သွေးဆုံးခြင်းအကြောင်း သင် ဘယ်လောက်သိပါသလဲ

သွေးဆုံးတာက အမျိုးသမီးတိုင်း ကြုံတွေ့ရမယ့် ဓမ္မတာပါ။ သွေးဆုံးတယ်ဆိုတာ အမျိုးသမီးတွေ အသက် ၅၀ အရွယ်ဝန်းကျင်မှာ လစဉ်ဖြစ်ပေါ်နေကျ ဓမ္မတာသွေးဆင်းတာမျိုးမဖြစ်ပေါ်တော့တာပါ။ သွေးဆုံးတာနဲ့ ပတ်သက်ပြီး ဘယ်လောက်သိသလဲ လေ့လာကြည့်ကြရအောင်နော် …

၁။ သွေးဆုံးချိန်မှာ မျက်လုံးပုံသဏ္ဌာန် ပြောင်းလဲတတ်လား။
(က) မှန်
(ခ) မှား

A : (က) မှန်
ပြောင်းလဲတာသူများတွေအမြင်မှာသိပ်မသိသာပေမယ့် ကိုယ့်ဘာသာကိုယ်တော့ သတိထားမိမှာပါ။ မျက်ကပ်မှန်တပ်လေ့ရှိသူဆိုရင် မျက်ကပ်မှန်တပ်ရာမှာအဆင်မပြေဖြစ်တာတို့ မျက်စိအမြင် အပြောင်းအလဲဖြစ်တာတို့ ဖြစ်တတ်ပါတယ်။ တချို့တွေမှာဆိုရင်ဖြင့် သွေးဆုံးပြီးနောက် မျက်စိယားယံခြောက်သွေ့တာမျိုးလည်း ဖြစ်တတ်ပါတယ်။

၂။ သွေးဆုံးပြီးနောက် အမျိုးသမီးအများစုမှာ ကိုယ်အလေးချိန်ဘယ်လောက်တက်လာပါသလဲ။
(က) ၂ ပေါင်မှ ၅ ပေါင်
(ခ) ၅ ပေါင်မှ ၈ ပေါင်
(ဂ) ၉ ပေါင်မှ ၁၄ ပေါင်

A : (က) ၂ ပေါင်မှ ၅ ပေါင်
ဘာကြောင့်လဲဆိုတော့ သွေးဆုံးတဲ့အခါ အီစထရိုဂျင်ဟော်မုန်းတွေ လျော့ နည်းလာတာကြောင့် ခန္ဓာကိုယ်ထဲအဆီတွေ ဘယ်လိုဘယ်ပုံစုဆောင်းမယ်၊ ဘယ်နေရာမှာစုဆောင်းမယ်စတာတွေပါ ပြောင်းလဲလာပါတယ်။ အဲဒီအခါမှာကိုယ် အလေးချိန်နည်းနည်းတက်လာပြီး ၀မ်းဗိုက်တစ်ဝိုက်မှာ အဆီတွေစုကာဗိုက် ခေါက်ထူလာတတ်ပါတယ်။ ကျန်းမာရေးနဲ့ပတ်သက်ပြီး အရေးမကြီးပေမယ့် ဒီဗိုက်ခေါက်ပြုတ်ဖို့ကိုတော့ အရင်ထက် ပိုပြီး ကြိုးစားရပါမယ်။

၃။ သွေးဆုံးတဲ့အခါ ဘရာစီယာအတွင်းခံတွေ မတော်တော့ဘူး။
(က) မှန်
(ခ) မှား

A : (က) မှန်
သွေးဆုံးပြီးတဲ့အခါမှာရင်သားတွေ ပုံသဏ္ဌာန်ပြောင်း၊ တင်းမာမှုလျော့ကာ သေးကျုံ့လာတတ်ပါတယ်။ ဒါကြောင့် အသက်ကြီးတဲ့အခါ ဘရာစီယာ Cup size တွေ တစ်ဆင့်နဲ့အထက်လျော့တာမျိုးတွေ ကြုံလာတတ်တာမဆန်းပါဘူး။

၎။ သွေးမဆုံးခင် တစ်နှစ်လောက်အလိုကတည်းက တဖြည်းဖြည်းလျော့ပါးလာလေ့ရှိတယ်။
(က) ဆံပင်
(ခ) အရေပြား
(ဂ) အရိုး

A : (ဂ) အရိုး
အီစထရိုဂျင်ဟော်မုန်းတွေက အရိုးကျန်းမာသန်စွမ်းအောင် ကူညီပေးပါတယ်။ အသက် ၃၅ နှစ်အရွယ်ဝန်းကျင် ရောက်လာတဲ့အခါမှာ အမျိုးသမီးတွေရဲ့ အရိုးတွေကတဖြည်းဖြည်းပါးလွှာလာသလို အားလည်းနည်းလာပါတယ်။ သွေးဆုံးပြီးနောက်မှာတော့ ဒီဖြစ်စဉ်ကြီးက ပိုအရှိန်တက်လာပါတော့တယ်။ ပါးလွှာတဲ့ အရိုးတွေက ပိုကျိုးလွယ်တာကြောင့် အရိုးကျန်းမာသန်စွမ်းအောင် ကယ်လ်စီယမ်အားဖြည့်ဆေးသောက်ပေးရပါမယ်။

၅။ သွေးဆုံးတာက ခန္ဓာကိုယ်အချိုးအဆစ်ကို ပြောင်းလဲစေနိုင်လား။
(က) မှန်
(ခ) မှား

A : (က) မှန်
သွေးမဆုံးခင်မှာ အမျိုးသမီးတွေရဲ့ ခန္ဓာကိုယ်က သစ်တော်သီးနဲ့တူပါတယ်။ တင်ကားပြီး ခါးအောက်ပိုင်းမှာသာ အလေးချိန်တွေ ပိုများနေတတ်တာပါ။ သွေးဆုံးကာလ၀န်းကျင်မှာတော့ သစ်တော်သီးကနေ ပန်းသီးပုံပြောင်းသွားပါတယ်။ ကိုယ်အောက်ပိုင်းက အလေးချိန်တွေက ခါးနဲ့ ၀မ်းဗိုက်တွေဆီရောက်လာပြီး ခါးတုတ်ဗိုက်ပူလာတာကြောင့်ပါ။

၆။ သွေးဆုံးတဲ့အခါ မကြာခဏဆီးသွားတတ်လား။
(က) မှန်
(ခ) မှား

A : (က) မှန်
ဆီးသွားတဲ့အခါ ဆီးအိတ်ကနေ ဆီးတွေ အပြင်ထုတ်ပေးတဲ့ ဆီးလမ်းကြောင်း ပြွန်ဆိုတာရှိပါတယ်။ ဒီပြွန်လေးဟာ သွေးဆုံးတဲ့အခါမှာ ပြွန်နံရံတွေ ပိုပြီး ခြောက်သွေ့ ပါးလွှာကာ ကျုံ့နိုင်ဆန့်နိုင် အားပါလျော့နည်းလာပါတယ်။ ဒါကြောင့်လည်း မကြာခဏဆီးသွားချင်စိတ်ကို ဖြစ်ပေါ်စေတာပါ။ ချောင်းဆိုးတဲ့အခါ၊ ရယ်တဲ့အခါ၊ အလေးအပင်တွေမတဲ့ အခါမျိုးမှာ ဆီးတစ်စက်နှစ်စက်ထွက်ကျတာမျိုးလည်း ဖြစ်တတ်ပါတယ်။ ဒီကြွက်သားတွေ ကျန်းမာကြံ့ခိုင်အောင် လေ့ကျင့်ခန်းတွေလုပ်ပေးရပါမယ်။

၇။ သွေးဆုံးတဲ့အခါ လိင်မှုကိစ္စ အပြည့်အ၀ မခံစားနိုင်တော့ဘူးလား။
(က) မှန်
(ခ) မှား

A : (ခ) မှား
သွေးဆုံးပြီးတဲ့အခါမှာသားအိမ်လမ်းကြောင်းခြောက်သွေ့တာမျိုးဖြစ်နိုင်ပါတယ်။ အီစထရိုဂျင်လျော့နည်းလာမှုကလည်း သားအိမ်လမ်းကြောင်းကျုံ့နိုင် ဆန့်နိုင်အားကို လျော့စေပါတယ်။ ဒါပေမဲ့လည်း သားအိမ်လမ်းကြောင်းအစိုဓာတ်ထိန်းပေးတဲ့ လိမ်းဆေးတွေ၊ အီစထရိုဂျင် ဟော်မုန်းအစားထိုးသောက်သုံးမှုတွေကဒီအခြေအနေကိုထိန်းချုပ်နိုင်ပါတယ်။ ပုံမှန်လိင်ဆက်ဆံခြင်းကလည်းသွေးလည်ပတ်မှုကောင်းစေသလိုသားအိမ်လမ်းကြောင်း ကြွက်သားတွေကိုလည်း ကျန်းမာကြံ့ခိုင်စေပါတယ်။ တချို့အမျိုးသမီးတွေဆိုသွေးဆုံးပြီးနောက် ကိုယ်ဝန်မရနိုင်တော့တာကြောင့် မတော်တဆ ကိုယ်ဝန်ရသွားမှာကို စိုးရိမ်စရာမလိုတော့တာတဲ့အတွက် ပိုပြီးတော့တောင် လိင်ဆက်ဆံရတာအဆင်ပြေတယ်လို့ သိရပါတယ်။

၈။ သွေးဆုံးပြီးနောက် အီစထရိုဂျင်တွေ လျော့နည်းလာလို့ ဒီရောဂါတွေ ဖြစ်နိုင်ခြေ များလာတတ်ပါတယ်။
(က) ဆီးချိုရောဂါ
(ခ) နှလုံးရောဂါ
(ဂ) အရေပြားကင်ဆာရောဂါ

A : (ခ) နှလုံးရောဂါ
အီစထရိုဂျင်ဟော်မုန်းတွေ လျော့နည်းလာတဲ့အခါမှာ နှလုံးတိုက်ခိုက်ခံရမှု၊ လေဖြန်းတာနဲ့ တခြားနှလုံးနဲ့ သက်ဆိုင်တဲ့ ရောဂါတွေ ဖြစ်နိုင်ခြေများလာပါတယ်။ အသက်ငယ်ငယ်ရွယ်ရွယ်နဲ့ သွေးဆုံးတဲ့အခါမျိုး၊ ရောဂါကြောင့် သားဥအိမ်တွေ ထုတ်လိုက်ရတဲ့အခါမျိုးတွေမှာဆိုပိုပြီးတော့ အခြေအနေပြင်းထန်တတ်ပါတယ်။ နှလုံးကျန်းမာအောင်ဂရုစိုက်ပါ။ လေ့ကျင့်ခန်းများများလုပ်၊ အာဟာရမျှတတဲ့ အစားအစာတွေစား၊ ဆေးလိပ်မသောက်ပါနဲ့။

၉။ သွေးဆုံးတာက စိတ်ခံစားမှုတွေပြောင်းလဲစေနိုင်လား။
(က) မှန်
(ခ) မှား

A : (က)မှန်
ဟော်မုန်းအပြောင်းအလဲက စိတ်ခံစားမှုအပြောင်းအလဲကိုပါ ဖြစ်ပေါ်စေပါတယ်။ အသက်ကြီးလာပြီး ခန္ဓာကိုယ်အရွယ်အစားပြောင်းလဲမှုကလည်း စိတ်ဓာတ်ကျစေပါတယ်။ အခြေအနေမဟန် ရင်ဆရာဝန်နဲ့ ပြကြည့်ပါ။ ဟော်မုန်းနဲ့ စိတ်ကျရောဂါသက်သာဆေးတွေပေးကောာင်းပေးနိုင်ပါတယ်။

၁၀။ သွေးဆုံးတဲ့အချိန်မှာ ဘာတွေများ များလုပ်ပေးရမလဲ။
(က) သွားမကြာမကြာတိုက်ပေးရမယ်
(ခ) အရေပြားအစိုဓာတ်ကြွယ်ဝဖို့ လိုးရှင်း များများလိမ်းပေးရမယ်
(ဂ) ဆံပင်ပေါင်းတင်ပေးရမယ်

A : (ခ) အရေပြားအစိုဓာတ် ကြွယ်ဝဖို့ လိုးရှင်းများများ လိမ်းပေးရမယ်
ခန္ဓာကိုယ်မှာအရေပြားက အကြီးဆုံးနဲ့ အမြင်ရဆုံးအစိတ်အပိုင်းပါ။ သွေးဆုံး ခြင်းက အရေပြားကို ခြောက်သွေ့ယားယံစေပါတယ်။ လိုးရှင်းတွေ၊ နေရောင်ကာလိမ်းဆေးတွေများများလိမ်းပေးရပါမယ်။ ရေလည်း များများသောက်ပေးရပါမယ်။ ဆေးလိပ်သောက်တတ်သူဆို ဆေးလိပ် ဖြတ်လိုက်ပါ။

♥ ဒေါက်တာနုမြတ်သိင်္ဂီဦး ♥

Post Author: Good Health Journal

Leave a Reply

Your email address will not be published. Required fields are marked *