ဒေါသစိတ်ကို မှန်ကန်စွာအသုံးချပါ

♦ ♦ ♦ ဆောင်းပါးမှ ကောက်နုတ်ချက်များ ♦ ♦ ♦

♦ “ဒေါသ”ဆိုသော ပါဠိစာလုံးကို စိတ်ဆိုးခြင်း၊ အမျက်ထွက်ခြင်းဟု ဘာသာပြန်လေ့ရှိကြသော်လည်း အမှန်တကယ် တိုက်ရိုက်အဓိပ္ပာယ်မှာ “ပျက်စီးခြင်း” ပင်ဖြစ်ပါသည်။ အင်္ဂလိပ်စာလုံးဖြင့် Anger ဆိုသော ဒေါသသည် Danger ဆိုသော အန္တရာယ်နှင့် “D” ဆိုသည့် အက္ခရာတစ်လုံးသာ ကွာခြားကြောင်း စဉ်းစားဆင်ခြင်သင့်ပါသည်။

♦ ဒေါသသည် ရောဂါများစွာ၏ အရင်းအမြစ်ဖြစ်သဖြင့် အချို့ပညာရှင်များက ဒေါသထွက်လွယ်ခြင်း၊ ဒေါသလွန်ကဲခြင်းကို “ဒေါသရောဂါ”ဟုပင် တင်စား၍ ခေါ်ဝေါ်လေ့ရှိပေသည်။

♦ ဒေါသဖြစ်လိုစိတ်ပေါ် လာတိုင်း၊ စတင်၍ ဒေါသထွက်လာတိုင်း မီးခြစ်ဆံလေးတစ်ဆံကို မိမိစိတ်ထဲက မြင်ယောင်မိရန် လိုအပ်လှပေသည်။

♦ မိမိကို လူတစ်ဦးတစ်ယောက်က မခံချင် စရာ၊ ဒေါသဖြစ်ချင်စရာ ပြောဆိုလျှင် မိမိ ၏အားနည်းချက်ကို ပြုပြင်ပြီး ထိုသူထက် အစစအရာရာသာအောင်၊ ထူးချွန်အောင် ပြုပြင်၍ အစွမ်းကုန်ကြိုးစားပါ။ ထိုသူ ထက် အဘက်ဘက်ကသာပြီဆိုလျှင် အ လိုအလျောက် သူ့ကို အနိုင်ယူပြီးသား ဖြစ်ပေလိမ့်မည်။

♦ မှန်ပါသည်။ ဒေါသသည် အပြစ်ဖြစ်ပါသည်။ သို့သော် နိဗ္ဗာန်သို့ မရောက်နိုင်သေးသော ပုထုဇဉ်လူသားမှန်သမျှ မည်သူသည် ဒေါသနှင့်ကင်းနိုင်အံ့နည်း။ ဃရာဝါသကိစ္စမြားမြောင် လူတို့ဘောင်တွင် ဒေါသမထွက်ဖူးသူဟူ၍ ရှိပါသလား။

♦ အမူအကျင့်ဆိုင်ရာ ဆေးသိပ္ပံသုတေသီ ဒေါက်တာရက်ဖို့ဒ်ဝီလျံစ်က နေ့စဉ် ကမ္ဘာ့လူသားတို့၏ ၁၅ ရာခိုင်နှုန်းမှ ၂၀ ရာခိုင်နှုန်းသည် အကြောင်းတစ်ခုခုကြောင့် ဒေါသထွက်နေလေ့ရှိကြသည်ဟု ဆို၏။

♦ သို့ဆိုလျှင် လူသားအားလုံး တစ်နည်းမဟုတ်တစ်နည်း အကြောင်းကြောင်းကြောင့် ဒေါသထွက်ဖူးကြမည်ဖြစ်ရာ ဒေါသကို ကျန်းမာရေးအတွက်၊ ဘဝအောင်မြင်ရေးအတွက် မှန်ကန်စွာ စနစ် တကျ အသုံးချနိုင်မည်ဆိုလျှင် မည်မျှ ကောင်းပါလိမ့်မည်နည်း။ အတိုင်းထက် အလွန် တံခွန်နှင့် ကုက္ကားဆိုသလိုပင် ဖြစ်ပါလိမ့်မည်။

♦ “ဒေါသ”ဆိုသော ပါဠိစာလုံးကို စိတ်ဆိုးခြင်း၊ အမျက်ထွက်ခြင်းဟု ဘာသာပြန်လေ့ရှိကြသော်လည်း အမှန်တကယ် တိုက်ရိုက်အဓိပ္ပာယ်မှာ “ပျက်စီးခြင်း” ပင်ဖြစ်ပါသည်။ အင်္ဂလိပ်စာလုံးဖြင့် Anger ဆိုသော ဒေါသသည် Danger ဆိုသော အန္တရာယ်နှင့် “D” ဆိုသည့် အက္ခရာတစ်လုံးသာ ကွာခြားကြောင်း စဉ်းစားဆင်ခြင်သင့်ပါသည်။

♦ “ဒေါသရှေ့ထား မှားတတ်သည်”ဟူသော စကားနှင့်အညီ ဒေါသစိတ် ပေါက်ကွဲ၍ မဆင်မခြင်ဖြစ်ရသော လူ့လောကအတွင်းမှ အမှားအယွင်း၊ အဆိုးအပြစ်များမှာ အနမတဂ္ဂပင်။ သင်ခန်းစာယူစရာ၊ ဆင်ခြင်စရာများမှာလည်း ပြောမဆုံးပေါင် တောသုံးတောင် ဆိုသလိုပင်။

♦ အပြိုင်အဆိုင်စိတ်များခြင်း၊ ရည်မှန်းချက်ကြီးမားလွန်းခြင်း၊ အောင်မြင်လိုစိတ်ပြင်းထန်ခြင်း၊ နေရာတိုင်းတွင် စိတ်စောခြင်း၊ စိတ်မြန်လက်မြန်ရှိခြင်း၊ သည်းမခံတတ်ခြင်း၊ ဒေါသထွက်လွယ်ခြင်း၊ ဒေါသကို မချုပ်တည်းနိုင်ခြင်း၊ ဒေါ သကြီးလွန်းခြင်း စသည့် စိတ်အခြေအနေတို့ ရှိနေသူများကို “အေပုံစံလူစားမျိုး” (Type A Personality) ဟု စိတ်ပညာလောကတွင် အမည်ပေးထားတတ်ကြသည်။

♦ ထိုသူများသည် နှလုံးရောဂါ၊ သွေးတိုးရောဂါ စသည့် စိတ်ကို အခြေခံသည့် ရောဂါဝေဒနာများ အဖြစ်များ၍ သက်တမ်းလည်း တိုလေ့ရှိကြသည်။

♦ အထူးသဖြင့် ဒေါသဖြစ်လွယ်သူများသည် သာမန်ဒေါသဖြစ်တတ်သူများထက် အသက် ၅၀ နှစ်အရွယ်ခန့်တွင် သေဆုံးနိုင်မှုမှာ ခုနစ်ဆအထိ များပြားကြောင်း ပညာရှင်များက လေ့လာတွေ့ရှိ ခဲ့ကြပြီးဖြစ်သည်။

♦ ဒေါသသည် ရောဂါများစွာ၏ အရင်းအမြစ်ဖြစ်သဖြင့် အချို့ပညာရှင်များက ဒေါသထွက်လွယ်ခြင်း၊ ဒေါသလွန်ကဲခြင်းကို “ဒေါသရောဂါ”ဟုပင် တင်စား၍ ခေါ်ဝေါ်လေ့ရှိပေသည်။

♦ မိမိကိုယ်မိမိ ဒေါသထွက်လွယ်သူလား၊ ဒေါသကြီးတတ်သူလား၊ ဒေါသ ထွက်ချိန်ကြာတတ်သူလား (တော်တော်နှင့် ဒေါသမပြေတတ်သူလား) သေသေ ချာချာဆန်းစစ်၍ ပြုပြင်သင့်သည့်အချက် ကို ဆင်ခြင်ပြုပြင်ရမည်ဖြစ်ပေသည်။

♦ “ဒေါသထွက်ခြင်းမှာ လူ့သဘာဝ ဖြစ်သည်။ ဒေါသမှ စွမ်းအင်ဖြစ်အောင် ပြောင်းလဲယူနိုင်သည်”ဟု နယူးယောက် မြို့မှ စိတ်ပညာရှင် ဒေါက်တာအယ်နီလာ ဂရင်းဘတ်က ပြောကြားခဲ့သည်။

♦ ဘရွတ်ကလင်းမှ စိတ်ပညာဌာန စိတ်ရောဂါအ ထူးကုဆရာဝန် ဒေါက်တာ အန်ထော်နီပီ ရက်ထရိုပင်ကိုက “သင်က ဒေါသကို အနိုင်ယူထိန်းချုပ်ကွပ်ကဲနိုင်ရန် လိုသည်။ ဒေါသက သင့်ကို အနိုင်ယူလွှမ်းမိုးမသွား ရန် အလွန်အရေးကြီးသည်”ဟု မိန့်ဆို ခဲ့ပါသည်။

♦ အာရီဇိုးနားမှ စိတ်ပညာရှင် ဒေါက် တာကေဗင်လီမန်းက “ဒေါသစိတ်ကို မှန်ကန်စွာ ထွက်ပေါက်ပေးပါ။ ဒေါသ စိတ်ကို မျိုသိပ်ထားရပါများလျှင် နောက်ဆုံး ၌ ရေဆူအမှတ်ကို ရောက်ပြီး ပေါက်ကွဲ လိမ့်မည်”ဟု ဆို၏။

♦ ထို့ပြင် စိတ်ရောဂါ အထူးကု ဒေါက်တာ ရုသိဒေါင်ကလပ်မန်းက ဒေါသစိတ်ကို မျိုသိပ်ရဖန်များ လျှင် နှလုံးခုန်မြန်ခြင်း၊ နှလုံးခုန်မမှန်ခြင်း၊ ခေါင်းကိုက်ခြင်း၊ ခေါင်းအုံခြင်း၊ နှလုံး ရောဂါ၊ သွေးတိုးရောဂါ၊ ဆီးချိုသွေးချို ရောဂါ၊ အစာအိမ်ရောဂါ၊ အစာမကြေခြင်း နှင့် စိတ်ဓာတ်ကျခြင်း စသည်တို့ဖြစ်တတ် ကြောင်း တင်ပြခဲ့ဖူးပါသည်။

♦ အမှန်စင်စစ် သုံးတတ်လျှင် ဆေး၊ မသုံးတတ်လျှင် ဘေးဟု ဆိုသလိုပင် ဒေါသစိတ်သည် မှန်ကန်စွာ အသုံးချ တတ်ပါက သင့်ဘဝအတွက် စွမ်းအား တစ်ရပ်သာ ဖြစ်၏။

♦ ဦးစွာ ပထမ ဒေါသထွက်ပြီဆိုလျှင် သင် မည်သည့်အရာကို စိတ်ဆိုးနေ သည်၊ ဒေါသထွက်နေသည်ကို ခေါင်း အေးအေးထား၍ စဉ်းစားပါ။ တစ်ခါတစ်ရံ အချို့လူများသည် မိမိ မည်သည့်အရာကို ဒေါသထွက်နေမှန်းပင် အတိအကျ မသိ ချေ။ ထို့ပြင် သင် ဒေါသထွက်နေသော အရာသည် ခေါင်းအေးအေးထား၍ သေ သေချာချာ စဉ်းစားလိုက်သည့်အခါ ဒေါသထွက်စရာမဟုတ်မှန်း သိမြင်လာတတ်သည်။

♦ မိမိ၏ ဒေါသထွက်စရာအကြောင်းသည် လူ့ဘောင်အသိုက်အဝန်းတစ်ခု လုံးနှင့်စာလျှင် မြို့ရွာနိုင်ငံ၊ ကမ္ဘာနှင့်စာ လျှင် မြင်းမိုရ်တောင်နှင့် ဆီး(ဇီး)စေ့ကဲ့ သို့ လွန်စွာ ကွာခြားသေးနုပ်သော အ ကြောင်းအရာလေးပင် ဖြစ်နေပါလိမ့်မည်။

♦ ဤကိစ္စနှင့်ပတ်သက်၍ မိမိဒေါသ ထွက်သလို အခြားသူများ တွေ့ကြုံလျှင် လည်း ဒေါသထွက်မည်၊ မထွက်မည်ကို ယထာဘူတကျကျ စဉ်းစားကြည့်ပါ။ တစ်ခါတလေ “ထန်းသီးကြွေခိုက် ကျီး နင်းခိုက်၊ ဆွမ်းခံရင်း ငှက်သင့်” ဆိုသလို မတော်တဆဖြစ်ရပ်များကြောင့် ဒေါသ ထွက်စရာများ ပေါ်ပေါက်လာတတ်ပါ သေးသည်။

♦ တစ်ဖန် ဒေါသစိတ်ကို မျို သိပ်ထားသည်ထက် ဒေါသပြေရာပြေ ကြောင်း စဉ်းစားကြည့်လျှင် မမှားနိုင်ပါ။

♦ တစ်ခါတစ်ရံ တစ်ကြိမ်တစ်ခါက မိမိဒေါသထွက်ခဲ့သည့် အဖြစ်အပျက်သည် နောင်အသက်အရွယ်ကြီးပြင်းလာသည့်အခါ၊ စိတ်ဓာတ်ရင့်ကျက်လာ သည့်အခါ၌ ရယ်စရာပင်ဖြစ်နေတတ်ပါ သည်။ ရှောမွေးကို ဗာရာဏသီချဲ့ပြီး ခရု ကို ခါးတောင်းကျိုက်ဖမ်းသလို ဖြစ်ခဲ့ဖူးပါ လိမ့်မည်။

♦ ဒေါသထွက်လာသည့်အခိုက် ရုတ် တရက် မဆင်မခြင် ပြုမူလိုက်လျှင် တစ်သက်တာခွင့်မလွှတ်နိုင်လောက်သည့် အမှားအယွင်းမျိုးနှင့် ကြုံတွေ့ရသည်။ ဥ ပမာ ဒေါသအလျောက် လူတစ်ဦးတစ်ယောက်ကို စိတ်ဆိုးပြီး သတ်မိပါက မိမိ သည်လည်း တရားဥပဒေအရ ကြီးလေး သော ထောင်ဒဏ် သို့မဟုတ် သေဒဏ်ကျ ခံရခြင်းဖြင့် ဘဝဆုံးမည်သာ ဖြစ်ပါသည်။

♦ ဒေါသသည် မီးခြစ်ဆံနှင့်တူသည်ဟု ဖွင့်ဆိုချင်ပါသည်။

♦ မီးခြစ်ဆံတွင် ခေါင်းသာရှိ၍ ဦး နှောက်မရှိပေ။ ဒေါသထွက်လာပြီဆိုလျှင် ဦးခေါင်းရှိသော လူသားသည်လည်း အမှားအမှန်ခွဲခြားနိုင်သော ဆင်ခြင်တုံ တရား ကင်းမဲ့သွားတတ်၏။

♦ တစ်စုံတစ်ခုနှင့် မီးခြစ်ဆံခေါင်းပွတ် တိုက်မိလိုက်သည်နှင့်၊ ခြစ်လိုက်သည် နှင့် မီးထတောက်၍ ပတ်ဝန်းကျင်တွင် မီးလောင်နိုင်သော အရာများရှိပါက လောင်ကျွမ်းစေနိုင်၏။ ထို့အတူ မီးခြစ်ဆံ ကိုယ်တိုင်ကလည်း လောင်ကျွမ်းသွားပြီး နောက်ဆုံး၌ ပြာဖြစ်သွားရ၏။ အကြောင်း တစ်စုံတစ်ရာကြောင့် ဒေါသထွက်ပြီဆို လျှင်လည်း ပတ်ဝန်းကျင်ကို အနှောင့်အ ယှက်ဖြစ်စေ၏။ ထိခိုက်စေ၏။ ထို့အတူ ဒေါသအလျောက် အမှားအယွင်းပြုလုပ်မိလျှင် မိမိဘဝတစ်ခုလုံး ပျက်စီးသွားနိုင်၏။ ထို့ပြင် ဒေါသမီးကြောင့် မိမိခန္ဓာကိုယ်၌ လည်း ချက်ချင်းပင် ကျန်းမာရေး ထိခိုက် ရလေသည်။

♦ သို့ဖြစ်ရာ ဒေါသဖြစ်လိုစိတ်ပေါ် လာတိုင်း၊ စတင်၍ ဒေါသထွက်လာတိုင်း မီးခြစ်ဆံလေးတစ်ဆံကို မိမိစိတ်ထဲက မြင်ယောင်မိရန် လိုအပ်လှပေသည်။

♦ ဒေါသစိတ်ကို မျိုသိပ်မထားဘဲ တစ်နည်းနည်းဖြင့် ပြေရာပြေကြောင်း အတွက် မိမိအမြင်ဖြင့် မဟုတ်ဘဲ အခြား သူများဘက်မှနေ၍ စဉ်းစားပါ။ အဆိုးမြင် ဝါဒ(Pessimism)အစား အကောင်းမြင် ဝါဒ(Optimism) ဖြင့် အပြုသဘောဆန်း စစ်သုံးသပ်ကြည့်ပါ။ အခြားသူတို့၏အမှား ကို ခွင့် လွှတ်နိုင်သမျှ ခွင့်လွှတ်လိုက်ပါ။ သင် ခွင့်လွှတ်လိုက်သည်နှင့် မိမိပခုံးပေါ် မှ ဒေါသအစိုင်အခဲကြီးကို အောက်သို့ ပစ် ချလိုက်သည့်ပမာ ပေါ့ပါးသွားပေလိမ့်မည်။

♦ “ခွင့်လွှတ်ခြင်းသည် အမြင့်မြတ်ဆုံး သော လက်စားချေနည်းပင်ဖြစ်သည်” (The noblest revenge is forgiveness)ဟု ပညာရှင် ဟင်နရီဂျီဘွန်း (Henry G Bohn)က ဖွင့်ဆိုခဲ့ပါသည်။

♦ မိမိကိုယ်မိမိအားလည်းကောင်း၊ အခြားသူများအပေါ်၌လည်းကောင်း ခွင့်လွှတ်တတ်ခြင်းသည် ပစ္စုပ္ပန်ကာလ၌ ပျော်ရွှင်စွာ နေထိုင်နိုင်မည့် နည်းလမ်း ကောင်းတစ်ရပ်ဖြစ်ပါသည်။ အတိတ်ကာလမှ ဖြစ်ရပ်များကို ခွင့်မလွှတ်နိုင်လျှင် ပစ္စုပ္ပန်ကာလတွင် ပျော်ပျော်ရွှင်ရွှင် မနေနိုင်၊ မလုပ်ကိုင်နိုင်ဘဲ အနာဂတ်တွင် ဖြစ်ပေါ်ရရှိလာမည့် ရလဒ်ကောင်းများကို လည်း ဆုံးရှုံးရမည် ဖြစ်ပေသည်။

♦ ဒေါသမပြေသေးလျှင် အခြားကိစ္စများသို့ အာရုံပြောင်းပေးပါ။ (ဥပမာ ဒေါ သထွက်နေလျှင် မိမိဝါသနာပါရာ အား ကစားကို ပြင်းပြင်းထန်ထန်လုပ်ခြင်း၊ ရုပ် ရှင်ကြည့်ခြင်း၊ သီချင်းနားထောင်ခြင်း၊ စာအုပ်ဖတ်ခြင်း၊ Facebook သုံးခြင်း)

♦ ဒေါသပြေစေရန် ရေအေးအေး လေးတစ်ခွက် သောက်လိုက်ပါ သို့မဟုတ် စိတ်ကြည်လင်လန်းဆန်းလာ အောင် ရေချိုးလိုက်ပါ။ သကြားလုံးငုံခြင်း၊ အချိုစာများ စားလိုက်ခြင်းသည်လည်း ဒေါသကို ပြေပျောက်စေနိုင်သည်ဟု အ ချို့က ယူဆကြသည်။

♦ အချို့စိတ်ပညာရှင်များကလည်း ဒေါသဖြစ်လာလျှင် အာရုံပြောင်းသွားစေရန် နံပါတ် (၁) မှ (၁၀၀)အထိ အစဉ်လိုက် စိတ်ထဲတွင် ရွတ်ဆိုကြည့်ပါဟု အကြံပေး တတ်ကြသည်။

♦ ထိုသို့မှ ဒေါသမလျော့သေးလျှင် မည်သူ့ကိုမျှ မထိခိုက်နိုင်သောနည်း (ဥပမာ လေထဲသို့ လက်သီးဖြင့်ထိုးခြင်း၊ အသံလုံသောနေရာတွင် မိမိစိတ်ဆိုးနေ သောသူကို ဒေါသအလျောက် အားရပါးရ ကြိမ်းဝါးခြင်း)တို့ဖြင့် ဒေါသကို ထွက်ပေါက် ပေးပါ။

♦ အကောင်းဆုံးနည်းမှာ ဒေါသကို စ နစ်တကျ မှန်ကန်စွာ အသုံးချခြင်းဖြစ်၏။ မိမိကို လူတစ်ဦးတစ်ယောက်က မခံချင် စရာ၊ ဒေါသဖြစ်ချင်စရာ ပြောဆိုလျှင် မိမိ ၏အားနည်းချက်ကို ပြုပြင်ပြီး ထိုသူထက် အစစအရာရာသာအောင်၊ ထူးချွန်အောင် ပြုပြင်၍ အစွမ်းကုန်ကြိုးစားပါ။ ထိုသူ ထက် အဘက်ဘက်ကသာပြီဆိုလျှင် အ လိုအလျောက် သူ့ကို အနိုင်ယူပြီးသား ဖြစ်ပေလိမ့်မည်။

♦ မိမိအပေါ် တရားဥပဒေအရ ငြိစွန်း သောအပြုအမူတို့ဖြင့် စော်ကားလျှင်မူ ဒေါ သအလျောက်မတုံ့ပြန်ဘဲ ဥပဒေအတိုင်း အရေးယူရန်သာ ကြိုးစားရမည်။

♦ ဒေါသထွက်သည့်အလျောက် မခံ ချင်စိတ်ဖြင့် တိုးတက်ရာ တိုးတက် ကြောင်း ပြင်းထန်စွာ ကြိုးစားလျှင် အောင် မြင်ရလိမ့်မည် ဖြစ်ချေသည်။

♦ သို့ဖြစ်ရာ ဒေါသ(အမျက်ထွက် ခြင်း)သည် အပြစ်ဖြစ်၏။ ခန္တီစ သည်းခံ ခြင်းတရားကို လက်ကိုင်ထား၍ ခွင့်လွှတ် နိုင်လျှင် ကောင်း၏။ သည်းမခံနိုင်လျှင် ဒေါသပြေရာပြေကြောင်း စဉ်းစားပါ။ ဒေါ သမပြေသေးလျှင် အခြားအာရုံသို့ပြောင်း ပါ။

♦ ပြင်းထန်သည့် ဒေါသစိတ်ကို မ လျှော့ဘဲ၊ အာရုံမပြောင်းဘဲ သည်အတိုင်း မျိုသိပ်မထားပါနှင့်။ သင့်ကျန်းမာရေးကို ထိခိုက်နိုင်ပါသည်။

♦ လိုအပ်လျှင် အန္တရာယ်ကင်းသည့် နည်းဖြင့် သင့်ဘဝအောင်မြင်ကြီးပွားရာအတွက် အစွမ်းကုန်ကြိုးစားခြင်းသာ အကောင်းဆုံးဖြစ်ပါသည်။

♥ ဒေါက်တာတင်ထွန်းဦး

Post Author: Good Health Journal