတာကယ်ရိုတင်းတွေနဲ့ ဆက်စပ်မှုရှိပါတယ်။ သူက သံဓာတ်၊ ဗီတာမင် ကေနဲ့ ဖောလိတ်တွေ ကြွယ်ဝစွာ ပါဝင်ပြီး ကယ်လိုရီပါဝင်မှု နည်းတာကြောင့် ကိုယ်အလေးချိန်လျှော့ချနိုင်တဲ့အစားအစာအဖြစ်လည်း အသုံးပြု နိုင်ပါတယ်။ လေ့လာမှုအများအပြားအရ ဟင်းနုနယ်လိုမျိုး အစိမ်းရောင်ဟင်းသီးဟင်း ရွက်စားသုံးသူတွေက မက်ကူလာပျက်စီးယိုယွင်းမှုဖြစ်နိုင်ခြေ လျော့နည်းတယ်လို့ သိရပါတယ်။

စတော်ဘယ်ရီ
စတော်ဘယ်ရီဟာ အရည်ရွှမ်းပြီး အရသာရှိတဲ့ သစ်သီးဖြစ်သလို ကျန်းမာရေး အတွက်လည်း အသုံးဝင်ပါတယ်။ ကယ်လိုရီပါဝင်မှုနည်းပြီး အမျှင်ဓာတ်ပါဝင်မှုများ တဲ့အပြင် ဗီတာမင် စီ အပါအ၀င် ဗီတာမင်နဲ့ သတ္တုဓာတ်တွေလည်း ကြွယ်ဝစွာ ပါဝင် ပါတယ်။ စတော်ဘယ်ရီကို ပန်းရောင်ဖြစ်စေတဲ့ ရောင်ခြယ်ပစ္စည်းဟာ ဓာတ်တိုးဆန့် ကျင်ပစ္စည်းဖြစ်ပြီး ကိုယ်တွင်း ရောင်ရမ်းမှုဖြစ်စဉ်တွေကိုလည်း လျှော့ချပေးပါတယ်။

ကန်စွန်းဥ
ကန်စွန်းဥမှာ ဗီတာမင်နဲ့ သတ္တုဓာတ်တွေ ပေါကြွယ်ဝစွာ ပါဝင်ပါတယ်။ အစွမ်း ထက်ဓာတ်တိုးဆန့်ကျင်ပစ္စည်းဖြစ်တဲ့ ဗီတာမင် အေ နဲ့ ဘီတာကယ်ရိုတင်းတွေအပြင် ဗီတာမင် စီ၊ ကေ၊ ပိုတက်စီယမ်နဲ့ ဗီတာမင် ဘီအုပ်စုဝင်တွေလည်း များစွာ ပါဝင်ပါ တယ်။ အမျှင်ဓာတ်တွေလည်း များစွာ ပါဝင်ပြီး ကယ်လိုရီပါဝင်မှု နည်းတဲ့အတွက် သူဟာလည်း ကိုယ်အလေးချိန်လျှော့ချရာမှာ အသုံးပြုနိုင်ပါတယ်။

မုန်ညင်းရွက်
ရောင်ရမ်းမှုလျော့ကျစေတဲ့အရွက်တစ်မျိုးဖြစ်ပြီး ဗီတာမင် အေ၊ ကေနဲ့ သတ္တု ဓာတ်မျိုးစုံပါဝင်ပါတယ်။

သစ်ကြားသီး
သူ့မှာ ကျန်းမာရေးကောင်းမွန်စေတဲ့ အဆီ၊ ပရိုတင်း၊ ဗီတာမင် အီး၊ သတ္တုဓာတ် နဲ့ စတီရောခေါ်တဲ့ အပင်ဓာတုပစ္စည်းတွေ ပါဝင်ပါတယ်။ နှလုံးကျန်းမာရေးကောင်း မွန်စေနိုင်တဲ့ မပြည့်ဝဆီနဲ့ အိုမီဂါ ၃ ဖက်တီးအဆီတွေလည်း ပါဝင်ပါတယ်။ ကယ်လိုရီ ပါဝင်မှုမြင့်မားပေမဲ့ အချိန်ကြာမြင့်စွာ ဗိုက်ပြည့်တင်းမှုကို ရရှိစေနိုင်တဲ့အတွက် လက် တစ်ဆုပ်စာ သစ်ကြားသီးဟာလည်း ကိုယ်အလေးချိန်လျှော့ချဖို့ ကူညီနိုင်ပါလိမ့်မယ်။

◘ ဒေါက်တာခင်မိုးမိုး

Post Author: Good Health Journal

Leave a Reply

Your email address will not be published. Required fields are marked *